ပုဂ္ဂိုလ် (ဗုဒ္ဓဘာသာ)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ခပ်သိမ်းသောဘုရားရှင်တို့၏ သာသနာတောမြတ်၌ ကြုံကြိုက်ကြကုန်သော သတ္တဝါအပေါင်းတို့သည် လေးမျိုးရှိ၏။ ဤသို့ လေးမျိုးရှိကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်၌ မြတ်စွာဘုရားသည် ဟောကြားတော်မူခဲ့သည်။ ၎င်းလေးမျိုးတို့မှာ -[၁]


၁။ ဥဂ္ဃါဋိညူပုဂ္ဂိုလ်မျိုး

၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး

၃။ နေယျပုဂ္ဂိုလ်မျိုး

၄။ ပဒပရမပုဂ္ဂိုလ်မျိုး တို့ ဖြစ်ကြသည်။[၁]

ပုဂ္ဂိုလ်လေးမျိုး[ပြင်ဆင်ရန်]

၁။ ဥဂ္ဃါဋိညူပုဂ္ဂိုလ်မျိုး[ပြင်ဆင်ရန်]

ဥဂ္ဃါဋိညူပုဂ္ဂိုလ်မျိုးဆိုသည်မှာ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားနှင့် ကိုယ်တိုင်တွေ့ကြုံရ၍ တစ်ခုသော တရားဓမ္မကို ဟောတော်မူရာ အကျဉ်းသင်္ခေပဥဒ္ဒေသစကား၏ အဆုံး၌ မဂ်, ဖိုလ်ကို ရနိုင်သော ပုဂ္ဂိုလ်မျိုးသည် ဥဂ္ဃါဋိညူပုဂ္ဂိုလ်မျိုး မည်၏။[၁]

၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး[ပြင်ဆင်ရန်]

ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး ဆိုသည်မှာ အကျဉ်းသင်္ခေပ ဥဒ္ဒေသမျှနှင့် မဂ်, ဖိုလ်ကို မရနိုင်သေး။ ထိုအကျဉ်းသင်္ခေပဥဒ္ဒေသကို အကျယ်ဝိတ္ထာရအားဖြင့် ဖွင့်ပြဝေဖန်၍ ဟောတော်မူမှသာ မဂ်, ဖိုလ်ကို ရနိုင်သော ပုဂ္ဂိုလ်မျိုးသည် ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး မည်၏။[၁]

၃။ နေယျပုဂ္ဂိုလ်မျိုး[ပြင်ဆင်ရန်]

နေယျပုဂ္ဂိုလ်မျိုး ဆိုသည်မှာ ဥဒ္ဒေသ, နိဒ္ဒေသအကျဉ်း, အကျယ်အားဖြင့် ဟောတော်မူသော်လည်း ဒေသနာအဆုံး၌ မဂ်, ဖိုလ်ကို မရနိုင်မူ၍ ထိုဒေသနာကို ကြားနာဆောင်ရွက် လေ့ကျက်မှတ်သား၍ ထားပြီးလျှင် ထိုဒေသနာ လာရှိတိုင်းသော တရားကို များစွာသော နေ့, ရက်, လ, နှစ်တို့ဖြင့် ကျင့်ကြံပွားများအားထုတ်မှသာ မဂ်, ဖိုလ်ကို ရနိုင်သော ပုဂ္ဂိုလ်မျိုးသည် နေယျပုဂ္ဂိုလ်မျိုး မည်၏။[၁]

