ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲ
| ||||||||||||||||||||||||||||
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲ သည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃–လက်ရှိ) စစ်မျက်နှာအတွင်း အတွင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ တပ်မတော် ၏ အခိုင်အမာအခြေစိုက်စခန်းများကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ အဆိုပါတိုက်ပွဲသည် ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးရှိ စစ်စခန်းအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ကာ အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။[၁]
နောက်ခံအခြေအနေ
[ပြင်ဆင်ရန်]အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ လူဦးရေ ၁၄၀၀ဝ၀ နေထိုင်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်သည် ပြည်နယ်မြို့တော် စစ်တွေမြို့နှင့် ၂၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်တွေ၏ ကုန်းလမ်းတံခါးဝ စစ်ရေးဗျူဟာမြောက် မြို့တစ်မြို့ ဖြစ်သည်။ မြို့ပေါ်ရှိ ရဲစခန်းနှင့် တစ်ခုတည်းသော အခြေစိုက်တပ်ရင်းဖြစ်သည့် ခမရ (၅၅၀) တပ်ရင်းတို့သည် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသည်။[၂]
တိုက်ပွဲဖြစ်စဉ်
[ပြင်ဆင်ရန်]ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် (AA) က ခမရ (၅၅၀) တပ်ရင်းကို ဝိုင်းဝန်းပိတ်ဆို့ ထိုးစစ်ဆင်ခဲ့သည်။၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် တွင် ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းအား သိမ်းပိုက်ရရှိခဲ့သည်။[၃] ဖေဖော်ဝါရီလ ၂၈ ရက် နေ့လယ်ပိုင်းတွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို AA က စစ်တွေမြို့နယ်၊ မင်းချောင်း (အမြင့်ကျွန်း) တံတားထိပ်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ သံချပ်ကာကား ၂ စီး မီးလောင်ပျက်စီးခဲ့သည်။[၄]
ထို့နောက် ခမရ (၅၅၀) တပ်ရင်းစခန်းကြီးကို စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များပေါင်းကာ အပြင်းအထန် ခုခံခဲ့သည့်ကြားမှ မတ်လ ၄ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ဒရုန်းများနှင့် လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားကို ULA/AA ဘက်က သိမ်းဆည်းရမိခဲ့သည်။ မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားကာ အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း ထိုနေ့ညတွင်ပင် အာရက္ခတပ်တော်က တရားဝင် ထုတ်ပြန်ခဲ့သည်။[၅]
ခမရ (၅၅၀) စခန်းသိမ်းတိုက်ပွဲနှင့် ရေကြောင်းဟန့်တားမှု ဖြစ်စဉ်
[ပြင်ဆင်ရန်]အာရက္ခတပ်တော် (AA) သည် ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် မြို့ပေါ်ရှိ တစ်ခုတည်းသော လက်ကျန်ခံစစ်ကုန်းဖြစ်သည့် ခမရ (၅၅၀) တပ်ရင်းစခန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ရက်ပေါင်း ၁၃ ရက်ကြာမြင့်သည်အထိ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အဆင့်မြင့်အရာရှိကြီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာ သေဆုံးခဲ့သည့်အပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။[၆]
တိုက်ပွဲပြင်းထန်နေစဉ် မတ်လ ၃ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀) သို့ စစ်ကူနှင့် ရိက္ခာပေးရန် ရေကြောင်းမှ လာရောက်ခဲ့သော စစ်ကောင်စီ၏ ဇက်သင်္ဘော ၂ စီးကို အာရက္ခတပ်တော်၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့သည်။ ထို့ပြင် အဆိုပါဇက်သင်္ဘော ၂ စီးကို ကယ်တင်ရန် ထပ်မံရောက်ရှိလာသည့် နောက်ထပ်ဇက်သင်္ဘော ၁ စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းပစ်ကူများအပြင် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ အခြေစိုက်စခန်းများမှ လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်အကာအကွယ်ပေးခဲ့သော်လည်း အာရက္ခတပ်တော်ဘက်က စစ်ကူဇက်သင်္ဘော ၃ စီးစလုံးပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သဖြင့် ယင်းဖြစ်စဉ်ကို ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။[၇]
| စဉ် | အမည် | အဆင့်/ရာထူး | မိခင်တပ်ရင်း/နောက်ခံ | မှတ်ချက် |
|---|---|---|---|---|
