ပုဂံခေတ်မတိုင်မီမြန်မာနိုင်ငံ

ဝီကီပီးဒီးယား မှ

ရှေးဟောင်း ရှမ်းနှင့်ကရင် အခြား လူမျိုးစုများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ဘက် တောင်ကုန်းအရပ်ဒေသများ တဝိုက်တွင် ပုဂံပြည်မတိုင်ခင် နှစ်ရာစု အတန်ကြာ လောက်ကပင် ရှမ်းလူမျိုး များနှင့် အနွယ်တူ လူမျိုးစုများသည် ဝင်ရောက် နေကြပြီး မိမိတို့နှင့် အနွယ်တူ လူမျိုးစုများအလိုက် မြို့ပြပြည်ရွာများ ထူထောင်ပြီးစီး ကြောင်း သမိုင်းဝင်အထောက်အထား များတွေ့ရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မိုးညှင်း ၊ မိုးကောင်း ၊ မြန်မာနိုင်ငံ အရှေ့ ပိုင်း ရွှေလီမြစ်ဝှမ်း ပြည်နယ်များသည် ပုဂံပြည် မတိုင်မှီကပင် ထင်ရှားသည့်ပြည်နယ်များဖြစ်သည်။ ပုဂံခေတ်မတိုင်မှီအထိ အနောက်တိဗက် အနွယ်ဝင်များဖြစ်သည့်ညီနှောင်ဟုခေါ်ခဲ့သည့်ချင်းလူမျိုးနှင့်ဂျင်းဖေါခေါ် ကချင်လူမျိုးနွယ်များသည်ဝင်ရောက်ကြသည်ဟုထင်ရှားခဲ့သည်။ လွန်ခဲ့သည့်ရာပေါင်းများစွာကမြန်မာပြည်စဝင်ချိန်တွင်အကိုဖြစ်သူချင်းကလေးရက်လောက်အရင်သွားနှင့်ပြီးသူသွားရာလမ်းမှတ်သားသိစေရန်ငှက်ပျော်ပင်ကိုတစ်ပင်ပြီးတစ်ပင်ခုပ်လျက် ရှိသည်ဟုသမိုင်းတွင်သိရှိခဲ့ရသည်။ မြန်မာ နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်း အရပ် ဒေသများသို့ ပြန့်နှံ့ဝင်ရောက်ပြီး မိမိ တို့ ဘာသာ ဘာဝ မြို့ပြပြည်နယ်များ တည်ထောင်၍ နေထိုင်ကြသည့် ရှမ်း လူမျိုးစု များသည် ပုဂံပြည်မတိုင်မှီ အထိ မြန်မာနိုင်ငံ သမိုင်းဖြစ်ပေါ် တိုးတက်မှုနှင့် ဆက်စပ်ခြင်း မရှိသေးပေ။

ထိုအချိန်က တရုတ်ပြည်ယူနန်နယ် တွင် တန်ခိုး အင်အားကြီးမား လျက်ရှိ သည့် နန်ချို နိုင်ငံနှင့်သာ ပထဝီဒေသ အရ ဆက်စပ်နေသည် တကြောင်း။ လူမျိုးရေးအရ ဆက်စပ်နေသည် ကြောင့်လည်းဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ယခုခေတ် ကချင်ပြည်နယ်နှင့် အရှေ့ပိုင်း တောင်ကုန်း အရပ်ဒေသများဘက်သို့ပြန့်နှံ့ဝင်ရောက်လျက်ရှိသည့် ရှမ်းလူမျိုးစုများကဲ့သို့ ကရင်လူမျိုးစုများသည်လည်း ယခုခေတ် ကယားပြည်နယ်နှင့် မိုးဗြဲနယ်များတွင်၎င်း ၊ တောင်ငူ နှင့် စစ်တောင်းမြစ် အရှေ့ဘက် တောင်တန်းဒေသများတွင်၎င်း ဝင်ရောက်နေကြပြီဟု အထောက်အထားများ တွေ့ရှိရသည်။

အချို့သမိုင်း သုတေသီများက ကရင်လူမျိုး များသည် မြန်မာနိုင်ငံအတွင်း သို့ရှေးအကျ ဆုံးဝင်ရောက်လာကြ သည့် မောင်းဂွတ် အနွယ်ဝင် များ ဖြစ်သည်ဟု ယုံကြည် ကြသည်။ မြန်မာနိုင်ငံရှိ ကရင်အမျိုးသားများ အကြောင်း ရေးသားခဲ့သည့် မာရှယ်ဆိုသူက ကရင်လူမျိုးများသည် နီဂရစ်တိုများ မြန်မာနိုင်ငံ၌နေထိုင်စဉ် ရှေးပဝေသဏီ အချိန်လောက်ကပင် ဝင်ရောက် နေထိုင် လျက်ရှိသည် ဟု ယူဆကြောင်းယင်း၏ စာအုပ်တွင် ရေးသား ဖော် ပြထားသည်။ မွန် ရာဇဝင်ဟောင်းများ၌လည်း သုဝဏ္ဏဘုမ္မိသထုံကို မတည်ထောင်မှီက က ရင် လူမျိုးနွယ်စုဖြစ်သည့် ပအို့တောင်သူ များသည် သထုံဘက်သို့ ဝင်ရောက်လျက် ရှိပြီဟု ရေးသားထားသည်။


ကျမ်းကိုး

  • ရှမ်းလူမျိုးများအကြောင်း။
  • ဒေါ့ဗ် မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
  • အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅

ရှေးဟောင်းမြန်မာလူမျိုးများ[ပြင်ဆင်ရန်]