ဤနေယျပုဂ္ဂိုလ်မျိုးသည်လည်း မိမိသန္တာန်၌ ပါရှိသော ပါရမီအနုအရင့် အဆင့်ဆင့်သို့ လိုက်၍လည်းကောင်း, ကိလေသာ အထက်အနုံ့ အဆင့်ဆင့်သို့ လိုက်၍လည်းကောင်း ကျင့်ကြံအားထုတ်ရသော ကာလအတိုအရှည်အားဖြင့် အများရှိကြ၏။ ခုနစ်ရက်ကျင့်ရသော ပုဂ္ဂိုလ်မှစ၍ အနှစ်သုံးဆယ်ကျင့်ရသော ပုဂ္ဂိုလ်မျိုး, အနှစ်ခြောက်ဆယ်ကျင့်ရသော ပုဂ္ဂိုလ်မျိုးတို့ကို ဆိုသည်။ ထိုတွင် ခုနစ်ရက် ကျင့်မှရမည့် ပုဂ္ဂိုလ်သည် ခုနစ်ရက်ကို ပထမအရွယ်, ဒုတိယအရွယ်တို့၌ ကျင့်မည်ဖြစ်အံ့ ရဟန္တာတိုင်အောင် ဖြစ်နိုင်၏။ တတိယအရွယ်မှာ ကျင့်ခဲ့လျှင် အောက်မဂ်, အောက်ဖိုလ်မျှကိုသာ ရောက်နိုင်၏။ ခုနစ်ရက်ကျင့်မှု ဆိုသည်မှာ အင်အားရှိသလောက် အစွမ်းကုန်ကျင့်မှုကို ဆိုလိုသည်၊ ဝီရိယ ယုတ်လျော့နေပြန်လျှင် ယုတ်လျော့မှုအားလျော်စွာ ခုနစ်လ, ခုနစ်နှစ် စသည် ရှည်လျားသွားပြန်၏။[၁]

ယခုဘဝ၌ မဂ်, ဖိုလ်ကို ရလောက်အောင် ဝီရိယထုတ်မှု မရှိပြန်လျှင် ဝီရိယလိုသည့်အတွက် ဤသာသနမှ မကျွတ်ရပြီ၊ နောက်နောက် ဘုရားသာသနာမှာလည်း သာသနာနှင့် ကြုံရမှ ကျွတ်နိုင်သည်။ မတွေ့ကြုံပြန်လျှင် မကျွတ်နိုင်၊ နိယတဗျာဒိတ်ရရှိသော ပုဂ္ဂိုလ်မျိုးမှသာလျှင် ကျွတ်လွတ်မှု မလွဲနိုင်ရှိသည်။ နိယတဗျာဒိတ်ရှိသော ပုဂ္ဂိုလ်မျိုး မဟုတ်ခဲ့လျှင် ပါရမီရှိသော်လည်း ဘုရားသာသနာနှင် တွေ့ကြုံမှုလည်း စိတ်မချရ၊ ကျွတ်လွတ်မှုလည်း စိတ်မချရပေ။[၁]

ဤကား ယခုဘုရားသာသနာ၌ပင်လျှင် ခုနစ်ရက်ကျင့်မှ မဂ်, ဖိုလ်ကို ရမည့် အနိယတနေယျပုဂ္ဂိုလ်တို့၏ အထွေအပြားကို ပြဆိုသော အချက်ဖြစ်သည်။ ယခုဘဝ၌ လခွဲပက္ခ ကျင့်နိုင်မှရမည့် ပုဂ္ဂိုလ်စသည်တို့ကိုလည်း ဤနည်းတူ ဝေဖန်၍ သိလေ။[၁]

၄။ ပဒပရမပုဂ္ဂိုလ်မျိုး[ပြင်ဆင်ရန်]

ပဒပရမပုဂ္ဂိုလ်မျိုး ဆိုသည်မှာ ဘုရားသာသနာနှင့် တွေ့ကြုံ၍ ပရိယတ်, ပဋိပတ်တရားကို ဘယ်လိုပင် အားထုတ်သော်လည်း ယခုဘဝ မဂ်, ဖိုလ်ကို မရထိုက်မူ၍ ဝါသနာဘာဂီ ပါရမီမျှကိုသာ ရထိုက်သော ပုဂ္ဂိုလ်သည် ပဒပရမပုဂ္ဂိုလ်မည်၏။ ထိုပုဂ္ဂိုလ်သည် ယခုဘဝ၌မူကား မကျွတ်နိုင်။ သမထအလုပ်, ဝိပဿနာအလုပ် လက်ရှိနှင့် သေလွန်၍ လူ့ဘဝ, နတ်ဘဝ၌ ဖြစ်သည်ရှိသော် နောက်ဘဝ၌ ဤဘုရားသာသနာမှာပင် အကျွတ်ရနိုင်၏။[၁]

