ပြည်သူပိုင်သိမ်းခြင်း (မြန်မာနိုင်ငံ)
ပြည်သူပိုင်သိမ်းခြင်း (အင်္ဂလိပ်: Nationalization) ဆိုသည်မှာ ပုဂ္ဂလိက သို့မဟုတ် ကုမ္ပဏီတစ်ခုခု၏ လက်ဝယ်ရှိသော ပိုင်ဆိုင်မှု၊ မြေယာ၊ စက်ရုံ၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှုများကို နိုင်ငံတော် (သို့) အစိုးရက အတင်းအကျပ် သိမ်းယူပြီး ပြည်သူပိုင် သို့မဟုတ် နိုင်ငံတော်ပိုင် ပစ္စည်းအဖြစ် ပြောင်းလဲသိမ်းခြင်းကိုဆိုလိုသည်။ဤသို့ သိမ်းယူရာတွင် မူလပိုင်ရှင်အား လျော်ကြေးငွေ ပေးအပ်ခြင်း ရှိ/မရှိမှာ နိုင်ငံ၏ ဥပဒေနှင့် မူဝါဒအပေါ် မူတည်၍ ကွဲပြားတတ်သည်။ ပုံမှန်အားဖြင့် အပြည့်အဝ ပြည်သူပိုင်သိမ်းခြင်းနှင့် တစ်စိတ်တစ်ပိုင်း ပြည်သူပိုင်သိမ်းခြင်းဟူ၍ နှစ်မျိုးရှိသည်။ အဓိက ရည်ရွယ်ချက်များမှာ မဟာဗျူဟာကျသော စက်မှုလုပ်ငန်းများကို နိုင်ငံတော်က တိုက်ရိုက်ထိန်းချုပ်ရန်၊ သဘာဝသယံဇာတများကို နိုင်ငံတော်၏လက်ဝယ်တွင် ထားရှိရန်၊ စီးပွားရေးကို ဗဟိုမှ စီမံခန့်ခွဲရန် သို့မဟုတ် နိုင်ငံရေးပြိုင်ဘက်များ၏ စီးပွားရေးအရင်းအမြစ်များကို ချေမှုန်းရန်တို့ ဖြစ်သည်။[၁]
မြန်မာနိုင်ငံတွင် ပြည်သူပိုင်သိမ်းခြင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်တွင် ပြည်သူပိုင်ပစ္စည်းများ သိမ်းယူခြင်းနှင့် ပတ်သက်၍ဥပဒေမှများကို ပြဋ္ဌာန်းခဲ့သည်။အထူးသဖြင့်၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အကျယ်တဝင့်ပြဋ္ဌာန်းခဲ့ပြီး“မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်” ကျင့်သုံးခဲ့သည့် ကာလ (၁၉၆၂-၁၉၈၈) တွင် အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင် ဘဏ်၊ ရေနံ၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေးကဏ္ဍများအထိ ကျယ်ပြန့်စွာ ပြည်သူပိုင်သိမ်းခြင်း ခံခဲ့ရသည်။[၂][၃]၂၀၂၁ ခုနှစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကာ “အကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း ဥပဒေ” ကိုထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် နီးစပ်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများကို ဆက်တိုက်သိမ်းယူခဲ့သည်။[၄]
| ခုနှစ် | ဖြစ်ရပ် အကျဉ်း |
|---|---|
| ၁၉၄၈ | မြေယာအမျိုးသားပိုင်သိမ်းခြင်းအက်ဥပဒေ ပြဋ္ဌာန်း (မြေယာအားလုံး နိုင်ငံတော်ပိုင်) |
| ၁၉၅၃ | မြေယာအမျိုးသားပိုင်သိမ်းခြင်းဥပဒေ ပထမအကြိမ် ပြင်ဆင် |
| ၁၉၆၂ | အာဏာသိမ်းပြီး ကိုယ်ပိုင်ကျောင်း ၈၁၄ ကျောင်း ပြည်သူပိုင်သိမ်း |
| ၁၉၆၃ ဖေဖော်ဝါရီ ၂၃ | ဘဏ် ၃၁ ဘဏ် ပြည်သူပိုင်သိမ်း (နိုင်ငံခြားဘဏ် ၁၄ ခု၊ ပြည်တွင်းဘဏ် ၁၀ ခု) |
| ၁၉၆၃ အောက်တိုဘာ ၁၉ | "လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်း ဥပဒေအသစ်" ပြဋ္ဌာန်း |
| ၁၉၆၃–၁၉၇၂ | စုစုပေါင်း လုပ်ငန်း ၁၅,၀၀၀ ခန့် ပြည်သူပိုင်သိမ်း |
| ၁၉၆၄ မေ ၁၇ | ၅၀ တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများ တရာဝင်အဖြစ်မှရုပ်သိမ်းခြင်း (ငွေကြေးပြုပြင်ပြောင်းလဲမှု – Demonetization) |
| ၁၉၆၄ | ကြေးမုံ၊ ဗိုလ်တထောင်၊ ဂါဒီယန်း နေ့စဉ် သတင်းစာများ ပြည်သူပိုင်သိမ်းခြင်း |