အာရှတိုက်ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင်များက မြန်မာလူမျိုး များသည် အရှေ့တိဗက် ဘာသာ ဝေါ ဟာရ အုပ်စုဝင်လူမျိုး တမျိုးဖြစ် သည်ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများသည် တရုတ်ပြည် အနောက်မြောက် ကန်ဆူ နယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက်ကုန်းမြင့် ဒေသတဝိုက်သို့ ပြောင်းသွားကြသည်။

တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်နယ်သို့ ပြောင်းကြသည်။ ထိုအချိန်တွင် ယူနန်နယ်တွင် အင်အားကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်းနေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ်တွင် နန်ချို ထိုင်း ရှမ်း များနှင့် နှစ်အတန်ကြာ နေထိုင် လာခဲ့ကြသည်ဟု ယူဆရသည်။ တရုတ်ရာဇဝင် ဆရာကြီး ဖန်ချုံ၏ မှတ်တမ်း၌ ၎င်းတို့၏ အကြီးအကဲ အားမင်းဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်းများက စောမင်းဟု ခေါ် ဝေါ် ကြောင်း ရေးသားထားသည် ယင်းသို့နန်ချိုထိုင်းရှမ်းများ၏ လက်အောက် တွင် နေထိုင်ရာမှ ထိုင်းရှမ်းတို့၏ ဖိနှိပ်မှုအား မခံနိုင်သဖြင့် မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက်လာကြသည်။ မြန်မာနိုင်ငံသမိုင်းနှင့် ပတ်သက် ၍ အကြား အမြင်များသည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦးစွာ ကျောက်ဆည်နယ်သို့ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြန့် နှံ့သွားသည် ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အနည်းငယ်အတွင်း အခြေစိုက်နိုင်ခြင်းမှာ မြန်မာတို့၏ အစွန်းအစ အပြင် ထိုအချိန်ကာလတွင် နန်ချို ထိုင်းရှမ်းတို့၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး၊ တိုင်းပျက်ပြည်ပျက်နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းရုံသာမက ကုန်ထုတ်လုပ်ငန်းများပါ ပျက်ပြားပြီး ရပ်တည်ရာမရ ကစင့် ကလျား ဖြစ်နေသည့် ပျူလူမျိုးများ နှင့် ရောထွေးနေထိုင်ရာမှ ရာစုနှစ် အနည်းငယ်ခန့်အတွင်း ပျူလူမျိုး များနှင့် သွေးရောနှော သွားကြပြီး လူမျိုးကြီးနှစ်မျိုး ပေါင်းစပ်လိုက်ကြသဖြင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းများ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့်လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည်နှင့် ပုဂံမင်းဆက်ကို စတင် တည် ထောင်လေသည်။


ကျမ်းကိုး

  • ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
  • တရုတ်မှတ်တမ်းဟောင်း
  • ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်

ပျူနိုင်ငံ[ပြင်ဆင်ရန်]

ထိုင်းလင်းခေါ် ယိုးဒယားရှမ်းများ ဝင်ရောက်မလာမှီ ယခုထိုင်းလင်းခေါ် ယိုးဒယားနိုင်ငံတွင် အရှေ့အာရှတိုက်တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ် မဲနံမြစ်ဝှမ်းတဝိုက်တလျောက် ကြီးကျယ် ကောင်းစားခဲ့ သည့် ခမာလူမျိုးများ၏ ကမ္ဗောဒီးယားနိုင်ငံခေါ် ကမ္ဗောဇနိုင်ငံတော်ကြီး ရှိသကဲ့သို့ ၃ ရာစုမတိုင်မှီကပင် ဗီ ယက်နန်ဘက်တွင် စမ္ပပြည်များ တည်ရှိခဲ့သည်ကို ရှေးဟောင်းမြို့ပျက်များ၊ အဆောက်အဦးများ၊ ရှေး ဟောင်း ကျောက်စာများ တူးဖော်တွေ့ရှိခဲ့သည့်၊ မွန်ရာဇဝင်ဟောင်းများ၌ မဲနံမြစ်ဝှမ်းမြောက်ပိုင်း ဒေသအား ယောနကတိုင်း ဟရိပုဥ္စပြည် ၊ တောင်ပိုင်းဒေသအား အယုဇ္ဈယတိုင်း ဒွါရာဝတီပြည်ဟု ဖေါပြထားသည်။

ထိုအချိန်ကာလတွင် ထိုင်းရှမ်းများသည် တရုတ်ပြည်ယူနန်နယ်တွင် နန်ချိုနိုင်ငံအား တည်ထောင်၍ တ ရုတ် ဧကရာဇ်အား လက်ဆောင်ဘဏ္ဍာ ဆက်သရသည့် တရုတ် လက်အောက်ခံ တိုင်းပြည်ဖြစ်သည်၊ ပျူလူမျိုးများနှင့် ပတ်သက်သည့် သမိုင်းဝင် တရုတ်စာပေ ထန်ရာဇဝင်ဟောင်းများမှ ကောက်နုတ်ဖေါပြရလျှင် ပျူလူမျိုးများအား ၄ ရာစုလောက်ကပင် များစွာတိုးတက် ယဉ်ကျေးသည့် လူမျိုးတမျိုး ဖြစ်ပြီး ၈ ရာစု လောက်တွင် ကြီးကျယ်ခန်းနား အံ့ဩဖွယ်ရာမြို့ကြီး ၅ မြို့နှင့် ပြည်နယ်ကလေးပေါင်း ၁၈ နယ်မျှရှိ ကြောင်း ဘုရင်မင်း၏ အမည်ကား မဟာရာဇာတည်း ။ အမတ်ချုပ် အမည်က မဟာသေနတည်း။ မင်းကြီး မဟာရာဇာသည် ခရီးတိုသွားသည့်အခါ ရွှေကြိုးခတ်သည့် ထမ်းစင်စီးပြီး ။ ခရီးရှည်သွားလျှင် ဆင်စီးသည်။ မိဖုရားမောင်းမတရာကျော်ရှိသည်၊ မြို့တော်တံတိုင်းဝန်းကျင်အား စဥ့်အုတ်နှင့်စီထားသည်။

