ပြတိုက် မပြတိုက်

ဝီကီပီးဒီးယား မှ
  • ဘလှိုင်ကော်မတီ 'အမျိုးသားပြတိုက် ပစ္စည်းစုပြီး ခင်းကျင်းပြသရန်' အစီရင်ခံစာ ၁၉၄၅။
  • တေလာ (L.F.Taylor) 'မြန်မာပြည်နယ်ပြတိုက်' JBRS XIV, i, I-20 Museum Architecture Museums and Art galleries *Encyclopedia Brittanica XV, 1953, 990-1001
  • လု့စ် (G.H.Luce) 'မြန်မာပြတိုက်တည်ထောင်ဖို့ အလုပ်လျာထားချက်အကြမ်း' JBRS XXXIII, ii, 99-130
  • မင်းနိုင် 'ပြတိုက်လမ်းညွှန်' ၁၉၈၀ တွေကိုလည်း ဖတ်တယ်။
  • အင်ဒိုနေရှား၊ အမေရိက၊ အင်္ဂလန်၊ အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ ဂျပန် စတဲ့ နိုင်ငံတွေက ပြတိုက်ကြီးတွေ လည်း ကြည့်ရှုပြီး မှတ်မိသမျှကိုလည်း ပြန်စဉ်းစားပြီးမှ ဒီစာတမ်းကို ရေးပါသည်။


ပုဂံပြတိုက်သစ်ကို ၁၆၊ ဇွန်၊ ၁၉၉၉ မှာရောက်ခဲ့သည်။ နောက်နှစ်ရက်ဆက်ပြီး သွားသေးတယ်။ ဘေးမြင်ကောက်ကြောင်းပုံ (silhouette) နဲ့ပဲ ရောက်တဲ့နေရာက ဆက်မ သွားပဲ ပြန်ချင်တဲ့စိတ်ပေါက်တယ်။ ဥပမာ ကပ်ပြီးပြောရရင် ပင်လယ်က ဝင်လာတဲ့ သင်္ဘောပေါ်က ရန်ကုန်မြစ်ဝ ရောက်တဲ့အခါ ရွှေတိဂုံဘုရားကြီး၏ ဘေးမြင်ကောက်ကြောင်း ပုံဟာ နှစ်သက်စိတ်၊ ကြည်နူးစိတ် ဗုဒ္ဓသာသနာအကြောင်း ပိုသိချင်တဲ့စိတ်တွေ ပေါ်လာတယ်။ ငါမရောက်မနေ သွားကြည့်ရမယ့်နေရာဟာ ဘုရားကြီးပဲလို့ စိတ်မှာစွဲယူ သတ်မှတ်မိတယ်။ ပုဂံ ပြတိုက်က အဲဒါရဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ပုံထုတ်တဲ့ ပိသုကာတွေကို အထင်သေးမိ တယ်။ ပုဂံ ကြည်နူးနှစ်သက် ကြည်ညိုစရာ ဘေးမြင်ပုံလောင်း (silhouette) ကို ဖျက်ဆီးသူ တွေလို့ စိတ်မှာထင်မိတယ်။ ကျွန်တော်တို့ ပုဂံရောက်နေတဲ့ ရက်မှာ မြန်မာဗိသုကာအသင်း ကလည်း ကုမုဒြာဟိုတယ်မှာ လူလေးဆယ်ကျော်တည်းခိုပြီး ပုဂံဘုန်းကြီးကျောင်း ဆွေးနွေးပွဲ (seminar) နှစ်ရက်လုပ်တယ်။ မင်းဘူးအောင်ကြိုင်ကို တလေးတစားဖိတ်ပြီး သူပြောတာတွေ ကို ဂရုတစိုက် နားထောင်မှတ်သားကြတယ်။ သူတို့ထဲက ခေါင်းဆောင်တယောက်ကပဲ ပုဂံ (silhouette) ပျက်သွားပြီလို့ ပြောပါတယ်။ အလှ အယဉ် အမြင့် ဆိုတဲ့ အာနန္ဒာ၊ ဂေါ်တောပုလ္လင်၊ သဗ္ဗညု ဂူကျောင်းဘုရားစေတီတွေ တိမ်ပြီး (fade out) ရှုခင်းထဲက မှိန်ထွက် သွားတယ်။ တိုင်းတပါးမှာ လန်ဒန်စိန်ပေါဘုရားရှိခိုးကျောင်းနားမှာ မိုးမျှော်တိုက် (skyscraper) ကြီး မဆောက်ရ။ ဆူးလေဘုရားနားမှာ လမ်းကူးတံတားကြီးတွေ၊ တိုက်မြင့်ကြီးတွေ ဝင်လာ တော့ ဆူးလေဘုရားဟာ မူလနေရာက မရွေ့ဘဲ ပျောက်သွားတယ်။ ရှိဂါကို (Chigaco) မှာ အထပ်ငါးဆယ် ခြောက်ဆယ်ဝိုင်း (loop) ထဲမှာ အင်ပါယာစတိတ် (Empire State building) က အထပ်တရာ့သုံးဆယ်ထပ်နဲ့ ဆောက်ထားပေမယ့် မင်ရှီဂန်(Michigan) ရေကန်ကြီးထဲက မြင်နေကျ မြို့ဘေးမြင်လိုင်းကောက်ကြောင်းပုံဟာ ပျက်မသွားဘူး။ တိဗက်(Tibet) က လာဆာ (Lhasa) မြို့တော်ခြေက တောင်ထိပ်ထိ ခံတပ်နန်းတော်ကြီး (Potala) ဆောက်တော့လည်း လာဆာ (silhouette) ပျက်မသွားဘူး။ မန္တလေးမှာ မြေနန်းပြာသာဒ်ကို ပြတိုက်လုပ်တာကမှ တော်သေးတယ်။ အေးဗျာ၊ ပုဂံမြင်ကွင်းတော့ အတော်များများ ပျက်သွားပြီ။

