ပေါလ် ကလီး

ဝီကီပီးဒီးယား မှ
(ပေါလ်ကလီး မှ ပြန်ညွှန်းထားသည်)
ပေါလ်ကလီး (၁၉၁၁ခုနှစ်)

ပေါလ်ကလီး(Paul Klee)သည် ဆွစ်လူမျိုး ပန်ချီ အနုပညာ သမားတစ်ယောက်ဖြစ်ကာ သူ၏ သိမ်မွေ့ပြီး ရီစရာ ကောင်းသော ဖန်တီးမှုများသည် အိပ်မက်များ၊ သံစဉ် တေးဂီတများ၊ ကဗျာများ အပေါ်တွင် စိတ်ထင်ရောင်ထင်မှားမှုများဖြင့် တည်ဆောက်ထားလေ့ရှိကာ အဘယ်ကဲ့သို့သော ပန်းချီပုံစံမျိုးလဲဟု ဆုံးဖြတ်ရ ခက်လေသည်။ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈-ရက်တွင် မွေးဖွားကာ၊ ၁၉၄၀ ခုနှစ်၊ ဇွန်လ ၂၉-ရက်တွင် သေဆုံးခဲ့သည်။ သူ၏ အလွန်သေးငယ် အနုစိတ် ချယ်မှုန်းမှုများ၊ ရေဆေး နှင့် ပုံလက်ရာများသည် ကနဦး ပုံကြမ်း ပန်းချီပုံစံ(Primitive art)၊ သရုပ်လွန်ပန်းချီပုံစံ (surrealism)၊ cubism နှင့် ကလေးသူငယ်များ၏ အနုပညာ(children's art) များ ရောမွှေထားသည်ဟု ထင်မြင် ယူဆရပေမည်။

သူ၏ မိသားစုသည်လည်း အနုပညာ အပေါ် စိတ်ဝင်စားကာ ထိုခေတ် ထိုအခါက ပေါလ်ကလီး ၏ မိဘများ လုပ်သော အလုပ်သည် အလွန် ထူးဆန်းပေလိမ့်မည်။ သူ၏ မိခင်သည် စန္ဒရားတီး သင်ကြားပြသသည့် အလုပ်ဖြင့် မိသားစုကို ထောက်ပံကာ သူ၏ ဖခင်သည် အိမ်အလုပ်များ၊ မီးဖိုချောင်အလုပ်၊ အိမ်သန့်ရှင်းရေးအလုပ်များအပြင် ပုံဆွဲလေ့ ရှိသည်။ အဖွားလုပ်သူက ပေါလ်ကလီးအား ပန်ချီဆွဲခြင်းကို သင်ကြားပေးခဲ့သည်။ သူ့သည် တယောကို ကျွမ်းကျင်စွာ ထိုးနိုင်လျက် တေးဂီတဖြင့် အသက်မွေး ဝမ်ကျောင်းပြုမည်ဟု စဉ်းစားခဲ့သည်။ ထို့အပြင် ထိုခေတ်က Bern သံစုံတီးဝိုင်းတွင်လည်း မကြာခဏဆိုသလို ပါဝင် တီးခတ်ခဲ့သည်။ သို့ရာတွင် သူ၏ ကျွမ်းကျင် အနုစိတ်သော ရှု့မျှော်ခင်း ပုံ ရေးဆွဲနိုင်မှုများကြောင့် သူ၏ မိဘများက ပန်းချီအသက်မွေးဝမ်းကြောင်းပြုလုပ်ခြင်းသည် ပိုမိုကောင်းမွန်လိမ့်မည်ဟု ထင်မြင်ခဲ့သည်။ နောက်ဆုံးတွင် တေးဂီတအစား တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပန်းချီပညာကို သင်ယူခဲ့ရသည်။ ထို့နောက် ၁၉၀၀-ခုနှစ်တွင် မြူနစ် အကယ်ဒမီကျောင်းသို့ တက်ရောက်ကာ ၁၉၀၁-၁၉၀၂-ခုနှစ် အီတလီသို့ အလည်အပတ်သွားစဉ် အစောဆုံး ခရစ်ယာန် အနုပညာများ(Early Christian Art) နှင့် ရှေးဟောင်း ဘင့်ဇ(န်)တင်း (Byzantine art) အနုပညာအပေါ် စိတ်ပါဝင်စားခဲ့သည်။

