မာတိကာသို့ ခုန်သွားရန်

ပေါက်တောမြို့သိမ်းတိုက်ပွဲ

ဝီကီပီးဒီးယား မှ
ပေါက်တောမြို့သိမ်းတိုက်ပွဲ
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃–လက်ရှိ)၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၁၅ နိုဝင်ဘာ ၂၀၂၃ – ၁၉ ဇန်နဝါရီ ၂၀၂၄
နေရာပေါက်တောမြို့၊ ပေါက်တောမြို့နယ်၊ ရခိုင်ပြည်နယ်
အခြေအနေ အာရက္ခတပ်တော် (AA) က အပြည့်အဝ သိမ်းပိုက်အောင်ပွဲခံခဲ့
နယ်နမိတ်
ပြောင်းလဲမှုများ
အာရက္ခတပ်တော် (AA) မှ ပေါက်တောမြို့ပေါ်ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် စစ်စခန်းအားလုံးကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ခဲ့
စစ်ရင်ဆိုင်သူများ
အာရက္ခတပ်တော် (AA)
တပ်မှူးများနှင့် ခေါင်းဆောင်များ
စစ်ကောင်စီဘက်မှ ကွပ်ကဲသူများနှင့် တပ်ရင်းမှူးများ ထွန်းမြတ်နိုင်
ညိုထွန်းအောင်
ပါဝင်သည့် တပ်ဖွဲ့များ
  • ပေါက်တောမြို့မရဲစခန်း တပ်ဖွဲ့ဝင်များ
  • စစ်ကောင်စီ ကြည်းတပ် စစ်ကူစစ်ကြောင်းများ
  • စစ်ကောင်စီ လေတပ်နှင့် ရေတပ် ပစ်ကူအဖွဲ့များ
အာရက္ခတပ်တော် (AA) အထူးစစ်ကြောင်းများ
စစ်အင်အား
မသိရ (လေကြောင်း၊ ရေကြောင်း ပစ်ကူအလုံးအရင်း သုံးစွဲခဲ့) မသိရ
အသေအပျောက်
များပြား (စစ်သား ၁၀ ဦးထက်မနည်း အရှင်ဖမ်းမိပြီး လက်ကျန်များ စစ်ရေယာဉ်ဖြင့် ဆုတ်ခွာ) မသိရ
ပေါက်တောမြို့သည် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် ဗျူဟာမြောက် မြို့နယ်ဖြစ်သည်။

ပေါက်တောမြို့သိမ်းတိုက်ပွဲ သည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃–လက်ရှိ) စစ်မျက်နှာအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ တပ်မတော်၏ ခံစစ်စခန်းများနှင့် မြို့ပေါ်တပ်စွဲထားမှုများကို အာရက္ခတပ်တော် က နှစ်လကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ပြီးနောက် အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည့် တိုက်ပွဲဖြစ်သည်။ဤတိုက်ပွဲသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်မှ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြီးဆုံးခဲ့သည့် တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။[၁]

တိုက်ပွဲနောက်ခံနှင့် ဗျူဟာမြောက်မှု

[ပြင်ဆင်ရန်]

ပေါက်တောမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့၏ အရှေ့ဘက် ရေမိုင် ၁၆ မိုင်ခန့်သာ ကွာဝေးပြီး အမြန်ရေယာဉ်ဖြင့် သွားလာပါက တစ်နာရီခန့်သာ ကြာမြင့်သည့် အနီးဆုံး ဗျူဟာမြောက် မြို့တစ်မြို့ ဖြစ်သည်။ ပေါက်တောမြို့နယ်၏ အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် မြောက်ဦးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။တပ်မတော် သည် မြို့တော်စစ်တွေ၏ ခြေကုပ်ကို ကာကွယ်ရန်အတွက် ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ အပြင် လက်နက်ကြီးပစ်ကူ အများအပြားသုံး၍ အသည်းအသန် ခုခံခဲ့ခြင်းဖြစ်သည်။[၂]

