မာတိကာသို့ ခုန်သွားရန်

ပေါလ် ဘီယာ

ဝီကီပီးဒီးယား မှ
ပေါလ် ဘီယာ
Paul Biya
ပေါလ် ၂၀၂၂
ကင်မရွန်းနိုင်ငံ၏ သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၆ နိုဝင်ဘာ ၁၉၈၂
ဝန်ကြီးချုပ်
  • Bello Bouba Maigari
  • Luc Ayang
  • Sadou Hayatou
  • Simon Achidi Achu
  • Peter Mafany Musonge
  • Ephraïm Inoni
  • Philémon Yang
  • Joseph Ngute
ယခင်လူအမာဒူ အဟစ်ဂျို
ကင်မရွန်းနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ ဇွန် ၁၉၇၅  ၆ နိုဝင်ဘာ ၁၉၈၂
သမ္မတAhmadou Ahidjo
ယခင်လူSimon Pierre Tchoungui Salomon Tandeng Muna (1972)
ဆက်ခံသူBello Bouba Maigari
ကိုယ်ရေး အချက်အလက်များ
မွေးဖွားPaul Barthélemy Biya'a bi Mvondo
(1933-02-13) ၁၃ ဖေဖော်ဝါရီ၊ ၁၉၃၃ (အသက် ၉၂)
Mvomeka'a, French Cameroon
နိုင်ငံရေးပါတီCameroon People's Democratic Movement(RDPC)
ကြင်ဖော်
  • Jeanne-Irène Biya (၁၉၆၁ - ၁၉၉၂)
  • Chantal Biya(၂၃ ဧပြီ ၁၉၉၄ - လက်ရှိ)
သားသမီး၃ဦး
ပညာရေး
  • National School of Administration,ပြင်သစ်
  • Institute of Political Studies,ပြင်သစ်
လက်မှတ်

ပေါလ် ဘီယာ (Paul Biya၊ ၁၃ ဖေဖော်ဝါရီ ၁၉၃၃ မွေးဖွား) သည် ကင်မရွန်းနိုင်ငံ၏ သမ္မတ ဖြစ်သည်။၂၀၂၅ ခုနှစ်အထိ၊ သူသည် အသက် ၉၂ နှစ်ကျော်ဖြင့် ကမ္ဘာပေါ်ရှိ အသက်အကြီးဆုံး လက်ရှိသမ္မတ ဖြစ်သည့်အပြင်၊ ၁၉၈၂ ခုနှစ်မှစ၍ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသော အာဖရိကတိုက်တွင်း တာဝန်အချိန်အရှည်ဆုံး ခေါင်းဆောင် အဖြစ် မှတ်တမ်းတင်ခံရသည်။[]

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဘီတီ (Beti) မျိုးနွယ်ဖြစ်သည့် ပေါလ် ဘီယာသည် ယခုကင်မရွန်းနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် Mvomeka’a ရွာတွင် မွေးဖွားခဲ့သည်။[][]၎င်းသည် ငယ်စဥ်က ကင်မရွန်း၊ယောင်အွန်ဒေးမြို့ တွင် ပညာသင်ကြားခဲ့ပြီး၊ ထို့နောက် ပြင်သစ်နိုင်ငံပါရီမြို့ရှိ Lycée Louis-le-Grand နှင့် Institut des hautes études d'Outre-Mer တို့တွင် ဆက်လက်တက်ရောက်ခဲ့သည်။သူသည် ၁၉၆၁ ခုနှစ်တွင် ပြည်သူ့ဥပဒေ ဆိုင်ရာ အထူးပြုဘွဲ့ ရရှိခဲ့သည်။[]