ကျုံးကမ်းပါးကို အုတ်စီသည်။ တံတိုင်းအတွင်း၌ သောင်းပေါင်းများ စွာသော မိသားစုများ နေထိုင်ကြပြီး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ရာကျော်ရှိသည်။ ကျောင်းပရဝုဏ်က အစ အခန်းများပါ ရွှေငွေမွမ်းမံ၍ အနီအဝါစသည့် တောက်ပသည့်ဆေးများရေးခြယ်ထားသည်။ ချိတ်ရောင်ခံ ဆေးသုတ်၍ ပန်းထိုး ကော်ဇောများဖြင့် ဖုံးလွှမ်းထားသည်။ လူအများသည် မေတ္တာရှေ့ထားပြီး သတ္တဝါအများကို သတ်ဖြတ်ညှင်းဆဲရန် ဝန်လေးသည်။ မာန်မာန နှိမ့်ချ၍ ရည်မွန်သည်ကို တန်ဘိုးထားသည်။ စကားအပြောအဆိုနည်း၍ ဗေဒင်ဆရာပေါသည်။ ဤမျှကြီးကျယ် ထင်ရှားသည့် ပျူလူမျိုးများသည် ၉ ရာစုလောက်တွင် နန်ချိုထိုင်းရှမ်းများ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် ဖျက်ဆီးမှုကို ခံလိုက်ကြရသဖြင့် ပျူ လူမျိုးများ တည်ထောင်ခဲ့သည့် မြို့ပြ ပြည်နယ်များသည် ပျက်စီးသွားခဲ့ရသည်။ ထို့အတူ လူမျိုးတမျိုးအဖြစ် ရပ်တည်နိုင်ခြင်း မရှိတော့ပဲ ကစဥ့် ကလျား ဖြစ်သွားရတော့သည်။


ကျမ်းကိုး

  • မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
  • ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
  • ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
  • ထန်တရုတ်မှတ်တမ်းဟောင်းများ
  • ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
  • အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
  • မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)

ဒွတ္တဘောင်မင်းကြီးနှင့်သရေခေတ္တရာ[ပြင်ဆင်ရန်]

ဗုဒ္ဓဂေါတမ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါနိုင်ငံတွင် ဖွားမြင်ခဲ့သည့် သာကီဝင် မင်းတပါး ဖြစ်သည်၊ မင်းသား၏ အဘိုးသည် သာကီဝင် လူမျိုးနွယ်စုအတွင်း ခိုက်ရန်ဖြစ်ပွားပြီး မြန်မာနိုင်ငံ ဧရာဝတီ မြစ်ညာအရပ် တကောင်းတွင်လာနေသည်။ ထိုမင်းအမည်မှာ အဘိရာဇာဟုခေါ်သည်။ ကြီးမြတ်သော မင်းဟု အဓိပ္ပာယ်ရသည်၊ အဘိရာဇာမင်း ကွယ်လွန် သည့်အခါ သားနှစ်ပါးက နန်းလုကြရာ အကြီးက တောင်ဘက် သို့ထွက်လာပြီး ရခိုင်ဓညဝတီသို့ရောက်သွား သည်။ မင်းသားအငယ်က အထက် အညာကို အနိုင်ရလိုက်သည်။ တကောင်း နန်းဆက်မှာ ကံရာဇာငယ် ကစသည့် မင်းဆက် ၃၂ ဆက် မြောက်တွင် နန်ချို ရှမ်းများရောက် ဖျက်ဆီး၍ ပြည်ပျက်ခဲ့ရသည်။ ပြည်ပျက်စဉ် အစု ၃စု ကွဲကာ တစုသည် ဧရာဝတီမြစ်ရိုး တကောင်း တောင် ဘက် မလယ်အရပ်တွင် အခြေချ နေထိုင်ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ကဟု ဆိုသည်။ အဘိရာဇာအား ဘိုးဘွားအရာမှ နှင်ထုတ်သည့် သဘောမျိုးနှင့် သာကီဝင် မင်းတပါးဖြစ်သည့် ဓဇရာဇာသည် မလယ်အရပ်သို့ ရောက်လာပြန်ပြီး ယင်းအရပ်တွင် ခိုကိုးနေသည့် သာကီဝင် မင်းသမီးတဦးနှင့် လက်ထပ်ပြီး ပျူမင်းဆက်ကို တကောင်းတွင် ထပ်၍ ထူထောင်ကြပြန်သည်။ ၁၇ နှစ် မြောက်မင်းသည် မဟာရာဇာမင်းကြီးဟု သောဘွဲ့အမည်ဖြစ်သည်။ မဟာရာဇာမင်းကြီး တွင် နန်းဆက်ခံမည့် သားတော်မရှိ၍ ယောက်ဖတော် ခေပဒုတအား အိမ်ရှေ့အရာ အပ်နှင်းသည် ခေပဒုတ မင်းသားသည် ရန်သူအား နှိမ်နင်းရန် တပ်ထွက်လာပြီး ရန်သူအား နှိမ်နင်းပြီးနောက် မူလနေထိုင်ရာနှင့် အလွန်ကွာဝေးသည့် နေရာရောက်နေသောကြောင့် နောင်အခါ သရေခေတ္ကရာဖြစ်မည့် နေရာတွင် ရသေ့ဝတ် လိုက်သည်။

