ဖဂ္ဂုနသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဖဂ္ဂုနထေရ်သည် အပြင်းအထန် မကျန်းမမာသည့်နေရာသို့ ကြွရောက်တော်မူ ပါရန် အရှင်အာနန္ဒာ၏ ပင့်လျှောက်ထားချက်အရ ကြွတော်မူပြီး ခင်းထားသောနေရာ၌ သီတင်းသုံးတော်မူ၍ အရှင်ဖဂ္ဂုနထေရ်အား ဂိလာနသတင်း မေးမြန်းတော်မူပါသည်။

အရှင်ဖဂ္ဂုနထေရ်က ဦးထိပ်၌ ပြင်းထန်စွာဖြစ်ပေါ်နေသော လေရောဂါနှင့် ဆက်စပ်၍ ထက်လှစွာသောစူးဖြင့် ရိုက်နှက်မှုကိုခံနေရသော ဥပမာဖြင့်လည်းကောင်း၊ အားကောင်းသော ယောက်ျားသည် သားရေလွန်ကြိုးဖြင့် တင်းကြပ်စွာ ရစ်ပတ်ထားသည်ကို ခံနေရသကဲ့သို့ ဦးခေါင်းကိုက်နေသော ဝေဒနာဒဏ်ချက်ကိုလည်းကောင်း၊ နွားသတ်သမားသည် အသွားထက်လှစွာသော သားလှီးဓားဖြင့် နွား၏ဝမ်းဗိုက်ကို ဖောက်ခွဲသကဲ့သို့ ဝမ်းဗိုက်အတွင်း၌ဖြစ်နေသော လေနာရောဂါတို့ကိုလည်းကောင်း၊ အားကောင်းသော ယောက်ျားနှစ်ယောက်တို့သည် အားမရှိသောယောက်ျားကို လက်မောင်းနှစ်ဖက်ကိုဆွဲကိုင်၍ မီးကျီးတွင်း၌ မီးကင်ကြသလို ကိုယ်ခန္ဓာ၌ ပြင်းထန်စွာ ခံစားနေရသော ပူလောင်မှုဝေဒနာကိုလည်းကောင်း သက်သာရာကိုမရဘဲ အပြင်းအထန် ဝေဒနာကို ခံစားနေရပုံကိုလည်းကောင်း လျှောက်ထားပြပါသည်။

ဘုရားရှင်သည် အရှင်ဖနထေရ်အား ဓမ္မကထာကို ဟောကြားတော်မူပြီး ပြန်ကြွတော်မူပါသည်။ ဘုရားရှင် ပြန်ကြွသွားတော်မူပြီး မကြာမီ အရှင်ဖဂ္ဂုန ပျံလွန်တော်မူသွားပါသည်။ ပျံလွန်တော်မူချိန်၌ အရှင်ဖဂ္ဂုန၏ ဣန္ဒြေများက ကြည်လင်နေပါသည်။ ထိုအကြောင်းကို အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားပြပါသည်။ ဘုရားရှင်က အရှင်အာနန္ဒာအား “ဖဂ္ဂုန၏စိတ်သည် ဩရမ္ဘာဂိယ သံယော ဇဉ်ငါးပါးတို့မှ လွတ်မြောက်ပြီးခြင်းကြောင့် ဣန္ဒြေတို့ အထူးကြည်လင်သွားပုံကို ဘုရားရှင် ဟောတော်မူပြီး-

၁။ ဘုရားရှင် ဟောကြားတော်မူအပ်သော ကောင်းခြင်းဥသုံ လုံးဝပြည့်စုံသော တရားတော်ကို ကြားနာရခြင်းကြောင့် ထိုရဟန်းတော်၏စိတ်သည် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့မှ လွတ်မြောက်ခြင်း။

၂။ ဗုဒ္ဓသာဝကထံမှ ကောင်းခြင်းဥသုံ လုံးဝပြည့်စုံသော တရားတော်ကို ကြားနာရခြင်းကြောင့် ထိုရဟန်း၏စိတ်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့မှ လွတ်မြောက်ခြင်း။

၃။ မိမိကြားနာသင်ယူဖူးသောတရားတော်ကို အဖန်ဖန်ကြံစည်, အဖန်ဖန်သုံးသပ်, အဖန်ဖန်ရှုမှတ်ထားသော ရဟန်းတော်၏စိတ်သည် အောက်ပိုင်းသံယောဇဉ် ငါးပါးတို့မှ လွတ်မြောက်ခြင်း။

၄။ ဘုရားရှင် ဟောကြားတော်မူအပ်သော ကောင်းခြင်းဥဿုံ အလုံးစုံပြည့်စုံ သောတရားတော်ကို ကြားနာရသောကြောင့် ထိုရဟန်း၏စိတ်သည် အတု မရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်ခြင်း။

၅။ ဗုဒ္ဓသာဝကအထံမှ ကောင်းခြင်းဥဿုံ အလုံးစုံပြည့်စုံသော တရားတော်ကို ကြားနာရသောကြောင့် ထိုရဟန်း၏စိတ်သည် အတုမရှိသော ဥပဓိကုန်ရာ နိဗ္ဗာန်၌ အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်၏။ မိမိနာကြားဖူး သင်ယူဖူးသော တရားတော်ကို အဖန်ဖန်အထပ်ထပ် ကြံစည်, အဖန်ဖန်သုံးသပ်, အဖန်ဖန်ရှုမှတ်ပွားများသောရဟန်း၏စိတ်သည် အတုမရှိ ဥပဓိကုန်ရာနိဗ္ဗာန်၌ အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်ခြင်း-ဟူသော သင့်လျော်လျှောက်ပတ်သောအခါ အကြောင်းအကျိုးကို ဆင်ခြင်ခြင်း၌ ရရှိနိုင်သော အကျိုးခြောက်မျိုးတို့ကို ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၃၃၃-၆။ အံ၊မြန်၊၂၊၄၂၄-၇။ အံ၊ဋ္ဌ၊၃၊၁၂၆။ အံ၊ဋီ၊၃၊၁၂၁-၂။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ ၆-မဟာဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