ပြာသာဒ်မုခ်တံခါးက ဝင်လိုက်ရင် ပျူစောထီးကို တွေ့ပြီး နေနတ်သားနဲ့ နဂါးမ ရလို့ မွေးတယ်လည်းဆိုသေး၊ နတ်နဂါးကပြားက လူနဲ့တူနေတယ်။ သူကိုင်တဲ့လေးက မွန်ဂို လေးသည် (Mongol archor) ရဲ့ လေးဆိုရင် တော်သေးတယ်။ ရာမဇာတ်ထဲက လေးဖြစ်လို့ ခက်နေတယ်။ သူဖြိုခွင်းရမယ့် ရန်သူတွေက အားမာန်အပြည့်နဲ့ သူရပ်တဲ့ ခုံအောက်ရောက် နေတယ်။ သူက နှိမ်နင်းပြီးပြီ ဆိုရင်လည်း အဲဒီအကောင်တွေဟာ ပက်လက်လန်နေဖို့ မကောင်းလား။ ပုံပြင်ထဲမှာ အသေသတ်တယ်လို့ ကြားရဖူးတယ်။

ပြတိုက်အဝင်မှာပဲ ကျောက်ကူဥမင်စိန်ဘောင်ကို အပြန်ပြန် အထပ်ထပ် လုပ်ထားတာ ကို တွေ့တော့ စိတ်ညစ်သွားတယ်။ အလှဆင်တာ လွန်လွန်းတော့ မလှတော့ဘူး။ တံတောင်ဆစ်အထိ ရွှေလက်ကောက်တွေ အပြည့်ဝတ်ထားတဲ့ ငါးစိမ်းသည်ကို မြင်ရတော့ ဘာမှ မပြောတာ ကောင်းပါတယ်လို့ ငြိမ်နေလိုက်တယ်။ အနီးကပ်မြင်ကွင်းမှာ သူ့ထက်ဆိုး တာက ရှိပါသေးတယ်။ လူတဖက်ရှိတဲ့ တိုင်လုံးကြီး (column)တွေပါပဲ။ တိုင်လုံးကြီးဆိုရင် ကြီးတာနဲ့ (propotionate) ကိုက်အောင်၊ ရှည်ရတယ်။ ခုတော့ သုံးဆစ်ဖြတ်ပြီး ခါးပန်းနှစ်ခု ပတ်ထားတယ်။ ထည်ဝါခန့်ညားတဲ့ ဟန် ပျက်သွားပြီ။ စံပြုရတဲ့ ရိုးရာ (classical) ဗိသုကာ (Architecture) မှာ တိုင်ကြီး (column) ဆိုရင်၊ လုပ်မြဲစနစ်က ဖိနပ် (base) တိုင်ရှည် (shaft) တိုင်ထိပ်(capital) နဲ့ ထိပ်စီး(entablature) ဆိုတဲ့ အင်္ဂါလေးပါး ပြည့်စုံရတယ်။ တိုင်ရှည်၊ တိုင်ဖြောင့်ကြီးမှာ ဘာမျှ အကပ်အတွယ် အနှောင့်အယှက် မရှိစေရ၊ ထိပ်စီးမှာ အောက်ဆုံးက ရက်မ (Architravis) အဲဒီအပေါ်က ပန်းဆွဲ (frieze) (တခါတရံ ပန်းမဆွဲပဲ ပြောင်ထားတတ်ပါတယ်) ပန်းဆွဲအပေါ်ဆုံးက ဖောင်း(cornice) ကို မျက်နှာကျက်မှာ ဆွဲလိုက် ပါတယ်။ တိုင်ရှည်ကြီး (Doric) တပ်စကင်(Tuscan) အိုင်အိုနစ် (Ionic) ကော်သီယန် (Corinthian) ဆိုပြီး လေးမျိုးရှိတယ်။ မြန်မာမှာ ဒါမျိုး မရှိဘူး။ အနောက်တိုင်းမှာ ရှိတာကို ယူရင်လည်း အချိုးအစားကျအောင် ယူပါလို့ပဲ ပြောချင်တယ်။ အခု ယူထားပုံက အချိုးအစားကို လည်း ဖျက်တယ်။ ပြီးတော့ ယွန်းထိုးထားတယ်။ စပ်ဟပ်ပုံကို မကြိုက်ပါ။