ရသေ့ကြီး၏ ယောက်ဖ မင်းကြီးတွင် မျက်မမြင် မင်းသား ညီနောင်နှစ်ပါး ရှိသည် ။ မွေးစကပင် ဖျောက်ဖျက်ရန် မင်းကြီးက ခိုင်းသော်လည်း မယ်တော်က တိတ်တဆိတ် မွေးထားခဲ့သည်။ ညီနောင်မင်းသား နှစ်ပါး အရွယ်ရောက်လာသည့်အခါ မင်းကြီးကသိပြီး ဖေါင်ပေါ်တင်ကာမြစ်ထဲမျှောလိုက်သည်။ မြစ်တွင် မျှောပါ လာရင်း မျက်စေ့ အလင်းရသည်။ မြစ်အောက်ပိုင်း အကြေအရပ်တွင်ရှိသည့် ဦးကြီးရသေ့နှင့်တွေ့ကာ ဦးကြီး ရသေ့၏ အစီအမံအတိုင်း မဟာသမ္ဘဝမင်းသားနှင့် ပျူမင်းသမီး နန်းခမ်းအား ထိမ်းမြားစေပြီး ပျူတို့အား အုပ်ချုပ် မင်းလုပ်စေသည်။ ထိုသူတို့မှ ဒွတ္တဘောင်မင်းသားကိုဖွားမြင်သည်။ ဒွတ္တဘောင်မင်းဖြစ်သည့်အခါ အလွန်ကျယ်ဝန်းသည့် သရေခေတ္တရာမြို့ကြီးအားတည်ဆောက်ပါသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တ ဘောင်းမင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမဘုရား ၊ ညီးညီးဘုရား ၊ စီးစီးဘုရား ၊ ဘောဘော ဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။ သို့သော် မင်းကြီးသည် သာသနာမြေ ( ဘုန်းကြီးကျောင်း ) မြေအား သိမ်းယူခဲ့သောအမှုကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှု နည်းပါးခဲ့သည်။ မင်းကြီးသည် ကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန်ရာ ၊ ပန်ထွာ (တောင်တွင်းကြီး) မင်းသမီးနှင့်တွေ့ပြီး ပန်ထွာမင်းသမီး အား ယစ်မူးရင်း မဆင်မခြင်သွားလာရာမှ မုန်တိုင်းမိကာ ရေနစ်ပျောက် ဆုံးသွားသည်။ ရာဇဝင်ကျမ်းတို့တွင် ဒွတ္တဘောင်မင်းကြီး အကြောင်း ရေးသားဖော်ပြကြရာတွင် အရေးပါဆုံး အချက်မှာ ဗုဒ္ဓသာသနာအား စည်ပင်ထွန်းကား ရန် ဘုရင်များသည် ထောက်ပံ့ခဲ့သော်လည်း သာသနာအား ထိခိုက် ဖွယ်ရာတစုံတခု လုပ်မိသည်နှင့် ဘေးဒဏ်သင့်၍ ပျက်စီးရပုံကို ထင်ရှားစွာ ရေးသားဖေါပြကြသည် ကို လေးနက်စွာ သံဝေဂ ယူသင့်ကြသည်။


ကျမ်းကိုး - ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ သမိုင်း စာအုပ် စာမျက်နှာ ၁၈၁ မှ ၁၈၈ ထိ ကောက်နုတ်ဖော်ပြသည်။

ရှေးဟောင်းရခိုင်လူမျိုးများ[ပြင်ဆင်ရန်]

ပျူနှင့်အနွယ်တူ ကမ်းယံလူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသ ဘက်သို့ ဝင်ရောက်သည့် အချိန် ကာလလောက်မှာပင် အနောက်တိဗက် အနွယ်ဝင် အခြားလူမျိုးစုများ သည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသ များသို့ အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသများဘက်မှ ဝင်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့်အခါ ရှေးအကျဆုံး မင်းဆက်များနှင့်ပြည်နယ်များသည် စစ်တွေပတ်ဝန်း ကျင် ဒေသတဝိုက်လောက်တွင် အခြေခံသည်ကို အများဆုံး တွေ့ရှိရသည်။ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဒေသများသို့ ဝင်ရောက်ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့်အနွယ် တူ ကမ်းယံလူမျိုးများသည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှ တဆင့် ဝင်ရောက်လာဖွယ်ရာ ရှိ သည်။ ရခိုင်ရာဇဝင်ဟောင်းများ၌ ရေးသားဖော်ပြထားသည်မှာ ဗုဒ္ဓ ပွင့်တော်မမူမှီ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀၀ ကျော်လောက်မှစ၍ ဓညဝတီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ ကြောင်း ဒုတိယ အကြိမ်ဓညဝတီကိုတည်ထောင်သည့် ကံရာဇာကြီးမင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့်ခေတ်ပြိုင် ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖော်ပြကြသည်။

ရခိုင်ကမ်းရိုးတန်းဒေသတဝိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည်မတိုင်မှီ ရာစု နှစ်များစွာကပင် ပြည်နယ်ကလေးများ မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည် အထူးသဖြင့် ဝေသာလီ သပိတ်တောင် ဓညဝတီပြည်နယ်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီး ကျယ် သည့်ပြည် နယ်များဖြစ်ခဲ့ကြသည်။ သို့သော်ရခိုင်ကမ်းရိုးတန်းဒေသတခုလုံးကိုစည်းလုံးသိမ်းသွင်းသည့် မင်းဆက် များ မရှိခဲ့ပေ။ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းရှိ သံတွဲသည် ၁၃ရာစုခန့်အထိ သီးခြားကင်းလွတ်ခဲ့သည့်ပြည်နယ်ဒေသအဖြစ် တည်ရှိခဲ့သည်။ မြန်မာတနိုင်ငံလုံးကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များ၏ လက် အောက်ပြည်နယ်များအဖြစ် ကျရောက်ခြင်း မရှိဘဲ သီးခြားကင်း လွတ်ခဲ့သည်။



