ပံသုဓောဝကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ရွှေကျင်သော ဆရာနှင့် တပည့်တို့သည် မြေမှုန့် သဲ ကျောက်စရစ်ခဲ အိုးခြမ်းကွဲဟူသော ရွှေ၏ကြမ်းတမ်းသော အညစ်အကြေးတို့ကို ရေကျင်း၌ထည့်၍ ဆေးကြော, အဖန်ဖန် ဆေးကြော, အဖန်ဖန်ပွတ်တိုက်၍ ပြောင်စင်အောင် ဆေးကြောသကဲ့သို့ ထို့အတူ လွန်မြတ်သောသမထ, ဝိပဿနာစိတ်ကို အဖန်ဖန်အားထုတ်သော သမထ, ဝိပဿနာစိတ်ရှိသော ပညာရှိသောရဟန်းသည် ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်ဟူသော ညစ်နွမ်းကြောင်းဖြစ်သော ကိလေသာအညစ်အကြေးတို့ကို ပယ်ဖျောက်နိုင်၏။ အဖန်ဖန်မဖြစ်ခြင်းသို့ ရောက်စေနိုင်၏။

ရွှေ၏ အညစ်အကြေး အလတ်စားဖြစ်ကုန်သော ကျောက်စရစ်ခဲ အသေးစား သဲကြမ်းတို့ကို စင်ကြယ်အောင် ဆေးကြော, အထပ်ထပ်ဆေးကြော, အဖန်ဖန် ပွတ်တိုက်ဆေးကြောသကဲ့သို့ ထို့အတူ သမထ, ဝိပဿနာစိတ်ကို အဖန်ဖန်အား ထုတ်သော သမထဝိပဿနာစိတ်ရှိသော ပညာရှိသောရဟန်းသည် ကိလေသာ အလတ်စားဖြစ်သော ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်ဟူသော မိစ္ဆာ ဝိတက်သုံးပါးတို့ကို ပယ်စွန့်ပယ်ဖျောက်နိုင်၍ အဖန်ဖန် မဖြစ်ခြင်းသို့ရောက်စေနိုင်၏။

ရွှေ၏အညစ်အကြေး အနုစားဖြစ်သော သဲနုများမည်းညစ်ခြင်းကို ဆေး ကြော, အထပ်ထပ်ဆေးကြော, အဖန်ဖန် ပွတ်တိုက်ဆေးကြောသကဲ့သို့ ထို့အတူ သမထဝိပဿနာစိတ်ကို အဖန်ဖန်အားထုတ်သော သမထဝိပဿနာစိတ်ရှိသော ပညာရှိသောရဟန်းတော်သည် အနုစားဖြစ်သော ဉာတိဝိတက်, ဇနပဒဝိတက်, အနဝညတ္တိဝိတက်နှင့်ယှဉ်သော ကိလေသာအနုစားများကို ပယ်စွန့် ပယ်ဖျောက်, ကင်းပျောက်အောင် အားထုတ်နိုင်ပြီးနောက်ထပ်ပြန်မဖြစ်ခြင်းသို့ ရောက်စေနိုင်၏။