| ၁၉၈၇ | မြန်မာနိုင်ငံ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ စာရင်းဝင် |
| ၁၉၉၀–၂၀၁၀ | နေဝင်းခေတ်က သိမ်းထားသော မြေယာ၊ အဆောက်အအုံ၊ စက်ရုံ၊ သတင်းစာတိုက်များ လေလံတင်ရောင်းချခြင်း (မူလပိုင်ရှင်များ ပြန်မရ) |
| ၂၀၂၁ မတ် ၈ | မဇ္ဈိမ၊ DVB၊ 7 Days ၊ Myanmar Now ၊ ရန်ကုန်ခေတ်သစ် အပါအဝင် သတင်းဌာန ၅ ခု ထုတ်ဝေခွင့် ပိတ်သိမ်း |
| ၂၀၂၂ ဧပြီ ၂၆ | "အကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း ဥပဒေ" ထုတ်ပြန် (CRPH၊ NUG၊ PDF နှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းရန်) |
| ၂၀၂၂ အတွင်း | သတင်းဌာန ၁၄ ခုနှင့် စာပေတိုက်/ပုံနှိပ်တိုက် ၆ ခု လိုင်စင်ရုပ်သိမ်း (ဧရာဝတီ အပါအဝင်) |
| ၂၀၂၄ | Myanmar Witness အစီရင်ခံစာအရ သိမ်းဆည်းခံရသော ပစ္စည်းတန်ဖိုး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံကျော် |
ဖဆပလ အစိုးရလက်ထက် (၁၉၄၈–၁၉၆၂)
[ပြင်ဆင်ရန်]လွတ်လပ်ရေးရပြီးစကာလ (၁၉၄၈–၁၉၆၂) တွင် ဦးနု ဦးဆောင်သော ဖဆပလ အစိုးရသည် ဆိုရှယ်လစ်သမ္မတနိုင်ငံတော် တည်ဆောက်ရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ ထိုမူဝါဒ၏ အဓိကကျသော အစိတ်အပိုင်းများမှာ မြေယာပြုပြင်ရေး၊ ပြည်သူပိုင်သိမ်းခြင်းနှင့် ဆိုရှယ်လစ်စက်မှုစီမံကိန်းများ ဖြစ်သည်။[၅]
မြေယာအမျိုးသားပိုင်သိမ်းခြင်းအက်ဥပဒေပြဋ္ဌာန်းခြင်း (၁၉၄၈)
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)၏ အခန်း (၁) ပုဒ်မ (၂၃) နှင့် (၂၄) တွင် “မြေယာအားလုံး၏ နောက်ဆုံးပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်သည်” ဟု သတ်မှတ်ခဲ့သည်။[၆]ယင်းအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ရန် ၁၉၄၈ ခုနှစ် အောက်တိုဘာလတွင် "မြေယာအမျိုးသားပိုင်သိမ်းခြင်းအက်ဥပဒေ" (Land Nationalization Act) ကို ပြဋ္ဌာန်းခဲ့သည်။[၇]ဤဥပဒေသည် မြေရှင်ကြီးများ၏ လက်ဝယ်ရှိ မြေယာများကို အစိုးရမှ သိမ်းယူပြီး လယ်သမားတစ်ဦးလျှင် အများဆုံး ၂၀ ဟက်တာ (ဧက ၅၀ ခန့်) အထိ ခွဲဝေပေးအပ်ရန် ရည်ရွယ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ၎င်းအက်ဥပဒေကို ပထမအကြိမ် ပြင်ဆင်ခဲ့သည်။ ၁၉၅၃ ခုနှစ် မြေယာအမျိုးသားပိုင်သိမ်းခြင်း (ပြင်ဆင်ရေး) အက်ဥပဒေ (Land Nationalization (Amendment) Act, 1953) အရ သိမ်းယူမည့် မြေယာအများဆုံးပမာဏနှင့် ဖြန့်ဝေမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ခဲ့သည်။[၈] ၁၉၅၂ ခုနှစ်တွင် မြေယာအမျိုးသားပိုင်သိမ်းရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သော်လည်း အကောင်အထည်ဖော်မှုမှာ နှေးကွေးခဲ့သည်။ ၁၉၅၉ ခုနှစ်အထိ မြေဧက ၁.၃ သန်းခန့် သိမ်းယူခဲ့ရာတွင် ဧက ၅၈၇,၀၀၀ သာ လယ်သမား ၁၉၀,၀၀၀ ထံ ဖြန့်ဝေနိုင်ခဲ့သည်။ ၁၉၆၁ ဘဏ္ဍာနှစ်တွင် လယ်သမားစုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းမှာ ငှားရမ်းသူများအဖြစ် ဆက်လက်ရှိနေခဲ့သည်။
ဆိုရှယ်လစ်ခေတ် (၁၉၆၂–၁၉၈၈)