ကျမ်းကိုး

  • ရခိုင်ရာဇဝင် ။ အောင်သာဦး
  • စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇဝင်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု
  • အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
  • မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
  • မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။

ရှေးဟောင်းမွန်လူမျိုးများ ( ၁ )[ပြင်ဆင်ရန်]

ရှေးဟောင်း ပျူလူမျိုးများနည်းတူမြန်မာ နိုင်ငံသမိုင်းနှင့် ထေရဝါဒ ဗုဒ္ဓ ဘာသာ သာသနာကို အခြေခံ အုတ်မြစ်ချပေးခဲ့သူ လူမျိုးကြီး တမျိုးမှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုး များဖြစ်သည်။ အရှေ့တောင်အာရှ တိုက်ဆိုင်ရာ သမိုင်းပညာရှင်များဖြစ်ကြသည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက်တို့က အာရှတိုက် တောင် ပိုင်းဒေသများသို့ ဦးစွာဝင်ရောက်လာ သည့် မောင်းဂွတ်အနွယ်ဝင်များဟု ဆိုကြသည် သို့သော် တိဗက်တရုတ်နှင့်ထိုင်းအနွယ်ဝင်များနှင့် မဆိုင်ပဲ ဩစထရို အေရှတစ် အုပ်စုဝင် လူမျိုးနွယ်များအဖြစ် မွန်ခမာလူမျိုး များအား သတ်မှတ်ကြသည်။

အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေတဝိုက်ရှိ မွန်းဒတ်စ် လူမျိုးများ ၊ ဘင်္ဂလားနယ်ရှိ ဆန်သာလ် လူမျိုးများ ၊ အာသံနယ်ရှိ ခါဆီး လူမျိုးများ ၊ မြန်မာနိုင်ငံရှိ ပလောင် ။ ၀ ။ မွန်လူမျိုး များသည် မူလက လူမျိုးတမျိုးတည်းဖြစ် လိမ့်မည်ဟု ယူဆကြသည်။ သို့သော် အာရှတိုက်တောင်ပိုင်းသို့ ဝင်ရောက် လာကြရင်း အိန္ဒိယ ၊ မြန်မာ ၊ အင်ဒို ချိုင်းနား ကျွန်းဆွယ် ဒေသများသို့ ပြန့်နှံ့သွားကြ သည်ဟု သမိုင်းသုတေသီများက ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် မလာခင်က ငှင်း တို့နှင့်အနွယ်တူ ခမာလူမျိုးများနှင့် အတူ အင်ဒိုချိုင်းနား တဝိုက်တွင် နေထိုင်ခဲ့ကြကြောင်း သမိုင်းဝင်အ ထောက်အထားများ တွေ့ရှိရသည်။ ၁၃ ရာစု လောက်ကမှ ယိုးဒယား ( ထိုင်းလင်း ) များ ဝင်ရောက်နေထိုင်ကြသည်။

အင်ဒို ချိုင်းနား ကျွန်းဆွယ် မဲနံမြစ် ဝှမ်းဒေသ တဝိုက်တွင် ရှေးဟောင်း မွန်လူမျိုးများနှင့် သက်ဆိုင်သည့် မြို့ဟောင်းမြို့ပျက်များ ၊ ဘာသာ ကိုးကွယ်မှုဆိုင်ရာ ၊ ရှေးဟောင်း ကျောက်စာများကို တွေ့ ရှိရသည်။ မွန်ရာဇဝင်ဟောင်းများ၌ မဲနှံမြစ်ဝှမ်း မြောက်ပိုင်း ဒေသကို ယောနကတိုင်း ဟရိပုဥ္စပြည်နယ် ၊ တောင်ပိုင်းဒေသကို အယဇ္ဈယတိုင်း ဒွါရဝတီပြည်နယ်ဟု ရေးသား ဖော်ပြကြပြီး အာရပ် ခရီးသွားမှတ်တမ်းများတွင် လည်း သုဝဏ္ဏဘုမ္ဓိတိုင်း၏ ကြီး ကျယ်ခန်းနားပုံကို ရေးသားထားကြသည်။ ရှေးဟောင်း မွန်လူမျိုးများ သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း ဒေသများ နှင့် ကူးလူးဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှု များကို မြန်မာနိုင်ငံတွင်းသို့ တင်သွင်းခဲ့ကြသည်။


ကျမ်းကိုး

  • ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
  • အရှေ့တောင်အာရှ ရာဇဝင်၊ ဟော-၁၉၅၅
  • မြန်မာ ရာဇဝင် (ဟာဗေး ၁၉၂၅)
  • မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။

ရှေးဟောင်းမွန်လူမျိုးများ ( ၂ )[ပြင်ဆင်ရန်]