သူနာသုံးမျိုး ဥပမာ[ပြင်ဆင်ရန်]

ထိုပါဠိတော်၌ပင်လျှင် မြတ်စွာဘုရားသည် သူနာသုံးယောက်ကို ဥပမာပြု၍ ပုဂ္ဂိုလ်သုံးယောက်ကို ဟောတော်မူပြန်၏။ ထိုသူနာသုံးယောက်တို့မှာ -[၁]

၁။ ဆေးဝါးကို မမှီဝဲသော်လည်း အချိန်ကျလျှင် ဧကန်ပျောက်ငြိမ်းမည့် သူနာတစ်မျိုး။

၂။ ဘယ်လိုပင် ဆေးဝါးကို မှီဝဲသော်ငြားလည်း ဤအနာမှ မထမြောက်မူ၍ ဧကန်သေမည့် သူနာတစ်မျိုး။

၃။ မသင့်သော အရာကို ရှောင်ကြဉ်၍ ဓာတ်စာဆေးဝါးကို နိုင်လောက်အောင် မှီဝဲပါမူကား ဤအနာမှ ထမြောက်လတ္တံ့။ မသင့်သော အရာကို မရှောင်ကြဉ်ခဲ့သော်လည်းကောင်း, ဆေးဝါးကို နိုင်လောက်အောင် မမှီဝဲခဲ့သော်လည်းကောင်း ဤအနာနှင့် သေလတ္တံ့သော သူနာတစ်မျိုး။[၁]

ပထမသူနှင့် တူသူ[ပြင်ဆင်ရန်]

ရှေးရှေးဘုရားတို့အထံက နိယတဗျာဒိတ်ရရှိပြီးဖြစ်၍ ယခုဘဝတွင် ဧကန်အကျွတ်အလွတ်ရလတ္တံ့သောသူသည် ပထမသူနာနှင့် တူ၏။[၁]

ဒုတိယသူနာနှင့် တူသူ[ပြင်ဆင်ရန်]

ပဒပရမပုဂ္ဂိုလ်မျိုးသည် ဒုတိယသူနာနှင့် တူ၏။ ဒုတိယသူနာသည် ဤအနာမှ ထစစ်မရှိသကဲ့သို့ ပဒပရမပုဂ္ဂိုလ်သည် ဘယ်လိုပင်အားထုတ်သော်လည်း ဤဘဝ၌ ကျွတ်ခွင့်မရှိ၊ နောက်နောက်ဘဝ၌ မူကား ဤဘုရားသာသနာမှာသော်လည်း ကျွတ်နိုင်၏။ နောက်နောက် ဘုရားသာသနာတော်တို့မှာလည်း ကျွတ်နိုင်၏။[၁]

ဆတ္တမာဏဝလုလင်ဝတ္ထု၊ ဖားနတ်သားဝတ္ထု၊ သစ္စကပရိဗိုဇ်တို့သည် နောက်ဘဝ၌ ဤဘုရားသာသနာမှာပင် ကျွတ်ကြကုန်၏။[၁]

တတိယသူနာနှင့် တူသူ[ပြင်ဆင်ရန်]