[ပြင်ဆင်ရန်]၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် ဖြင့်အုပ်ချုပ်ခဲ့သည်။[၉]အာဏာသိမ်းပြီးနောက် ၁၉၆၃ ဖေဖော်ဝါရီ ၂၃ တွင် နိုင်ငံတကာဘဏ် ၁၄ ခုနှင့် ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၀ ခု အပါအဝင် ဘဏ် ၃၁ ခုကို ပြည်သူပိုင် သိမ်းခဲ့သည်။ နိုင်ငံခြားဘဏ်များအား မူလရင်းနှီးငွေကိုသာ လျော်ကြေးပေးခဲ့ပြီး အမြတ်ငွေများအတွက် လျော်ကြေးမပေးခဲ့ပေ။ သိမ်းဆည်းရမိမှုတန်ဖိုး ကျပ်သန်း ၈၉၆ အနက် လျော်ကြေး ကျပ်သန်း ၃၀.၄ သာ ထုတ်ပေးခဲ့သည်။ ဘဏ်များကို ပြည်သူ့ဘဏ် အမှတ် (၁) မှ (၃၁) အထိ အမည်ပြောင်းကာ စစ်ဘက်အရာရှိများ အုပ်ချုပ်ခဲ့သည်။ ပြည်သူပိုင်သိမ်းမှုကို ကန့်ကွက်သည့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ကြီး နုတ်ထွက်ခဲ့သည်။ (၁၉၆၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိလည်ပတ်ခဲ့သော ဆိုဗီယက်ခေါင်းဆောင် နီကီတာ ခရူးရှော့ဗ်ကလည်း ပြည်သူပိုင်သိမ်းဆည်းခြင်းများ မပြုလုပ်ရန် တိုက်တွန်းခဲ့ဖူးသည်။) သို့သော်လည်း အစိုးရသည် မိမိ၏ ပြည်သူပိုင်သိမ်းရေး မူဝါဒကို ဆက်လက် အကောင်အထည်ဖော်ခဲ့သည်။ အရင်းရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းရန်နှင့် အလုပ်သမားလူတန်းစား၏ အောင်ပွဲအတွက်ဟူသော ရည်မှန်းချက်ဖြင့် “ဆိုရှယ်လစ်” ဘဏ်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ယင်းစနစ် စတင်ပြီး နှစ် ၂၄ အကြာ ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံများ စာရင်းဝင်ခဲ့ရသည်။ ပြည်သူပိုင်သိမ်းခံရပြီး နှစ်ပေါင်း ၅၀ ကျော်အကြာမှသာ နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့သည်။[၁၀][၁၁][၁၂]
ထို့နောက် ၁၉၆၃ အောက်တိုဘာလ ၁၉ ရက်တွင် "လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေအသစ်"ကိုပြဌာန်းကြေညာခဲ့ပြီးနောက် စီးကရက်ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်းများ၊ ထီးစက်လုပ်ငန်းစသည့် စက်မှုလုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၈၁၄ ကျောင်း၊ သာသနာပြုဆေးရုံများ၊ ရုပ်ရှင်ရုံများစသည့် အားလုံးကို ပြည်သူပိုင်ပြုလုပ်ခဲ့သည်။ဗြိတိသျှပိုင်Imperial Chemical Industries (ICI)ကုမ္ပဏီ၊ ဘီအိုစီကုမ္ပဏီ၊နိုင်ငံတစ်ဝန်းရှိ ပွဲရုံများ၊ လက်လီလက်ကားဆိုင်များ၊ သမဝါယမဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ ကိုလည်း ပြည်သူပိုင်သိမ်းခဲ့သည်။ထို့အပြင် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း (လုပ်ငန်း ၄၂ ခု)BEDCနှင့် DSI လုပ်ငန်းများ၊ ၁၉၆၄ ခုနှစ် မေ ၁၇ ရက်တွင် ကျပ် ၅၀ တန်နှင့် ၁၀၀ တန် ငွေစက္ကူအားလုံးကို တရားမဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည် (ဤသည်မှာ ပြည်သူပိုင်သိမ်းခြင်းထက် ငွေကြေးပြုပြင်ပြောင်းလဲမှု – demonetization – သဘောသက်ရောက်သည်)။၁၉၆၄ ခုနှစ် မေလ ၁၈ ရက်နေ့၌ နေရှင်းသတင်းစာ ရပ်စဲသွားခဲ့ပြီး ထိုနှစ်အတွင်းမှာပင် စက်တင်ဘာလ ၁ ရက်နေ့၌ ကြေးမုံ သတင်းစာ၊ စက်တင်ဘာလ ၁၁ ရက်နေ့၌ ဗိုလ်တထောင် သတင်းစာ၊ စက်တင်ဘာလ ၁၆ ရက်နေ့၌ ဂါဒီယန်း နေ့စဉ် သတင်းစာ များကိုပြည်သူပိုင်သိမ်းခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်း စုစုပေါင်း လုပ်ငန်းပေါင်း ၁၅,၀၀၀ ခန့် ပြည်သူပိုင်သိမ်းခံခဲ့ရသည်။[၁၃][၁၄][၁၅][၁၆][၁၇][၁၈][၁၉]