၃ ရာစု ခန့်ဝန်းကျင်လောက်တွင် ဗီယက်နမ် နိုင်ငံတွင် ပေါ်ပေါက် ခဲ့သည့် စမ္ပပြည်နယ်နှင့်၎င်း ၊ ၅ ရာစု လောက်တွင် စတင်တည်ထောင် ၍ ၁၃ ရာစု ခန့်လောက်အထိ အင်ဒိုချိုင်းနား ကျွန်းဆွယ်နှင့် အရှေ့အာရှတိုက် တောင်ပိုင်းတွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဇနိုင်ငံတော်ကြီးနှင့် ရှေး ဟောင်းမွန်လူမျိုးများသည် ဆက်သွယ်မှုများ ရှိခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် မဲနံ မြစ်ဝှမ်း ဒေသတဝိုက်တွင် နှစ်ကာလ များစွာ နေထိုင်ပြီးမှ မြန်မာနိုင်ငံတောင်ပိုင်း ဒေသ ဖြစ်သည့် တနင်္သာရီ ဘက်သို့ ပြန့်နှံဝင်ရောက်လာကြသည်။ ထို့နောက် ဧရာဝတီမြစ်ဝှမ်းများနှင့် ၊ စစ်တောင်း ၊ မြစ်ဝကျွန်းပေါ် ပဲခူးဘက်သို့ ပြန့်နှံ့လာပြီး ၉ ရာစုနှစ်ခန့်တွင် ဥဿာပဲခူးပြည်နှင့် မာလ မင်းဆက်ကို ထူထောင်ကြသည်။ ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းဘက်ကိုအခြေစိုက်ထူ ရန်ကြိုးပမ်း အားထုတ်ကြသည့် အိန္ဒိယနိုင်ငံတောင်ပိုင်း ချိုလာမင်းဆက်ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများအကြောင်းအားမွန်ရာဇဝင်များ၌ ရေးသားထားသည်။၁ဝရာစုခန့်က အိန္ဒိယတောင်ပိုင်းချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည်မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ဖော် ပြထားသည်။

ခမာ လူမျိုးတို့၏ ကမ္ဗောဒီးယား နိုင်ငံ တန်ခိုးကြီးမားခဲ့စဉ်က မွန်လူမျိုး တို့၏ မြို့ပြ ပြည်နယ်များကို ယင်း တို့ နိုင်ငံ၏ အစိပ်အပိုင်းတခုအဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာမင်းလက်ထက်တွင် ဥဿ ပဲခူး အား မဲနံမြစ်ဝှမ်းမှ ဂျွန်းစစ်သည်များ လာရောက် တိုက်ခိုက်၍ အနော်ရထာဘုရင်၏ တပ်များက သွားရောက်ကူညီရကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကိုလည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။

ရှေးဟောင်း မွန်လူမျိုးများသည် တနင်္သာရီမှ ပဲခူးအထိပြန့်နှံ့လာပြီး ရာစုနှစ် အနည်းငယ်အတွင်း မြစ်ဝ ကျွန်းပေါ် ဒေသတခုလုံးသို့ ပြန့်နှံ့သွားကြသည်။ ရန်ကုန် မြောင်းမြ ပုသိမ် ဖျာပုံ ကျိုက်လတ် တွံတေး ဒေးဒရဲ လပွတ္ကာ ဓနုဖြူ ကျုံပျော် မြို့များသည် မွန်လူမျိုးများ တည်ထောင် ခဲ့ကြသည့်မြို့ပြများ ဖြစ်ပြီး အခေါ် အဝေါ် များသည်လည်း မွန်လူမျိုးတို့ ဝေါဟာရများ ဖြစ်သည်။

၁၄ ရာစုခန့်လောက်တွင် ရှေးဟောင်း မွန်လူမျိုးတို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ်နေခြင်း အား ရာမညတိုင်းကို စတင်ထူထောင် သည့် ဝါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင်က ပထမဦးဆုံးအကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ ရှေးဟောင်း မွန်လူမျိုးတို့၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာနှင့် ယဉ်ကျေးမှုများအား လေ့လာတွေ့ရှိချက်တွင် ရှေးဟောင်း ပျူလူမျိုးများကဲ့သို့ ဗြဟ္မဏနှင့် မဟာယနများကို မတွေ့ရှိရဘဲ ထေရဝါဒဆိုင်ရာ ယဉ်ကျေးမှုများကိုသာ တွေ့ရှိရသည်။ ပိသုကာနည်းမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်းသို့နွယ်ကာ ပါဠိစာပေကိုသာသုံးစွဲပြီး အက္ခရာ အရေးအသားမှာ အိန္ဒိယ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသသုံး ပါလဝအက္ခရာမျိုးနှင့် ဆင်တူလေသည်။



ကျမ်းကိုး

  • ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
  • အရှေ့တောင်အာရှ ရာဇဝင်၊ ဟော-၁၉၅၅
  • မြန်မာ ရာဇဝင် (ဟာဗေး ၁၉၂၅)
  • မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။

ရှေးဟောင်းပျူလူမျိုးများ[ပြင်ဆင်ရန်]