နေယျပုဂ္ဂိုလ်မျိုးသည် တတိယသူနာနှင့် တူ၏။ တတိယသူနာသည် အနာပျောက်ခွင့်, ဤအနာနှင့်ပင် သေဆုံးခွင့်, နှစ်လမ်းနှင့် ဆက်ဆံသကဲ့သို့ နေယျပုဂ္ဂိုလ်သည်လည်း ယခုဘဝ၌ ကျွတ်ခွင့်, မကျွတ်ခွင့် နှစ်ဖက်နှင့် ဆက်ဆံ၏။ မိမိအရွယ်ဝုဍ္ဎိကိုသိ၍ စွန့်ပယ်သင့်သောအရာကို စွန့်ပယ်၍ ဆရာဥပနိဿယကို ရှာကြံတွယ်တာ၍ နေရာတကျတရားကို ရရှိ၍ ဝီရိယတရားကို လုံလောက်စွာ အားထုတ်စေမူကား ယခုဘဝ၌ ကျွတ်နိုင်၏။[၁]

အလွန်မှောက်မှားသော တရားကို လိုက်စားကျွံလွန်ပြီး ဖြစ်ခဲ့သော်လည်းကောင်း, ကာမဂုဏ်တရားကို မစွန့်နိုင်ရှိခဲ့သော်လည်းကောင်း, စွန့်နိုင်ပါသော်လည်း ဆရာဥပနိဿယကောင်းကို အမှီမရခဲ့သည်ရှိသော်လည်းကောင်း, ဆရာဥပနိဿယကောင်းကို တွေ့ရှိပါသော်လည်း ဝီရိယတရားကို လုံလောက်စွာ အားထုတ်မှု မရှိခဲ့သော်လည်းကောင်း, အားထုတ်လိုပါသော်လည်း အရွယ်ကြီးရင့်၍ စိတ်ရှိတိုင်း မလုပ်နိုင်ခဲ့သော်လည်းကောင်း, ပျိုရွယ်သူဖြစ်ပါသော်လည်း ဂိလာနပုဂ္ဂိုလ်ဖြစ်ခဲ့သော်လည်းကောင်း ယခုဘဝ၌ မကျွတ်နိုင်ပြီ။ အဇာတသတ်မင်း, မဟာဓနသူဌေးသား, ရဟန်း သျှင်သုဒိန်တို့သည် ယခုဘဝ၌ ကျွတ်ထိုက်သော သူတို့ပင် ဖြစ်သည်။ အဇာတသတ်မင်းသည် အဖကို သတ်မိ၍ ယခုဘဝ၌ မကျွတ်နိုင်၊ နောင်သံသရာ၌ ကမ္ဘာနှစ်အသင်္ချေတိုင်အောင် မျောလေ၍ ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့ဟူ၏။[၁]

ဤသို့ ရင့်ပြီးသော ပါရမီရှိသော ပစ္ဆိမဘဝိကသားပင် ဖြစ်ငြားသော်လည်း နိယတဗျာဒိတ် ရရှိပြီးသော သူမဟုတ်ချေက ဘုရားသာသနာနှင့် တွေ့လျက်ပင် ကိုယ်တွင်းကိလေသာ သောင်းကျန်းမှုကျွံလွန်သည့်အတွက် ယခုဘဝ အကျွတ်မရလေ။ ယခုဘဝ ပြုသော မကောင်းမှုကံစုအတွက် အပါယ်၌ ဘဝရှည်လျား၍ နေပြန်လျှင် မေတ္တယျဘုရားရှင့်သာသနာ၌လည်း ပေါ်လာဦးမည် မဟုတ်။ နောက်၌လည်း သုညကမ္ဘာတွေသာ များစွာရှိတော့သည်။ အနီးအပါး၌ ဘုရားပွင့်သော ကမ္ဘာမရှိပြီ။ ရင့်ပြီးသော ပါရမီရှိသော ပစ္ဆိမဘဝိကဖြစ်သူ ထိုသူဌေးသားသည် ကျွတ်ခွင့်လွတ်လမ်း ကွာလှမ်းလျက်ရှိ၏။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ပြုစုစီရင်တော်မူသော ဗောဓိပက္ခိယဒီပနီ။ လယ်တီဒီပနီထွန်းကားပြန့်ပွားရေးအဖွဲ့။