| ၁ | ဗိုလ်မှူးကြီး မျိုးမင်းကိုကို | ဗျူဟာမှူး | စစ်တက္ကသိုလ် အပတ်စဉ် (၄၂) | တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိ (သေဆုံး) |
| ၂ | ဒုဗိုလ်မှူးကြီး ဖြိုးသူအောင် | တပ်ရင်းမှူး | ခလရ (၂၀၈) | တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိ (သေဆုံး) |
| ၃ | ဗိုလ်မှူး စောထွေး | ဗိုလ်မှူး | ခမရ (၅၅၀) | တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိ (သေဆုံး) |
တိုက်ပွဲအလွန် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ
[ပြင်ဆင်ရန်]စစ်ကောင်စီသည် မြို့ကို လက်လွှတ်လိုက်ရပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၄ ရက် ညနေ ၄ နာရီနှင့် ၅ နာရီကြားတွင် ခမရ (၅၅၀) တပ်ရင်းနှင့် မြို့အနီးတစ်ဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရှိ စက်ရုံများနှင့် နေအိမ်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့ပြင် စစ်တွေမြို့အခြေစိုက် ပါဒလိတ်စခန်းဘက်မှလည်း ပုဏ္ဏားကျွန်းမြို့တွင်းသို့ လက်နက်ကြီး ၃ လုံး လှမ်းပစ်ခတ်ခဲ့သည်။ထို့အတူ အာရက္ခတပ်တော်ဘက်မှ ပုဏ္ဏားကျွန်းမှတစ်ဆင့် ရသေ့တောင်ဘက်သို့ စစ်ကြောင်းမကူးလာနိုင်စေရန် ရည်ရွယ်၍ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမရှိ စေတီပြင်တံတားနှင့် တောဖျားချောင်းဒေသ တံတားတို့ကို မတ်လ ၄ ရက် ညနေ ၅ နာရီခန့်တွင် လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီသည် မတ်လ ၅ ရက် နံနက် ၁၀ နာရီခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ရွာတစ်ဝိုက်ကို လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည်။[၈]
စစ်ရေးအလှည့်အပြောင်း
[ပြင်ဆင်ရန်]မြို့တော်စစ်တွေနှင့် ကပ်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက် ညှပ်ပိတ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ပုဏ္ဏားကျွန်းမြို့သည် ရခိုင်တိုက်ပွဲ သုံးလကျော်အတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ရခိုင်မြောက်ပိုင်း ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်တို့ပြီးနောက် တပ်မတော် လက်လွှတ်လိုက်ရသည့် ၇ မြို့မြောက် (မြို့နယ်အနေဖြင့် ၈ ခုမြောက်) မြို့ကြီး ဖြစ်လာခဲ့သည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Burmese၊ R. F. A. (2024-03-05)။ ပုဏ္ဏားကျွန်းမြို့ကို AA သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေပြော (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2024-03-05)။ ခမရ ၅၅၀ တပ်ရင်းကို AA က သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို အပြီး သိမ်းပိုက်နိုင်ခဲ့ပြီဟု ကြေညာ (in en-US)။ 15 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-06-01 တွင် ပြန်စစ်ပြီး။
- ↑ AA၊ ULA / (2024-02-22)။ ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ (in en)။ 18 April 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-06-01 တွင် ပြန်စစ်ပြီး။
- ↑ admin (2024-03-03)။ ပုဏ္ဏားကျွန်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် ခမရ-၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေ (in en-US)။ 2026-06-01 တွင် ပြန်စစ်ပြီး။
- ↑ ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက် (in en)။ 2026-06-01 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2024-03-04)။ ပုဏ္ဏားကျွန်းမြို့နယ်ကို AA သိမ်းပိုက် (in en-US)။ 2026-06-01 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2024-03-06)။ ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်သိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဖြိူးသူအောင်၊ ဗိုလ်မှူးစောထွေး အပါအဝင် စစ်သားအများအပြား သေဆုံး (in en-US)။ 20 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-06-01 တွင် ပြန်စစ်ပြီး။
- ↑ ရောင်နီ (2024-03-05)။ AA သိမ်းထားသည့် မြို့ ၇ မြို့ရှိလာ (in en-US)။ 2026-06-01 တွင် ပြန်စစ်ပြီး။
- ↑ မြို့တော်စစ်တွေအနီးရှိ ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြုထုတ်ပြန် (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။