နိုင်ငံရေးဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

၁၉၆၀ ပြည့်နှစ်တွင် ပြင်သစ်တို့အုပ်ချုပ်သော ကင်မရွန်းအပိုင်းသည် လွတ်လပ်ရေးရရှိလာပြီး၊ အမာဒူ အဟိဂျို (Ahmadou Ahidjo)သည် သမ္မတအဖြစ် နိုင်ငံကို ဦးဆောင်ခဲ့သည်။၁၉၆၁ ခုနှစ် တွင် ဗြိတိသျှတို့အုပ်ချုပ်သော တောင်ပိုင်းကင်မရွန်းနှင့် ပေါင်းစပ်ပြီး ကင်မရွန်းဖက်ဒရယ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ကြသည်။ထိုအချိန်ကာလတို့တွင် ပေါလ် ဘီယာသည် သမ္မတ အမာဒူအဟစ်ဂျို ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်သူ ဖြစ်ခဲ့သည်။

၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် ကင်မရွန်း အမျိုးသားပညာရေးဝန်ကြီးဌာန ၏ ညွန်ကြားရေးမှူး၊၁၉၆၅ ခုနှစ် ဇူလိုင်လ တွင် ထိုဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ်၊၁၉၆၇ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတရုံးအရာရှိ၊၁၉၆၈ ခုနှစ် ဇန်နဝါရီလတွင် သမ္မတရုံး အတွင်းရေးမှူးချုပ် စသည်ဖြင့် ရာထူးအဆင့်ဆင့်တိုးခဲ့သည်။

၁၉၆၈ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးအဆင့် အထိ တက်လှမ်း ရရှိလာခဲ့သည်။

နိုင်ငံခေါင်းဆောင်ရာထူးတာဝန်

[ပြင်ဆင်ရန်]

၁၉၇၂ ခုနှစ် တွင် ကင်မရွန်းနိုင်ငံ သည် ကင်မရွန်း ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။ထိုကဲ့သို့ ပြည်ထောင်စုစနစ် ထူထောင်ပြီးနောက် သမ္မတ အမာဒူ အဟစ်ဂျိုသည် ပေါလ် ဘီယာ ကို ၁၉၇၅ ခုနှစ် ဇွန်လ ၃၀ ရက်တွင် နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

၁၉၇၉ ခုနှစ် ဇွန်လတွင် ကင်မရွန်းနိုင်ငံသည် ဥပဒေပြဌာန်း၍ ဝန်ကြီးချုပ်အား သမ္မတ၏ရာထူးနေရာကို ဆက်ခံနိုင်သူအဖြစ် သတ်မှတ်ခဲ့သည်။ထိုဥပဒေအရ သမ္မတ အမာဒူ အဟစ်ဂျို တွင် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဝန်ကြီးချုပ်သည် သမ္မတအဖြစ် ဆက်ခံတာဝန်ယူပေးရမည် ဖြစ်သည်။

၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သမ္မတ အမာဒူ အဟစ်ဂျို သည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှနုတ်ထွက်ကြောင်း မမျှော်လင့်ဘဲကြေညာခဲ့သည်။ထိုသို့ကြေညာပြီးနောက် ပေါလ်ဘီယာ သည် နောက်နှစ်ရက်အကြာ နိုဝင်ဘာလ ၆ ရက်နေ့တွင် သမ္မတအဖြစ် ဆက်ခံခဲ့သည်။

ထို့နောက် ၁၉၈၄ ခုနှစ်၊၁၉၈၈ ခုနှစ်၊၁၉၉၂ ခုနှစ်၊၁၉၉၇ ခုနှစ်၊၂၀၀၄ ခုနှစ်၊၂၀၁၁ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရပြီး နိုင်ငံ၏ သမ္မတအဖြစ် ၇ကြိမ် ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သည်။[]

ရေနံကြွယ်ဝသည့် ကင်မရွန်းနိုင်ငံသည် စွမ်းအင်တင်ပို့မှုများမှ နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုထားသည်။သို့သော်လည်း နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံနီးပါးမှာ ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရသည့်အပြင်၊ ကြွယ်ဝချမ်းသာမှု ကွာဟချက်နှင့် လူငယ်ပိုင်း အလုပ်လက်မဲ့ပြဿနာမှာ လူမှုအသိုင်းအဝိုင်း၏ အဓိကပြဿနာများ ဖြစ်ပွားလျှက်ရှိသည်။