သူသည် ရေဆေးပညာရှင်၊ အခြား ဝတ္ထုမျက်နှာပြင်များ အပေါ်တွင် ရေးသူလည်း ဖြစ်ကာ မော်ဒန် အနုပညာ မျိုးစေ့ချသူများထဲမှ တစ်ယောက် အပါအဝင်လည်း ဖြစ်ပေသည်။ မည်သည့် အနုပညာ အဖွဲ့အစည်း လုပ်ရှားမှုများ တွင် ပါဝင်ခြင်းမရှိပဲ၊ သူ၏ ပန်းချီကားများသည် စိတ်ကူးဉာဏ် ကွန့်မြူးခြင်းများ၊ အိပ်မက်များ၊ သရုပ်လွန် ပုံဝတ္ထုများ ဖြင့် ဖန်တီးထားလေ့ရှိသည်။ သူ၏ အစောဆုံးလက်ရာများသည် ခဲဖြင့် ရေးဆွဲသော ရှု့မျှော်ခင်း တောင်ကုန်း ပုံစံများ ဖြစ်ကာ Impressionism ၏ လွှမ်းမိုးမှုများ ရှိနေခဲ့သည်။

ထိုစဉ်အခါ က Transcendentalism အယူအဆသည် လည်း လွမ်းမိုးခဲ့သည်။ Transcendentalism ဆိုသည်မှာ ၁၉၁၀ ခုနှစ်ဝန်းကျင်လောက်က Der Blaue Reiter (The Blue Rider) ကဲ့သို့သော အုပ်စုကို စတင်ဖွဲ့စည်းခဲ့သော Expressionist ပန်းချီပညာရှင်များက ယေဘုယျ သဘောအားဖြင့် စိတ်ဝင်စားသော အတွေးအခေါ် ပုံစံတရပ်ဖြစ်သည်။ ဘောင်းဟောက်စ် (Bauhaus) မှ အတွေးအမြင် နှင့် ကျင့်သုံးမှုတို့၏ အတွင်းကျကျ တွေးခေါ်ပုံမျိုးတို့လည်းဖြစ်ကာ အယူအဆထက် အမှန်တရားအား ထပ်မှန်၍ ဆွဲဆန့် မရနိုင်တော့သည့် ပုံစံမျိုးဖြစ်သည်။ ဘောင်းဟောက်စ် ဆိုသည်မှာ ထိုခေတ် ထိုအခါက လူအများအားလုံးက Expressionism အယူအဆနောက်သို့ တကောက်ကောက် လိုက်နေကြသည်ကို ဆန့်ကျင်သည့် စဉ်းစားတွေးခေါ်ပုံမျိုးကို ကိုယ်စားပြုသည့် ဂျာမနီမှ လက်မှုပညာ နှင့် အနုပညာ ပေါင်းစပ်ထားသော ကျောင်းဖြစ်သည်။ ထိုကျောင်းကို Walter Gropius က ထူထောင်ခဲ့ပြီး၊ ဂျာမန် ဘာသာ စကားအရ တည်ဆောက်ရန် နှင့် အိမ် ဆိုသော ဝေါဟာရနှစ်ကို ပေါင်းစပ်ကာ ဘောင်းဟောက်စ် ဟု ခေါ်တွင်ခဲ့သည်။ ထိုကျောင်းကို တည်ထောင်ခဲ့သော Walter Gropius ကိုယ်တိုင်သည် အဆောက်အဦး ပုံစံများ ရေးဆွဲသူ တစ်ယောက်ဖြစ်ကာ၊ ကျောင်းနာမည်သည်လည်း အဆောက်အဦးများ ဆောက်လုပ်ရန်ဟု ပေးထားသော်လည်း ထိုကျောင်း စတင်တည်ထောင်ပြီးသည့် အချိန်မှစ၍ နောင်နှစ်ပေါင်းတော်တော်ကြာသည် အထိ ထိုကျောင်းတွင် အဆောက်အဦးပုံစံရေးဆွဲသည့် သတ်သတ်မှတ်မှတ် ဋ္ဌာနမရှိခဲ့ပါ။ ယနေ့ခေတ် အဆောက်အဦး ပုံစံများ၊ တည်ဆောက်ပုံများ သည် ဘောင်းဟောက်စ် ကျောင်းမှ ရေးဆွဲလေ့ရှိသော အဆောက်အဦး ပုံစံ များ၏ အငွေ့အသက်များ သက်ရောက်နေလေ့ရှိသည်။

