ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် | |
---|---|
People's Liberation Army - PLA | |
![]() | |
အထွေထွေအတွင်းရေးမှူး | နီနီကျော် |
တည်ထောင်ခြင်း | မတ် ၂၀၂၁၊ ၁၅ |
စတင်လှုပ်ရှားခြင်း | |
သစ္စာခံ | ဗမာပြည် ကွန်မြူနစ်ပါတီ |
နိုင်ငံရေးအယူဝါဒ | ကွန်မြူနစ်ဝါဒ |
မဟာမိတ် |
|
ပြိုင်ဘက်များ | ![]() |
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (အင်္ဂလိပ်: People's Liberation Army) သည် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် ဖွဲ့စည်းထားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ရပ်တည်သည်။[၂]
ပေါ်ပေါက်လာပုံ
[ပြင်ဆင်ရန်]PLA ကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အမာခံကေဒါ ၃၂ ဦးဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အခြေစိုက်ရာ လိုင်ဇာ၌ စတင်ဖွဲ့စည်းခဲ့သည်။ PLA အဖွဲ့ဝင်များသည် KIA ထံတွင် စစ်ပညာသင်ယူခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ အကူအညီဖြင့် လက်နက်များ တပ်ဆင်ခဲ့သည်။ ၎င်း၏ဖွဲ့စည်းမှုသည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ ပြိုကွဲပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ပါတီ၏ စစ်ရေးလက်တံကို ပြန်လည်ဆန့်ထုတ်လာခြင်း ဖြစ်သည်။
ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ
[ပြင်ဆင်ရန်]PLA ၏ အဓိကရည်မှန်းချက်မှာ အဖိနှိပ်ခံပြည်သူများအတွက် တိုက်ပွဲဝင်ရန်နှင့် လက်နက်ကိုင်တော်လှန်ရေးဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းရန် ဖြစ်သည်။ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်မြင်ပြီးပါက ပစ္စည်းမဲ့လူတန်းစား ဦးဆောင်သော ပြည်သူ့ဒီမိုကရေစီအာဏာကို ထူထောင်ကာ တန်းတူသွေးစည်းသည့် ပြည်သူ့ဒီမိုကရေစီသမ္မတနိုင်ငံတော်သစ်ကို တည်ဆောက်ရန်လည်း ရည်မှန်းထားသည်။
ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုနယ်မြေ
[ပြင်ဆင်ရန်]လက်ရှိတွင် PLA တပ်မတော်သည် အင်အား ထောင်နှင့်ချီရှိပြီး စစ်ဒေသ လေးခုနှင့် မြို့ပြလုပ်ငန်းဟူ၍ ခွဲခြားလှုပ်ရှားသည်။ စစ်ဒေသများမှာ-
- စစ်ဒေသ (၁) - စစ်ကိုင်းတိုင်း
- စစ်ဒေသ (၂) - တအာင်းဒေသ
- စစ်ဒေသ (၈) - တနင်္သာရီတိုင်း (တောင်ပိုင်း)
- စစ်ဒေသ (၉) - ကိုးကန့်ဒေသ
PLA သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးဦးဆောင်မှုအောက်ရှိ ဗဟိုနိုင်ငံရေးဌာနက လည်ပတ်ပြီး တပ်ဖွဲ့ဝင်များ လိုက်နာရမည့် "တပ်မတော်သားလက်စွဲ" ကိုလည်း ထုတ်ပြန်ထားသည်။ ဤလက်စွဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လုပ်ငန်းစဉ်၊ သဘောတရားအခြေခံ၊ စည်းရုံးရေးမူ၊ တပ်မတော်၏ ကြန်အင်လက္ခဏာနှင့် တော်လှန်ရေးရည်မှန်းချက်များ ပါဝင်သည်။
မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှု
[ပြင်ဆင်ရန်]PLA သည် အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်လပ်ရေးအတွက် စစ်အာဏာရှင်စနစ် လုံးဝအမြစ်ပြတ်ရေးကို ပန်းတိုင်အဖြစ် သတ်မှတ်ထားသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို မဟာမိတ်ပြုလုပ်သည်။ မဟာမိတ်ဖွဲ့စည်းရေး အခြေခံမူမှာ "တူတာတွဲလုပ် မတူတာခွဲလုပ်" ဖြစ်သည်။ တပ်ပေါင်းစုဖွဲ့စည်းရာတွင် လက်တွေ့အခြေအနေများနှင့် ဆီလျော်အောင် ဒေသဆိုင်ရာ စစ်ရေးအခြေခံသည့် တပ်ပေါင်းစုများကို တည်ဆောက်ရန် ရည်ရွယ်သည်။
၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ PLA သည် စစ်အုပ်စုကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်လာခဲ့သည်။ ၎င်းတို့၏ လှုပ်ရှားနယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အခြားဒေသခံတော်လှန်ရေးလက်နက်ကိုင်အင်အားစုများနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။ ထို့အပြင် မကွေးတိုင်းအခြေစိုက် People’s Democratic Army (PDA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BRNA) တို့နှင့်လည်း မဟာမိတ်ပြုလုပ်ထားသည်။
ထင်ရှားသည့် လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ - မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် PLA တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင် တိုက်ပွဲဝင်ခဲ့သည်။ ဤစစ်ဆင်ရေးကို ကိုးကန့်ဒေသတွင် စုဖွဲ့သည့် မဟာမိတ်အင်အားစု ၆၁၁ ဖြင့် ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PLA လည်း ပါဝင်ခဲ့သည်။
သိန္နီမြို့သိမ်းတိုက်ပွဲ - ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် သိန္နီမြို့သိမ်းတိုက်ပွဲတွင် PLA ရဲဘော် ၁၂ ဦးအထိ ကျဆုံးခဲ့သည်။ ၎င်းတို့ကို "သိန္နီတိုက်ပွဲ အာဇာနည်" များအဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် PLA က ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။
စစ်ကိုင်းတိုင်း စစ်ဒေသ (၁) - စစ်ကိုင်းတိုင်း စစ်ဒေသ (၁) အတွက် တိုင်းတပ်ဖွဲ့ကို စတင်တည်ဆောက်သူ နိုင်ငံရေးမှူး ရဲဘော် နှင်းမောင် (ခ) ရဲဘော်အောင်ဘညိုသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်မှု
[ပြင်ဆင်ရန်]PLA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ် မဟုတ်သော်လည်း MOD ၏ အဆင့်ဆင့်ကွပ်ကဲမှုအောက်၌ ပူးတွဲလှုပ်ရှားသည်ဟု မီဒီယာများက ဖော်ပြသည်။ သို့သော် အမှတ် (၁) စစ်ဒေသ စစ်ကိုင်းတိုင်းအတွင်း၌ လှုပ်ရှားနယ်မြေဆိုင်ရာ ပြဿနာများ ရှိခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း PLA တပ်ဖွဲ့များ၏ ဖြတ်သန်းသွားလာမှုကို MOD လက်အောက်ခံတပ်ရင်းများက ဟန့်တားခဲ့ခြင်းကြောင့် ညီညွတ်ရေးနှင့် ပြည်သူ့ယုံကြည်မှုကို ထိခိုက်နိုင်ကြောင်း အမှတ် (၁) စစ်ဒေသ၊ ဒေသကော်မတီက ထုတ်ပြန်ခဲ့ဖူးသည်။
လူမှုရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် PLA သည် ၎င်းတို့အခြေစိုက်ရာ စစ်ဒေသများအတွင်းရှိ မဟာမိတ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် စစ်ရှောင်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် လူထုကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
အမျိုးသမီးများ ပါဝင်မှု
[ပြင်ဆင်ရန်]PLA တွင် အမျိုးသမီးများ၏ ပါဝင်မှုသည် အားကောင်းသည်။ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက အမှတ် (၁) စစ်ဒေသတွင် ပြုလုပ်ခဲ့သော အခြေခံစစ်ပညာသင်တန်းတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း ၂၀ အထိ ရှိခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedThar 2023
- ↑ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်။ Spring Sprouts။ ၁၉ ဇွန် ၂၀၂၅ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2025 တွင် ပြန်စစ်ပြီး။