၂၀၂၅ နောက်ပိုင်းအခြေအနေ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ဘီယာ သည် ထောက်ခံမဲ ၅၃ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရရှိခဲ့သည်ဟု ကင်မရွန်းအာဏာပိုင်များသည် အောက်တိုဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။[] ကမ္ဘာ့အသက်အကြီးဆုံး  အုပ်ချုပ်သူအဖြစ် လူသိများသော ဘီယာသည် သမ္မတအဖြစ် နှစ်ပေါင်း ၄၃ ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သော်လည်း၊ဆက်လက်၍ နောက်ထပ် ၇ နှစ်ကြာမည့် ၈ကြိမ်မြောက် သမ္မတတာဝန် ကို ထမ်းဆောင်မည်ဟု ထုတ်ပြန်ခဲ့သည်။

ဆန့်ကျင်မှုများ

[ပြင်ဆင်ရန်]

ကင်မရွန်း နိုင်ငံ၏ သက်တမ်းရှည် သမ္မတဖြစ်သူ အသက် ၉၂ နှစ်အရွယ် ပေါလ်ဘီယာ၏ ရှစ်ကြိမ်မြောက် ၂၀၂၅ခုနှစ်၊ သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ပြိုင်မှုအား သမီးအရင်းဖြစ်သူကိုယ်တိုင် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ် Brenda Biya သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလလယ်တွင် TikTok တွင် ဗီဒီယိုတစ်ခုတင်ခဲ့ပြီး၊ အောက်တိုဘာ ၂၀ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ဖခင်ဖြစ်သူကို မဲပေးမည် မဟုတ်သည့်အကြောင်း ပြောဆိုခဲ့သည်။[]

ကင်မရွန်းနိုင်ငံ၏ အကြီးဆုံးမြို့ ဒိုအာလာတွင် ရွေးကောက်ပွဲ ရလဒ်များ မကြေညာမီ ရဲတပ်ဖွဲ့ နှင့် အတိုက်အခံဆန္ဒပြသူများကြား လူ ၄ ဦး သေဆုံးသည်အထိ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ဆန္ဒပြမှုများ ထပ်မံပေါ်ပေါက်ပြီးနောက် နိုင်ငံရေးသမားများနှင့်တက်ကြွလှုပ်ရှားသူ ၃၀ ကျော် ဖမ်းဆီးခံရသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. အသက် ၉၂ နှစ်အရွယ်ရှိ ကမ္ဘာ့အသက်အကြီဆုံး အုပ်ချုပ်သူ ကင်မရွန်းမှာ ပြန်လည်အရွေးခံရ NHK (၂၈ အောက်တိုဘာ ၂၀၂၅)။ ၂၉ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. Candidate's biography :Paul Biya – 2004 Presidential Election 21 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-05-25 တွင် ပြန်စစ်ပြီး။
  3. Cameroonian President Paul Biya Marks 40 Years in Power 5 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-08-26 တွင် ပြန်စစ်ပြီး။
  4. Biography 7 September 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2017 တွင် ပြန်စစ်ပြီး။
  5. Elections. La fraude "made in Cameroon" fait fureur (29 October 2012)။ 19 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 July 2018 တွင် ပြန်စစ်ပြီး။
  6. ကမ္ဘာ့အသက်အကြီးဆုံး ကင်မရွန်းသမ္မတ ရွေးကောက်ပွဲ ၈ ကြိမ်ဆက် အနိုင်ရ DVB (၂၈ အောက်တိုဘာ ၂၀၂၅)။ ၂၉ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. Cameroon: Brenda Biya says to not vote for her father, president Paul Biya africanews (19 Sep 2025)။ 28 Oct 2025 တွင် ပြန်စစ်ပြီး။
  8. ကင်မရွန်းတွင် နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူ ၃၀ ခန့် ဖမ်းဆီးခံရ DVB (၂၇ အောက်တိုဘာ ၂၀၂၅)။ ၂၉ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။