Kandinsky သည် ဘောင်းဟောက်စ် တွင် ကျောင်းဆရာဖြစ်နေချိန်တွင် ဆွစ် လူမျိုး ပေါလ်ကလီး သည်လည်း ထို ကျောင်းမှာပင် ကျောင်းဆရာလုပ်နေသည်။ ကလီး ကိုယ်တိုင်သည် Theosophist မဟုတ်ပေမယ့် Kandinsky ကဲ့သို့ ဂျာမနီတွင် လောကနိယာမ သဘောတရားများကို စံထားရေးဆွဲကြလေ့ရှိသည့် ပန်းချီမူကို စိတ်ရော ကိုယ်ပါ နှစ်မြုတ်ထားကာ ပန်းချီဆွဲ နေလေသူဖြစ်လေသည်။ ထိုစဉ် အခါက ဘောင်းဟောက်စ် ကျောင်းတွင် ကလီး သည် ကျောင်းသင်ခန်းစာများ သင်ကြားပို့ချ နေချိန်တွင် ရေးသားခဲ့သော "The Thinking Eye" စာအုပ်သည် သူ၏ လောကနိယာမတရား ဘာသာရပ်အပေါ်တွင် ရူးသွတ် စွဲလန်းနေသည့် ကာလ အပိုင်းအခြား ကို သရုပ်ဖော်ထားလေသည်။ ထိုစာအုပ်သည် ရှိခဲ့သမျှ နည်းစနစ်ကျနလှသော ဒီဇိုင်းပုံစံ လက်စွဲစာအုပ်များ ထဲမှ အလွန်တရာ အသေးစိတ်လွန်းလှသော စာအုပ် တစ်အုပ်ဖြစ်ကာ Kandinsky နှင့် အပြိုင် ဝိညာဉ်အခြေအနေလောက များကို ဖော်ကျူးလျက် ၎င်းတို့ကို မျက်စေ့ဖြင့်ကြည့်မြင်နိုင်သော အနုပညာ ယူဆချက်များပါဝင်သည်။ ကလီး သည် ကမ္ဘာကြီးတစ်ခုလုံးအား စံနမူနာ ပုံစံ တစ်ခု အဖြစ် ကြည့်လေ့ရှိကာ ကမ္ဘာကြီးသည် နေစကြဝဠာ အချိန်ဖန်တီးမှုအရ ရွှေ့လျားနေရသော စက်ယန္တရားဆန်ဆန် ဝိညာဉ်လောက အမှန်တရားကို သရုပ်ပြသည့် ဆွစ်ဘုရားသခင် ဟုမြင်ထားသည်။

