မာတိကာသို့ ခုန်သွားရန်

ပျော်ဘွယ်ဦးမြ

ဝီကီပီးဒီးယား မှ

ပျော်ဘွယ်ဦးမြ
လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံ
ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉၅၂  ၁၉၅၃
ခန့်အပ်သူ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ
သမ္မတဦးဘဦး
ယခင်လူကိုယ်တိုင်
ဆက်ခံသူဗိုလ်မှူးအောင်
လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံ
တိုင်းပြည်ပြုလွှတ်တော်
ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉၄၈  ၁၉၅၂
ခန့်အပ်သူ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ
သမ္မတစဝ်ရွှေသိုက်
ယခင်လူစဝ်ရွှေသိုက် []
ဆက်ခံသူကိုယ်တိုင်
ဘဏ္ဍာရေး နှင့် အခွန်တော်ဌာန
ဝန်ကြီး
တာဝန်သက်တမ်း
၁၉ ဇူလိုင် ၁၉၄၇  ၄ ဇန်နဝါရီ ၁၉၄၈
ခန့်အပ်သူကြားဖြတ်ယာယီအစိုးရအဖွဲ့
ခေါင်းဆောင်
  • ဘုရင်ခံ
    (ကြားဖြတ်ယာယီအစိုးရအဖွဲ့ ဥက္ကဋ္ဌ)
  • ဦးနု
    (ကြားဖြတ်ယာယီအစိုးရအဖွဲ့ ဒုဥက္ကဋ္ဌ)
ယခင်လူသခင်မြ
ဆက်ခံသူဦးတင် (မြန်မာ့အလင်း)
လယ်ယာစိုက်ပျိုးရေး
နှင့်
ကျေးလက်စီးပွားရေးဌာန
ဝန်ကြီး
တာဝန်သက်တမ်း
၂၃ ဖေဖော်ဝါရီ ၁၉၄၇  ၁၉ ဇူလိုင် ၁၉၄၇
ခန့်အပ်သူကြားဖြတ်ယာယီအစိုးရအဖွဲ့
ခေါင်းဆောင်
ယခင်လူဦးသိန်းဖေ (သိန်းဖေမြင့်)
ဆက်ခံသူသခင်တင်
ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုလက်မှုဌာန
ဝန်ကြီး
တာဝန်သက်တမ်း
၁ ဩဂုတ် ၁၉၄၃  ၂၇ စက်တင်ဘာ ၁၉၄၃
ခန့်အပ်သူဂျပန်အစိုးရ (ဗမာနိုင်ငံတော်)
ခေါင်းဆောင်
ယခင်လူစတင်ဖွဲ့စည်း
ဆက်ခံသူ
  • ဦးဘဘေ
    ကူးသန်းရောင်းဝယ်ရေးနှင့်ထောက်ပံ့ကြေးဌာန
  • မန်းဘခိုင်
    အလုပ်သမားနှင့်စက်မှုလုပ်မှုဌာန
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၈၉၇
ပျော်ဘွယ်မြို့၊ဗြိတိသျှအိန္ဒိယ
ကွယ်လွန်၁၉၅၃
ရန်ကုန်မြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်ခင်မြကြီး
အလုပ်အကိုင်နိုင်ငံရေးသမား
ကျော်ကြားမှုအမျိုးသားနိုင်ငံရေးသမား
ဆုတံဆိပ်များမဟာသီရိသုဓမ္မဘွဲ့ (၁၉၅၂)

ပျော်ဘွယ်ဦးမြ (၁၈၉၇ - ၁၉၅၃) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် အရေးပါသည့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် တွင် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရစဉ်၌ အသက်မသေဘဲ ကပ်လွတ်သွားခဲ့သည့် ဝန်ကြီးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ထို့နောက်ပိုင်းတွင် လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံ၏ တိုင်းပြည်ပြုလွှတ်တော် (ယာယီပါလီမန်)ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြည်သူ့လွှတ်တော် (၁၉၄၈) ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် ယောက်ဖဝမ်းကွဲတော်စပ်သူလည်း ဖြစ်ပြီး၊ ခေတ်သုံးခေတ်တွင် ဝန်ကြီး ရာထူးများ ထမ်းဆောင်ခဲ့သော်လည်း၊ ကွယ်လွန်ချိန်တွင် ကိုယ်ပိုင် အိမ်မရှိ၊ကားပိုင်မရှိ သည့် ဝန်ကြီးတစ်ဦး အဖြစ် ထင်ရှားခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