နဝတ/နအဖ ခေတ် (၁၉၈၈-၂၀၁၁)
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းအပြီးတွင် တပ်မတော်ကနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ အဖြစ် အာဏာပြန်လည်သိမ်းယူခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် နောက်ပိုင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) တို့သည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စွန့်လွှတ်ကာ စျေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းခဲ့သည်။၁၉၆၂ခုနှစ် ဦးနေဝင်ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပြည်သူပိုင်သိမ်းခံခဲ့ရသော မြေယာများ၊ အဆောက်အအုံများ၊ စက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ ၊ သတင်းစာတိုက်များ ကို ၁၉၉၀ ပြည့်လွန်နှစ်များမှ ၂၀၁၀ခုနှစ် ဝန်းကျင်အထိ ပြန်လည်ရောင်းချခြင်း၊ လေလံဆွဲခြင်းများ ပြုလုပ်ခဲ့သော်လည်း မူလပိုင်ရှင်များ ပြန်လည်ရယူနိုင်ခွင့် မရှိခဲ့ပေ။ ထိုအပြင် သိမ်းယူစဉ်ကာလကတန်ဖိုးထက် သိန်းထောင်ချီပေး၍ဝယ်ယူခဲ့ရသည်။စက်ရုံအများအပြားကိုလည်းစစ်တပ်နှင့် နီးစပ်သူများ၊ စစ်ဘက်အရာရှိဟောင်းများထံ လွှဲပြောင်းပေးခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်း ပြုလုပ်ခဲ့သည်။[၂၀][၂၁][၂၂]
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တတိယအကြိမ် အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) သည် နိုင်ငံရေးပြိုင်ဘက်များနှင့် ဆက်နွယ်သည့် ပိုင်ဆိုင်မှုများကို ပစ်မှတ်ထား သိမ်းဆည်းခဲ့သည်။
အကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းရေး ဥပဒေ (၂၀၂၂)
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီသည် “အကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း နှင့် ဆောင်ရွက်မှုဆိုင်ရာ ဥပဒေ” ကို ထုတ်ပြန်ခဲ့သည်။[၂၃]ဤဥပဒေအရ စစ်ကောင်စီက “အကြမ်းဖက်အဖွဲ့အစည်း” ဟု သတ်မှတ်ထားသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ၎င်းတို့နှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှု၊ ငွေကြေး၊ မြေ၊ အိမ်ခြံမြေ၊ မော်တော်ယာဉ်၊ ကုမ္ပဏီရှယ်ယာများကို နိုင်ငံတော်က သိမ်းဆည်းနိုင်ကြောင်း ပြဋ္ဌာန်းခဲ့သည်။[၂၄][၂၅][၂၆] ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ မတ်လ ၈ ရက်နေ့ မှာ ပြည်တွင်းအခြေစိုက် သတင်းဌာန ငါးခုဖြစ်တဲ့ Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ Yangon Khit Thit Mediaစတဲ့ သတင်းဌာနတွေ ပထမဆုံး ထုတ်ဝေခွင့် ပိတ်သိမ်းခံခဲ့ရသည်။ ထို့နောက် မြစ်ကြီးနားဂျာနယ်၊ The 74 Media၊ တာချီလိတ်သတင်းအေဂျင်စီ၊ Delta News Agency၊ ဇေယျာတိုင်း(မ်)သတင်းအေဂျင်စီ၊ ကမာရွတ်သတင်းဌာန၊ ကန္တာရဝတီ တိုင်း(မ်)၊ မွန်သတင်း အေဂျင်စီနဲ့ ဧရာဝတီသတင်းဌာနအားသတင်းထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းခံခဲ့ရသည်။ရုံးခန်းများကိုလည်း ရှာဖွေခံရပြီး ပုံနှိပ်စက်များ သိမ်းဆည်းခံရသည်။အာဏာသိမ်း လ ၂၀ ကျော်အတွင်း လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၄ ခုအထိ ရှိလာပြီး နောက်ထပ် စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခု၊ စုစုပေါင်း ခြောက်ခုကိုလည်း စစ်ကောင်စီဘက်က ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သည်။[၂၇]