သူ၏ ကလေးငယ်ကဲ့သို့ စိတ်ကူယဉ်ဆန်ခြင်းများမှာ အကယ်၍ ကမ္ဘာကြီးသည် နောက်ဆုံးအချိန်ဟု မရှိခဲ့ဘူး ဆိုလျှင် ၎င်းကို အလွတ်လပ်ဆုံးသော စိတ်ကူးဉာဏ်ပညာဖြင့် ကိုယ်စားပြုနိုင်သည်ဟု ဆိုကာ သူကိုယ်တိုင်လည်း ထိုကဲ့သို့ ပြုလုပ်ခဲ့သည်။ Kandinsky ကဲ့သို့ပင် ကလီး သည် အရိုးရှင်းဆုံးသော ကနဦးမှ ပုံစံများကို တန်ဖိုးထားခဲ့သည်။ အထူးသဖြင့် ကလေးသူငယ်များ၏ အနုပညာကို တန်ဖိုးထားသည်။ ကလေးသူငယ်များ၏ အတွင်းစိတ်သဏ္ဌာန် လွတ်လပ်မှုဖြင့် သင်္ကေတ များဖန်တီးနိုင်မှုကို အားကျလေ့ရှိကာ ကလေးများ၏ အပြစ်ကင်းစင်မှုနှင့် အနုပညာဖန်တီးမှု လမ်းကြောင်းကို လေးစားလေ့ရှိသည်။"စာဖတ်သူများ မရီပါနှင့်၊ ကလေးများမှာ အနုပညာ ဖန်တီးမှု အရည်းအချင်းရှိသည်။ သူတို့မှာ ဉာဏ်ပညာ အမြော်အမြင်များ ရှိနေပါသည်။ သူတို့ဟာ အကူအညီကင်းမဲ့လေ၊ ကျွန်ုပ်တို့ အတွက် နမူနာထား လေ့လာစရာ လုပ်ဆောင်ချက်များကို ပြောပြနေလေ ဖြစ်သည်" ဟု သူ၏ "In his desire to paint" ထဲတွင် ရေးထားခဲ့သည်။ ထို့အပြင် "အသစ်မွေးဖွားလာသည့် ကလေးငယ်များ ဖြစ်သည့် အားလျော်စွာ ဥရောပအကြောင်း လုံးဝဥဿုံ မသိကြသေးပါ" ဟုလည်း ရေးသားခဲ့သည့် အတွက် ကလီး သည် လုံးလုံးလျားလျား ဥရောပတိုက်သား လူမျိုးပုံစံ ဖြစ်လေသည်။ သူ၏ ပန်းချီကားများသည် များပြားလှသော ယဉ်ကျေးမှု အကြောင်းအရာလေးများ၊ အောင်ပွဲရ ဒိုင်းဆုသေးသေးလေးများကို ယူဆောင်လာခြင်း၊ ရုက္ခဗေဓ၊ နက္ခဗေဓ၊ ရူပဗေဓ၊ စိတ္တဗေဓ ဆိုင်ရာ ဘာသာရပ်များမှ အမှတ်အသားများ ပါဝင်လေ့ရှိသည်။ တေးဂီတသည်လည်း သူအပေါ်တွင် တော်တော်လွှမ်းမိုးခဲ့လေ သေးသည်။ သူသည် ၁၈-ရာစုအတွင်း ပေါ်ပေါက်ခဲ့သည့် ပန်းချီပုံစံ တစ်မျိုးဖြစ်သော တည်ရှိနေသည့် ဝတ္ထုကို အခြားအရာများဖြင့်ပေါင်းစပ်ထားသည့်ပုံစံကို နှစ်သက်လေ့ရှိကာ ထိုပုံစံမျိုးကို အရောင်များနှင့်အရောင်ဂုဏ်သတ္တိများ ဖြာထွက်သွားခြင်း၊ ထိုအရောင်များ အဖန်တလဲလဲ ထပ်မံ ဖန်တီးခြင်း၊ ထိုဖန်တီးခြင်းဖြင့် အရောင်များ ပြောင်းလဲသွားသည့် ပုံစံများအသွင်သို့ တိုက်ရိုက်ပြောင်းလဲ ယူနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သူ၏ ပန်းချီကားများသည် အရောင်ကာလာများ ဆင့်ကဲဆင့်ကဲ ထပ်ဆင့်ထားပုံ၊ အရောင်ကားချပ်များ ယပ်တောင်သဏ္ဌာန် ဖြန့်ကျက်ထားပုံ၊ အရောင် အစိတ်အပိုင်းများ အစရှိသည်ဖြင့် အချိန်ကာလတစ်ခုကို သက်ငြိမ်သဘော ရရှိအောင် ကြိုးပမ်းထားလေ့ရှိသည်။ သောတအာရုံများကို စက္ခုအာရုံ များ အသွင်ဖြင့် ရနိုင်စေရန်၊ ဟန်ချက်ညီညီ ပွင့်အာလာသည့် မြင်ကွင်းများ၊ အဖန်တလဲလဲ ထပ်မံဖြစ်ခြင်း၊ သဘာဝတရား၏ အပင်၊ အပွင့်တို့ ၏ ပွင့်အား အသွင်ပြောင်းခြင်းများ ပေါင်းစပ် ရေးဆွဲလေ့ရှိသည်။ သူတွင် အလွန်ကောင်းမွန်သော အချစ် စိတ်ကူးစိတ်သန်းများရှိကာ သဘာဝကို သေချာခံစားပြီးမှ ပုံဖော်လေ့ရှိသည်။