ဦးမြ သည် တစ်နိုင်ငံလုံးတွင် ဘွဲ့ရသူ ၈ ဦးသာရှိခဲ့သည့် ၁၉၁၇ ခုနှစ် တွင် ဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး၊ ဗြိတိသျှအစိုးရဌာန အလုပ်အကိုင်ကို မရွေးချယ်ဘဲ မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း နှင့် ပျော်ဘွယ်မြို့ အမျိုးသားကျောင်းတို့၌ အမျိုးသားကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ရင်းဖြင့် ပညာရေးလောကထဲသို့ ဝင်ရောက်လာခဲ့သည်။

၁၉၂ဝ ပထမ ကျောင်းသားသပိတ်နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် အမျိုးသားကျောင်းအုပ်ကြီးများထဲ ပျော်ဘွယ်ဦးမြ သည် ရန်ကုန် မြို့မဦးဘလွင်မန္တလေးဦးရာဇတ်၊ မိတ္ထီလာဦးဘရင်၊ ပဲခူးဦးသာဒင် တို့နှင့်အတူ ထင်ရှားသူတစ်ဦးဖြစ်ခဲ့သည်။ယင်းအပြင် အမျိုးသားကျောင်းအုပ်ကြီးများအဖြစ်မှ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာခဲ့ပုံခြင်းလည်း တူညီခဲ့သည်။

၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အတွင်း ကျင်းပသည့် ၁၉၃၆ အောက်လွှတ်တော် ရွေးကောက်ပွဲ ၌ ပျော်ဘွယ်မြို့လူထု၏ တောင်းဆိုမှုဖြင့် ဦးမြ အမတ်ဖြစ်လာပြီး နိုင်ငံရေးထဲသို့ စတင်ခြေချလာခဲ့သည်။

ဝန်ကြီးတာဝန်ကို ကမ်းလှမ်းမှုရရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ဒေါက်တာဘမော်ဆင်းရဲသား ဝံသာနု အဖွဲ့ ပါတီ တွင် ဗဟိုအလုပ်မှုဆောင် တာဝန်ကိုသာ ရွေးချယ်ခဲ့သည်။ဒေါက်တာဘမော် အဖမ်းခံရချိန်တွင်မူ ပါတီကို သူသည် ခေါင်းဆောင်သူ ဖြစ်လာခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်း ၌လည်း သူက ပါဝင်လှုပ်ရှားခဲ့သည်။

အာဇာနည်များလုပ်ကြံခံရမှု နှင့် ကပ်လွတ်ခြင်း

[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဖြစ်ပွားခဲ့သည့် နိုင်ငံတော်လုပ်ကြံခံရမှုအတွင်း ပျော်ဘွယ်ဦးမြသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အစည်းအဝေးခန်းမထဲ ဗိုလ်ချုပ် ၏ ဘယ်ဘက်တွင် ဦးဘဂျမ်း၊ဦးအောင်ဇံဝေ၊မိုင်းပွန်စော်ဘွားကြီး တို့နှင့် ခုံတစ်တန်းထဲတွင် ရှိနေခဲ့သူဖြစ်သည်။

သေနတ်သမားများက ဗိုလ်ချုပ်အား စတင်ပစ်ခတ်ချိန်၌ ဦးရွှေဘော် နှင့် ပျော်ဘွယ်ဦးမြ တို့သည် ပြတင်းပေါက်မှကျော်၍ အစည်းအဝေးခန်းမနှင့် ကပ်လျက်ရှိသော ဦးရွှေဘော်၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။[] []

သူသည် ဗိုလ်ချုပ်တို့အာဇာနည်ခေါင်းဆောင်များ လုပ်ကြံမခံရမီ အချိန်၌ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း ဥရောပ သို့ ခရီးထွက်နေ၍ မူလ လယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်စီးပွားရေးဌာန ဝန်ကြီးတာဝန် အပြင် ယာယီ ပြည်ထဲရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲယူထားရစဉ် ဗိုလ်ချုပ်အောင်ဆန်း ၏ လုံခြုံရေးအတွက် တပ်စိတ်တစိတ်ကို ချထားကာ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။သို့သော် ဗိုလ်ချုပ်အောင်ဆန်း ၏ ကန့်ကွက်မှုကြောင့် ထိုတပ်စိတ် ကို ဖယ်ရှားပစ်ခဲ့ရသည်။[]

ခေတ်သုံးခေတ် ဝန်ကြီး

[ပြင်ဆင်ရန်]

ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ပျော်ဘွယ်ဦးမြ သည် ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုလက်မှုဌာန ဝန်ကြီးအဖြစ် (၁-၈-၁၉၄၃ - ၂၇-၉-၁၉၄၃) တာဝန်ပေးအပ်ခံရသည်။[]