သိမ်းဆည်းခံရသော ပစ္စည်းတန်ဖိုး
[ပြင်ဆင်ရန်]Myanmar Witness အဖွဲ့၏ ၂၀၂၄ ခုနှစ် စစ်တမ်းတစ်ခုအရ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကပိုင်ပစ္စည်း (မြေ၊ အိမ်၊ စီးပွားရေးလုပ်ငန်း) များကို သိမ်းဆည်းခြင်းအားဖြင့် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံကျော်ရှိကြာင်းဖော်ပြခဲ့သည်။[၂၈]
ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ပြည်သူပိုင်ပစ္စည်းများကို ကာကွယ်ရန်အတွက် ၁၉၄၇ ခုနှစ်တွင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ (အက်ဥပဒေအမှတ်-၈၃/၁၉၄၇) ကို ပြဋ္ဌာန်းခဲ့သည်။ဤဥပဒေကို ၁၉၅၁ ခုနှစ်တွင် ပြင်ဆင်ခဲ့ပြီး ယနေ့တိုင် အတည်ဖြစ်သည်။ ဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ “ပြည်သူပိုင်ပစ္စည်း” ဆိုသည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့က ပိုင်ဆိုင်သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထားသည့် ပစ္စည်းများ၊ သို့မဟုတ် ပြည်ထောင်စုအစိုးရ သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထားသော ဒေသဆိုင်ရာ အာဏာပိုင်တို့က ပိုင်ဆိုင်သည့် ပစ္စည်းများကို ဆိုသည်။[၂၉]
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]ကိုးကားချက်
[ပြင်ဆင်ရန်]- ↑ Nationalization။ Encyclopædia Britannica။ 23 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Ne Win Military Rule - A Nationalized Economy။ GlobalSecurity.org။ 23 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူပိုင် သိမ်းခံရသူတွေ ဘယ်လောက် နစ်နာ သလဲ။ BBC Burmese (2 July 2010)။ 23 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Junta Continues to Seize Homes of Those With Ties to NLD, NUG။ The Irrawaddy (15 November 2021)။ 22 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Government, 1948–1962 – Economic Policy။ GlobalSecurity.org။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ။
- ↑ မြေယာအမျိုးသားပိုင်သိမ်းခြင်းအက်ဥပဒေ၊ ၁၉၄၈ (အက်ဥပဒေအမှတ် ၂၆၊ ၁၉၄၈)။
- ↑ Tun, Ohn. "Land Tenure in Burma." Journal of Southeast Asian Studies, vol. 2, no. 1, 1968, pp. 45–62.
- ↑ ၁၉၆၂ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း။ 24 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Ne Win Military Rule - A Nationalized Economy။ GlobalSecurity.org။ 23 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ When Gen. Ne Win Seized Domestic and International Banks in Myanmar။ The Irrawaddy (23 February 2020)။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Nikita Khrushchev in Burma။ Central Studio for Documentary Film (CSDF) (1960)။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