ကလီး ၏ အသက်မွေးဝမ်းကြောင်းတလျောက်တွင် ပုံသဏ္ဌာန်များ၊ ကိုယ်စားပြုသည့် သင်္ကေတများကို ရှာဖွေခဲ့ကာ၊ ထိုအရာများက သူ ဝိညာဉ်ပုံရိပ်ယောင်များအား မြင်နိုင်အောင်လုပ် နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သူသည် အနုပညာနှင့် စာရေးသားခြင်းကြားတွင် ထူးခြားစွာ ခြားနားခြင်းကို ရှောင်ရှားလျက်၊ သူ၏ ပန်းချီကား အများစုသည် စာရေးသားသည် ပုံစံမျိုးများ ဖြစ်နေတတ်သည်။ သူ၏ ပန်းချီကားများတွင် သင်္ကေတများ၊ မျှားပုံစံများ၊ ပေါလောမျောနေသော စကားလုံးများ၊ မှားနေသော လမ်းပြအညွှန်းများ၊ စကားဆက် စာလုံးများ၊ တေဂီတ သင်္ကေတများ၊ ရုပ်ဝတ္ထုပစ္စည်းများ၏ ပုံစံများ၊ သစ်ရွက်များ၏ ရွက်လွှာကြောများမှ အစ တူနီရှား(Tunisia) ဆည်ရေမြောင်း ပုံစံများ အထိ ပါဝင်သည်။ ထို့ပြင် သူ့ပန်ချီကားများသည် ခံစားချက် တစ်ခုခုပေးရန်အတွက် ကြိုးစားရေးဆွဲထားသည့် ပုံစံမဟုတ်ပဲ၊ ၎င်း၏ ပန်ချီကား ကိုယ်၌ ရှင်းလင်းသော စိတ်ပိုင်းဆိုင်ရာပုံရိပ် ပေါ်နေလေ့ရှိသည်။

အကယ်၍ ကလီး သည် အခြားပန်းချီနည်းစနစ်ပုံစံချပေးသူများကဲ့သို့ မဟုတ်ခဲ့လျှင် တောင်မှ သူသည် သူ၏မူကို ချပေးနိုင်ရန် ဆက်လက်ကြိုးစားနေအုံးမည်သာ။ အလွန်သေးငယ်သော ပန်းချီအရွယ်အစားများကို ရေးဆွဲသူတစ်ယောက်ကဲ့သို့ သဘာဝ၏ ပြောင်းလဲ တိုက်စားမှုများကို တိကျသောရှု့ထောင့်မှနေ၍ ပုံဖော်ချင်သူတစ်ယောက် လည်းဖြစ်သည်။ သဘာဝနှင့် နီးစပ်သွားခြင်း မဟုတ်ပဲ သဘာဝတရားကို တရှိုက်မက်မက် အာရုံဖြင့် စောင့်ကြည့်နေတတ်သည့် သဘောဖြစ်သည်။ အနီးအဝေး သဘောတရားပေါ် ပြန်ထန်သောစိတ်ကူးဆန်းသစ်မှု၊ အနုစိတ် ချယ်မှုန်းမှုများ နှင့် နေစကြဝဠာ၏ မြင်ကွင်းကျယ်ရှုထောင့်များကို လက်ခံရေးဆွဲလေ့ရှိသော သူပေတည်း။ တဖက်တွင် လနှင့် တောင်တန်းများ၊ ထင်းရှုးပင်စည် မည်းမည်းထောင်ထောင်များ၊ ပင်လယ်ပြင်ကဲသို့ မျက်နှာပြင် ရောင်ပြန်ဟတ်နေတတ်သည့် ပုံရိပ်များကို တစ်ခုအပေါ် တစ်ခုထပ်လျက် ရှိတတ်ကာ အခြားတဖက်တွင် အလွန်မြင့်မားသော အနုစိတ်အရောင်သိပ်သည်းမှုများ၊ အနီးကပ် ဓာတ်ပုံပညာများဖြင့်သာဖန်တီးနိုင်သော ပုံရိပ်အုပ်စု သေးသေးကလေးများကို တီထွင်ရေးဆွဲထားလေ့ရှိသည်။ ကလီး ၏ သစ်ပင်များကို ပြန်ပြောင်း အရောင်ချယ်မှုများသည် ထိုစဉ်အခါက တချိန်တည်းလိုလိုပင် ဂျာမန်သိပ္ပံဓာတ်ပုံပညာရှင်များ ဖန်တီးနေသော သေးငယ်သော ရေမွှားပင်လေးများ၊ သစ်စေ့များ၊ အလွန်သေးငယ်သော ရေညှိမှော်ရုံ တို့၏ ပုံရိပ်များဖြင့် သိသိသာသာ ဆက်စပ်နေတတ်သည်။

ပထမကမ္ဘာစစ်၏ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုး များကြားတွင် ထာဝရ ပျောက်ဆုံးသွားမှုများအကြောင်းနှင့် ဆက်စပ်ကာ ရုန်းကန်းလှုပ်ရှားနေကြရသော လူ့အဖွဲ့အစည်း ၏ သင်္ကေတပြရုပ် ကို အနုပညာအဖြစ် ပြန်လည်ပြသဖို့ ကြိုးစားခဲ့သူ ပါပဲလေ။ [၁]

ပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Maung Ba Kaung: ေပါလ္ကလီး