သဘာဝ အရိုင်းသက်သက်မျှသာ ရှိသေးသည့် မြန်မာနိုင်ငံတွင်းသို့ ပထမဦးဆုံး တိုးဝှေ့ဝင်ရောက်လာသည်မှာ အနောက်တိဗက်အနွယ်ဝင် ပျူလူမျိုးများဖြစ်သည်။ ပျူနှင့်အနွယ်တူ ရှေးဟောင်းလူမျိုးများသည် အိန္ဒိယ ပြည် အရှေ့ဘက်ဒေသများမှ အစုစု ကွဲကာ ဧရာတီမြစ်ဝှမ်း ဒေသတဝိုက် သို့ ပြန့်နှံ့သွားကြဟန်ရှိသည်။ ရခိုင်ကမ်း ရိုးတန်းဒေသသို့လည်း ဝင်ရောက်သွားကြသည်ဟု ယူဆရသည်။ ဧရာဝတီမြစ်ဝှမ်း ဒေသတဝိုက် တွင် ပျူလူမျိုးများနှင့် သက်ဆိုင် သည့် ရှေးဟောင်းမြို့ပျက်များ၊ အသုံးအဆောင်များအား ရှာဖွေတူးဖော် တွေ့ရှိချက်အရ ရှေးဟောင်း ပျူ လူမျိုးများသည် မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘို မုံရွာ အလောင်းတော် ကဿပ ဖိုးဝင်းတောင် ၊ ဟန်လင်းကြီး၊ တကောင်း၊ မြင်းခြံ၊ ပုဂံ၊ ပုပ္ပား၊ မကွေး၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီး ရမည်းသင်း၊ ညောင်လွန်၊ ပြည်၊ မှော်ဇာနယ်များတွင် မြို့ပြပြည်ရွာများ ထူထောင်ခဲ့ကြ သည်ဟု အထောက်အထား အခိုင်အမာ တွေ့ရှိရသည်။ သရေခေတ္တရာမြို့ဟောင်းအား တူးဖော်သည့်အခါ ဝိကရာမနှင့်ဝါရမမင်းဆက်များ ၏ အရိုးအိုးများကို ရှာ ဖွေတွေ့ရှိရသည်။ ဝိကရာမနှင့် ဝါရမမင်းဆက် များသည် ၊ ၇ ရာစုခန့်လောက်က သရေခေတ္တရာတွင် စိုးစံခဲ့ ကြောင်း အရိုးအိုးများပေါ် တွင် ကမ္ဗည်း ထိုးထားသည့် စာတမ်းများက အ ခိုင်အမာသက်သေခံ လျက်ရှိသည်။ ယင်းအနောက် တိဗက်အနွယ်ဝင် ပျူ လူမျိုးများနှင့် အနွယ်တူလူမျိုး များသည် အိန္ဒိယအရှေ့ပိုင်းဒေသ သို့ ရောက်နှင့်နေကြသော အင်ဒိုအာရိယန်များနှင့် နှစ်ကာလ အတန်ကြာ နေထိုင်လာခဲ့သော ကြောင့် အင်ဒို အာရိယန်များထံမှ ကုန်ထုတ်လုပ်မှု အတွေ့အကြုံနှင့် ယဉ်ကျေးမှုများကို ဆက်ခံရရှိလာဖွယ်ရှိသည်။ တူးဖော်တွေ့ ရှိရသည့် ကိုးကွယ်မှုဆိုင်ရာ ဘုရားပုထိုးများ၊ ရုပ်တုဆင်းထုများကိုကြည့်၍၊ ဗြဟ္မဏ၊ မဟာယန ထေရဝါဒ ဗုဒ္ဓဘာသာ စသည်ဖြင့် ရောထွေးနေကြောင်း ထင်ရှားစွာ တွေ့ ရသည်။ ပျူတို့၏ ဗိသုကာနည်းမှာ ၊ အိန္ဒိယပြည် ဂုတ္တခေတ်သို့နွယ်နေပြီး သက္ကတနှင့် ပါဠိစာပေများကိုသုံးစွဲကြောင်း သိရသည်။ အက္ခရာ အရေးအသားမှာ အိန္ဒိယနိုင်ငံ သုံးဗြဟ္ဓီသို့နွယ်သည့်ကဒမ္ဘ အက္ခရာမျိုးနှင့်ဆင်တူလေသည်။ သမိုင်းဝင်တရုတ်နန်းတွင်း မှတ်တမ်းများနှင့် တရုတ်စာပေများ ၌ မြန်မာနိုင်ငံ ပျူလူမျိုးများသည် ၄ ရာစုလောက်ကတည်းက တိုးတက် ယဉ်ကျေးလျက်ရှိသည့် လူမျိုးအဖြစ်ဖော်ပြထားသည်။ ၈ ရာစုလောက်တွင် ပျူလူမျိုးများတွင် ကြီးကျယ်ခန်းနားပြီးအံ့ဩလောက်ဖွယ်ရာ မြို့ကြီး ၅ မြို့နှင့် ပြည်နယ်ကလေးများ ၁၈ နယ် မျှရှကြောင်း ပျူမင်းသားအရှင်သခင်များတွင် အချွေအရံများ ကျေးကျွန်သင်းပင်းများရှိကြောင်း ယူနန်နယ် နန်ချိုဘုရင်သည် ပီကင်းတရုတ်ဧကရာဇ်ဘုရင်ထံ အဖူးအမျှော် လာရောက်သည့်အခါ သံအဖွဲ့နှင့်အတူ ပျူ မင်းသားအကြီးအကဲနှင့် ကချေသည် အဖွဲ့တစ်ဖွဲ့လည်းပါလာကြောင်း ဖော်ပြမှတ်တမ်းတင်ထားသည်။



ကျမ်းကိုး

  • မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
  • ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
  • အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
  • ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
  • ထန်တရုတ်မှတ်တမ်းဟောင်းများ
  • ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
  • အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
  • မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)

ပုဂံပြည်မတိုင်ခင်က မြန်မာနိုင်ငံနှင့် ထေရဝါဒသာသနာ[ပြင်ဆင်ရန်]