ပြတိုက်ဝင်ပစ္စည်း (museum piece) ကို တင်ပြ (exhibit) တဲ့အခါ လာကြည့်တဲ့သူကို ပစ္စည်းမပြ။ တင်တဲ့ခုံပဲ ကြည့်ပေတော့လို့ ဆိုသလို ဖြစ်နေတယ်။ ပစ္စည်းတင်တဲ့ခုံဟာ ခိုင်ခံ့ဖို့လိုသလို ပြချင်တဲ့ပစ္စည်းကို ခုံအလှက လွှမ်းမိုးမသွားအောင် ဆင်ခြင်ရမယ်။ အပြောက်အမွှမ်းတွေ ကနုတ်တွေ မလိုပါ။ တန်ခိုးကြီးဘုရား ဂေါပကက မှန်ဘီရိုတခုထဲမှာ ပစ္စည်းတွေ တပုံစီ ပြထားတာကမှ ဟန်ကျသေးတယ်လို့ ထင်မိတယ်။ ပုဂံခေတ် ဘုရားဆင်းတုတွေကြားထဲမှာ ခုမှလုပ်တဲ့ အနော်ရထာ မတ်ရပ်ရှင်၊ ကျန်စစ်သား မတ်ရပ်ရှင်တွေ ပါမနေသင့်ဘူး ထင်ပါတယ်။ အာနန္ဒာထဲမှာ အရဟံနဲ့ ကျန်စစ်သား၊ အဘယ်ရတနာထဲမှာ အဘယ်ရတနာမိဖုရားဆိုပြီး ရွှေကြိုတွေက လက်ညှိုးထိုး ပြ နေတာကမှ တော်လိမ့်ဦးမယ်။ အခုလုပ်ပုံက မတော်ပါ။ ပုဂံပုံကျယ် (panoramic view) ကတော့ မဆိုးပါဘူး။ ပြတိုက်အစောင့်အထိန်းနဲ့ လမ်းညွှန်လမ်းပြတွေက တော်တယ်။ ကျွန်တော်တို့လည်း သူတို့မကြားအောင် အချင်းချင်း လက်ကုတ်ပြီး အတင်းပြောပါတယ်။ ရာဇကုမာကျောက်စာထဲမှာ ဂြီတိတြပဝရဓမ္မရာဇာက သူ့သားတော် လုပ်သမျှ ကောင်းတယ်ကွ (သာဓု)၊ ကောင်းတယ်ကွ (သာဓု) လို့ နှစ်ခါပြောသလို ပြောခဲ့ပါတယ်။

သန်းထွန်း

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

-၁၃၆၅ ခု၊ ဝါခေါင်လဆုတ် ၃ ရက်။ ဩဂုတ်လ ၁၅ ၂၀၀၃ မှာထုတ် မာယာမဂ္ဂဇင်း