ယင်းနောက် စစ်အပြီး ဗြိတိသျှတပ်များပြန်ဝင်လာချိန် ကိုလိုနီခေတ် ဘုရင်ခံ နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့၏ ကြားဖြတ်အစိုးရအဖွဲ့ တွင် လယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်စီးပွားရေးဌာန ဝန်ကြီး အဖြစ် လည်းကောင်း၊အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေး နှင့်အခွန်တော်ဌာန ဝန်ကြီး အဖြစ် လည်းကောင်း တာဝန်ပေးအပ်ခံရသည်။

လွတ်လပ်ပြီးနောက် လွှတ်တော်ဆိုင်ရာ တာဝန်များ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် စတင်ဖွဲ့စည်းခဲ့သည့် ပထမဦးဆုံးအစိုးရအဖွဲ့တွင် စဝ်ရွှေသိုက် သည် သမ္မတဖြစ်လာသည့်အခါ စဝ်ရွှေသိုက် တာဝန်ယူခဲ့သော ယာယီပါလီမန် (တိုင်းပြည်ပြုလွှတ်တော်)၏ ဥက္ကဋ္ဌ နေရာကို ပျော်ဘွယ်ဦးမြသည် ဆက်ခံရသည်။သူသည် လွတ်လပ်ရေးရချိန် တိုင်းပြည်ပြုလွှတ်တော် ယာယီပါလီမန် ၏ ပထမဦးဆုံး ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ယင်းအပြင် လွတ်လပ်ရေးရကာစ မတူညီသည့် နိုင်ငံရေးအကွဲအပြဲများ နှင့် ပြည်တွင်းစစ်မီး ပြင်းထန်နေချိန်တစ်လျှောက်လုံး သူသည် လွှတ်တော်အကြီးအကဲ တာဝန်ထမ်းဆောင်နေခဲ့ရသည်။၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပြီးနောက် ဖြစ်ပေါ်လာသည့် ပြည်သူ့လွှတ်တော်ကိုလည်း သူက ၁၉၅၃ ခုနှစ်အထိ ဦးဆောင်ခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ပျော်ဘွယ်ဦးမြ သည် ဒေါ်ခင်မြကြီး နှင့် လက်ထပ်ခဲ့ပြီး ဦးမျိုးလွင်၊ဦးမျိုးဆက်၊ဒေါ်မျိုးနွယ် (စာရေးဆရာမ- နန်းနွယ်နွယ်) နှင့် ဒေါ်မျိုးညွန့် ဆိုသည့် သားသမီး ၄ ဦး ထွန်းကားခဲ့သည်။ဇနီးဖြစ်သူ ဒေါ်ခင်မြကြီး သည် ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း သုံးမြို့ဝန် ဦးမင်းမောင် ၏ မြေးဖြစ်သည်။အဖိုး ဦးမင်းမောင် ၏ အကိုမှာ ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုး ဗိုလ်မင်းရောင် ဖြစ်သည်။ထို့ကြောင့် ပျော်ဘွယ်ဦးမြ ၏ဇနီး နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့သည် မောင်နှမ ဝမ်းကွဲ တော်စပ်ကြသည်။

ပျော်ဘွယ်ဦးမြ၏ သမီးဖြစ်သူ ဒေါ်မျိုးညွန့် သည် မြန်မာနိုင်ငံ၏ (၄)ဦးမြောက် လေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သောင်းဒန် ၏ ဇနီး ဖြစ်သည်။

ဗိုလ်မှူးချုပ် သောင်းဒန် သည် လေတပ်ဦးစီးချုပ်များသမိုင်း ၌ အသက်အငယ်ဆုံးဦးစီးချုပ် အဖြစ် စာရင်းဝင်ခဲ့သူဖြစ်သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ပျော်ဘွယ်ဦးမြသည် ၁၉၅၃ ခုနှစ် တွင် နှလုံးရောဂါ ဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ပထမဆုံး လွတ်လပ်ရေး အစိုးရနဲ့ စစ်အာဏာရေသောက်မြစ်များ BBC (၅ ဇန်နဝါရီ ၂၀၂၂)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. အာဇာနည်နေ့ တို့မမေ့ Myanmar Digital News (၁၇ ဇူလိုင် ၂၀၂၀)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ဇူလိုင် ၁၉ နှင့်သေကံမရောက် သက်မပျောက် မြစ်ကြီးနားသတင်းဂျာနယ် (၁၉ ဇူလိုင် ၂၀၁၈)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ပျော်ဘွယ်ဦးမြ၊ ဗိုလ်ချုပ်ယောက်ဖနဲ့ လုပ်ကြံမှုက လွတ်ခဲ့သူ BBC (၁၇ ဇူလိုင် ၂၀၁၉)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းကို ဝိမုတ္တိအမြင်ဖြင့် လေ့လာခြင်း MOI Myanmar (01-10-2024)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။