တိုက်ပွဲဖြစ်စဉ် မှတ်တမ်း

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် ညပိုင်းတွင် ပေါက်တောမြို့မရဲစခန်းကို အာရက္ခတပ်တော်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှ ပေါက်တောတိုက်ပွဲများ စတင်ခဲ့သည်။ နောက်တစ်နေ့ နိုဝင်ဘာလ ၁၆ ရက်တွင် တပ်မတော် သည် ပေါက်တောမြို့ကို ပြန်လည်စီးနင်း ထိန်းချုပ်လိုက်ပြီး ဒေသခံအများအပြားကို ဖမ်းဆီးခြင်း၊ ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ တိုက်ပွဲကာလအတွင်း အာရက္ခတပ်တော်က ပိတ်မိနေသူများကို ၃ ကြိမ်ထက်မနည်း ကယ်ထုတ်ပေးခဲ့ရပြီး ဒေသခံ ရှစ်သောင်းဝန်းကျင်မှာ မြို့လုံးကျွတ် စွန့်ခွာထွက်ပြေးခဲ့ရသည်။[၃]

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တစ်နေကုန်နီးပါး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မွန်းလွဲပိုင်းတွင် တပ်မတော် လေတပ်နှင့် ရေတပ်က အပြင်းအထန် ပစ်ကူပေးခဲ့သည်။ ညနေ ၄ နာရီခွဲခန့်တွင်တပ်မတော်(လေ)၏ ဂျက်တိုက်လေယာဉ်တစ်စီးက မြို့ပေါ်သို့ တစ်နာရီနီးပါး ပတ်ပတ်လည် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံရာအနီးရှိ စစ်ရေယာဉ် (နေဗီ) များကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သဖြင့် ပေါက်တောမြို့ပေါ်ရှိ ပန်းသီးရပ်ကွက် အပါအဝင် နေရာအများအပြား မီးလောင်ပျက်စီးခဲ့သည်။ ဇန်နဝါရီ ၁၉ ရက် ညဉ့် ၁၂ နာရီနှင့် ၁ နာရီဝန်းကျင်တို့တွင်လည်း လေကြောင်းမှ ထပ်မံဗုံးကြဲ တိုက်ခိုက်ခံခဲ့ရသည်။[၄]

အပြီးသတ်သိမ်းပိုက်ခြင်း

[ပြင်ဆင်ရန်]

တိုက်ပွဲပြင်းထန်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့အား အာရက္ခတပ်တော်က ဝိုင်းပတ်ထားနိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ၏ စစ်ရေယာဉ်တစ်စီး ရောက်ရှိလာကာ လက်ကျန်စစ်သားများကို လာရောက်ခေါ်ဆောင် ဆုတ်ခွာသွားခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို AA က သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် ညဉ့်ပိုင်းတွင် အာရက္ခတပ်တော်က ပေါက်တောမြို့ပေါ်တွင် အလံထောင်ကာ မြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။[၅]

နောက်ဆက်တွဲ အခြေအနေ

[ပြင်ဆင်ရန်]

ပေါက်တောမြို့ကို သိမ်းပိုက်နိုင်ခြင်းသည် မြို့တော်စစ်တွေကို ဝိုင်းပတ်ပိတ်ဆို့နိုင်မည့် စစ်ရေးဗျူဟာအရ အလွန်အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ခဲ့သည်။[၆]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ ရောင်နီ (2024-01-20)။ ပေါက်တောမြို့ကို AA သိမ်းလိုက်ပြီဟု ဒေသခံများဆို (in en-US)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  2. ↑ လင်းသစ် (2025-07-22)။ ကြွက်မနိုင် ကျီမီးရှို့၍ ပျက်ခဲ့ရသည့် မြို့ပေါက်တော (in en-US)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  3. ↑ ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် ဝင်ရောက်သိမ်းပိုက် (in my)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  4. ↑ ဧရာဝတီ (2023-11-16)။ AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက် (in en-US)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  5. ↑ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက် (in my)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  6. ↑ ပေါက်တောကို အေအေထိန်းချုပ်၊ ရမ်းဗြဲမှာ တိုက်ပွဲ ပြင်းထန် (in my) (2024-01-25)။ 2026-05-31 တွင် ပြန်စစ်ပြီး။