ရွှေအညစ်အကြေးများ ရှင်းသွားပြီး ပကတိရွှေစင်တို့သာ ကျန်တော့သကဲ့သို့ ထို့အတူ စိတ်၏အညစ်အကြေးများ ရှင်းသွားပြီး ဓမ္မဝိတက်မျှသာ ကြွင်းကျန်တော့၏။ ထိုရွှေကို ရွှေပန်းထိမ်ဆရာနှင့် တပည့်တို့သည် မိုက်ခွက်၌ထည့်၍ မှုတ်၍ အထပ်မှုတ်၍ ဖိနှိပ်၍မှုတ်သော်လည်း အညစ်အကြေးကျန်ရှိနေလျှင် နူးညံ့ပျော့ပျောင်း မှုမရှိ, ရွှေပန်းထိမ်လုပ်ငန်း၌ ပြုလုပ်၍မဖြစ်, အရောင်မထွက်, ကျွတ်ဆတ်ဆတ် ဖြစ်ကာ ကျိုးတတ်သကဲ့သို့၊ ထို့အတူ ဓမ္မဝိတက္ကသမာဓိသည် ကိလေသာအပူ မငြိမ်းသေး, မမွန်မြတ်သေး, ငြိမ်းအေးမှုကိုမရသေး ဧကာဒိဘာဝမဖြစ်သေး, ပြုပြင်ခြင်းပယောဂနှင့်တကွ ကိလေသာတို့ကို ဖိနှိပ်တားမြစ်၍ ဖြစ်ပေါ်လာ၏။

ရွှေပန်းထိမ်ဆရာနှင့် တပည့်တို့သည် ထိုရွှေကို မှုတ်အပ်, အထပ်ထပ်မှုတ်အပ်, ဖိနှိပ်၍မှုတ်အပ်သည်ရှိသော် အညစ်အကြေးကင်းရှင်းပြီး ထိုရွှေသည် နူးညံ့ ပျော့ပျောင်း၍ အရောင်တလက်လက်ထွက်ပေါ်၍ ကျွတ်ဆတ်ခြင်းမရှိ ရွှေပန်းထိမ် လုပ်ငန်း၌ အထည်အမျိုးမျိုးပြုလုပ်၍ ရနိုင်တော့သကဲ့သို့၊ ထို့အတူ စိတ်သည် အဇ္ဈတ္တသန္တာန်၌ စွဲမြဲစွာတည်သည့်အခါ ဧကာဒိသမာဓိအဖြစ်သို့ ရောက်သည့်အခါ ပြုပြင်ခြင်းပယောဂနှင့်တကွ ကိလေသာတို့ကို တားမြစ်ဖိနှိပ်၍ မဖြစ်တော့၊ သိလိုသော အဘိညာဉ်ကို မျက်မှောက်ပြုနိုင်သော ဓမ္မ၏အဘိညာဉ်ကို မျက်မှောက်ပြုနိုင်ရန် စိတ်ကို ရှေးရှုညွတ်စေ၏။ ရှေးဘဝအကြောင်းနှင့် ယခုဘဝ အဘိညာဉ်၏အခြေခံ ဖြစ်သော ဈာန်အစရှိသော အကြောင်းရှိခဲ့သော် ထိုထိုအရာ၌ မျက်မှောက်သက်သေ ဖြစ်ထိုက်သည်၏အဖြစ်သို့ ရောက်၏။

ထိုရဟန်းသည် “ဣဒ္ဓိဝိဓအဘိညာဉ်, ဒိဗ္ဗသောတအဘိညာဉ်, ပရစိတ္တ ဝိဇာနနအဘိညာဉ်, ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်, ဒိဗ္ဗစက္ခုအဘိညာဉ်, အာသဝက္ခယဉာဏ်တို့ကိုရ၍ နေနိုင်ရာ၏” အစရှိသည်ဖြင့် အခြေခံအဆင့်မှ ရဟန္တာ ဖြစ်သည်အထိ ဘာဝနာလုပ်ငန်းနှင့် ယင်းလုပ်ငန်း၏အကျိုးတရားတို့ကို ရွှေကျင်သည့် လုပ်ငန်းမှအစပြုကာ ရွှေထည်လုပ်ငန်းတိုင်အောင်သော ဥပမာဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌လည်း မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၅၅-၈။ အံ၊မြန်၊၁၊၂၇၃-၆။ အံ၊ဋ္ဌ၊၂၊၂၂၇-၈။ အံ၊ဋီ၊၂၊၁၉၈-၂၀၀။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၁၀)၅-လောဏကပလ္လဝဂ္ဂ၊ ဒသမသုတ်
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