- ↑ Myanmar – The Burmese Way to Socialism (2023)။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Wikipedia contributors (2024)။ Ne Win။ Wikimedia Foundation။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Bulletin of the International Commission of Jurists No. 17 (December 1963) (PDF)။ Bulletin of the International Commission of Jurists။ International Commission of Jurists (December 1963)။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ တော်လှန်ရေးကောင်စီအစိုးရခေတ် (March 2, 1962)။ ISP Myanmar Peace Desk။ 22 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Burma Industries Nationalization Law (1963)။ International Legal Materials။ Cambridge University Press (1964)။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Myanmar – Banking and Securities (2018)။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ David I. Steinberg (2012)။ State-Owned Enterprises and the Future of the Myanmar Economy။ Brookings Institution။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Shawn W. Crispin (29 October 2015)။ The Great Burmese Fire Sale။ Foreign Policy။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Luke Hunt (January 2012)။ Economy Key to Burma’s Democracy။ The Diplomat။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ အကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေ ထုတ်ပြန်ခြင်း (in Burmese)။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးအဖွဲ့ (26 April 2022)။
- ↑ Radio Free Asia (8 June 2022)။ Nearly 600 Properties Seized by Junta Over Alleged Ties to Armed Resistance။ Radio Free Asia (RFA)။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Radio Free Asia (22 November 2022)။ Nearly 800 Properties Seized by Junta Over Alleged Ties to Armed Resistance။ Radio Free Asia (RFA)။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Junta Continues to Seize Homes of Those With Ties to NLD, NUG။ The Irrawaddy (15 November 2021)။ 22 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2026 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီသတင်းဌာန လိုင်စင်ပိတ်သိမ်းခံရ။ RFA Burmese (31 October 2022)။ 24 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Witness (2024)။ Asset Seizures by the Myanmar Military Since the 2021 Coup။ Myanmar Witness။
- ↑ မြန်မာနိုင်ငံအက်ဥပဒေအမှတ်-၈၃/၁၉၄၇. "ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ." ဝီကီရင်းမြစ်။