ရှေးနှစ်ပေါင်း ငါးထောင်လောက်က အင်ဒို အာရိယန်လူမျိုးများ ဂင်္ဂါ၊ အိန္ဒိယနိုင်ငံ အိန္ဒူမြစ်ဝှမ်းများသို့ မ ဝင်ရောက်မပြန့်နှံ့မီနှင့် မောင်းဂွတ် အနွယ်ဝင်များ အာရှ တိုက်အရှေ့ပိုင်း အရှေ့တောင်ပိုင်းများသို့ မဝင်ရောက် မပြန့်နှံ့သေးမီကပင် မြန်မာနိုင်ငံတွင် ကျောက်လက်နက်များ အသုံးပြုခဲ့ သည့် ရှေးဟောင်း လူမျိုးများ နေထိုင်ခဲ့ကြသည့် အထောက်အထားများ တွေ့ရှိခဲ့ရသည်။ အထက် မြန်မာနိုင်ငံ ဒေသများနှင့် ပဲခူးခရိုင်၊ မြင်းခြံ၊ ပခုတ္ကူ၊ သရက်၊ မကွေးခရိုင်နှင့် ရခိုင် တနင်္သာရီကမ်းရိုးဒေသများတွင် အနှံ့အပြားရှာဖွေတူးဖော်ရရှိခဲ့သည်၊ ကျောက်ခေတ် လူမျိုးများ နောက်ပိုင်း ၊ အာရှတိုက် အရှေ့တောင်ပိုင်းသို့ ဝင်ရောက်လာကြသည့် အင်ဒိုနီး ရှင်းများသည်မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်း တွင် နှစ်အတန်ကြာနေထိုင် သွားကြ သည်ဟု ယူဆရသည်။ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတဝိုက်တွင် နှစ်ပေါင်း နှစ်ထောင်ကျော် က နေထိုင်သွားခဲ့ကြသည့် အင်ဒိုနီး ရှင်း များအား ရှေးခေတ် ပထဝီီပညာရှင်ကြီး တိုလေမီက လူသားစား အရိုင်းအစိုင်းများ ဟုဖော်ပြခဲ့သည်။ မြိတ် ကျွန်းစုတဝိုက်ရှိ ဆလုံလူမျိုးများသည် အင်ဒိုနီးရှင်း အကြွင်းအကျန်များဟု သမိုင်းပညာရှင်များက ယူဆကြ သည်။ နောက်ပိုင်း အင်ဒိုအာရိယန်လူမျိုးများသည် အိန္ဒိယပြည်သို့၎င်း။ မောင်းဂွတ်အနွယ်ဝင်များသည် အာရှတိုက်အရှေ့ပိုင်း၊ တောင်ပိုင်းများသို့ ဝင်ရောက်လာကြသည်။ ယင်းလူမျိုးကြီး နှစ်မျိုးသည် အာရှတိုက်သို့ ဝင်ရောက်လာကြပြီး တွေ့ဆုံခဲ့ကြ သည်ကို အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များက လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ငါးရာနှင့် သုံးထောင်ခန့်အကြားဟု ခန့်မှန်းကြသည်။ မောင်းဂွတ်အနွယ်များအား အိန္ဒိယ ပြည်တွင် အင်ဒိုအာရိယန်များက ဖိသဖြင့် အရှေ့တိဗက်နှင့် အနောက်တိဗက်ဟူ၍ အုပ်စုနှစ်စုကွဲသွားသည်။ အရှေ့တိဗက်အုပ်စုက တရုတ်ပြည် ယူနန် နယ်ဘက်သို့ ဝင်ရောက်သွားပြီး အနောက် တိဗက်အုပ်စုက အိန္ဒိယပြည် တွင်းသို့ ဝင်ရောက်သွားသည်။ အနောက် တိဗက်အုပ်စုကို အင်ဒိုအာရိယန်များက ဖိသဖြင့် မဏိပူရ၊ အာသံနယ်များမှ တဆင့်မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာကြသည်။ တရုတ်ပြည် ယူနန်နယ်ဘက်သို့ ဝင်ရောက်သွားကြသည့် အရှေ့တိဗက်အုပ်စုသည် တရုတ်က ဖိသဖြင့် မြန်မာနိုင်ငံတွင်းသို့ အစုစုကွဲပြီးဝင်ရောက်လာကြပြန်သည်။ သို့ရာတွင် မောင်းဂွတ်အနွယ်ဝင် မွန်ခမာ လူမျိုး စုများသည် အင်ဒိုချိုင်းနား ကျွန်းဆွယ်ဒေသများသို့ သမိုင်း၏ ခပ်စောစော အချိန်ပိုင်းလောက်ကပင် ဝင်ရောက်နေကြပြီဖြစ်သည်။ လွန်ခဲ့ သည့် နှစ်ပေါင်း၂၀၀၀ နှင့် ၂၅၀၀ ကြားတွင် တရုတ်ပြည် ချင်မင်းဆက် ဘုရင်များသည် ယခင်က လူမျိုးစုအလိုက် အကွဲကွဲ အပြားပြား ပေါ်ပေါက်လျက်ရှိသည့်ပြည်နယ် များအား တရုတ်ပြည်ကြီး တပြည် ဖြစ်လာရန်စည်းလုံးနိုင်ခဲ့ကြသည်။

ထို့အတူ အိန္ဒိယပြည် ( တောင်ပိုင်း မှလွဲ၍ ) စန္ဒဂုတ်မင်း ဆက်ဘုရင်များ သည် လူမျိုးစုအလိုက် အကွဲကွဲအ ပြားပြား ဖြစ်နေပေါ်နေကြသည့် ၊ မာဂဓ ၊ ဝိဒေဟ ၊ ကောသလ ၊ ပဥ္စလာစသည့် ပြည်နယ်များကို သိမ်းသွင်းပြီး အိန္ဒိယပြည်ကြီးကို စည်းလုံးနိုင်ခဲ့သည်၊ ထိုသမိုင်းများသည် အထောက်အထား ခိုင်လုံသည့် အိန္ဒိယနှင့် တရုတ်ပြည်တို့၏ သမိုင်းဝင်အဖြစ် အပျက်များဖြစ်သည်၊


ကျမ်းကိုး

  • မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
  • ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
  • အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
  • ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
  • ထန်တရုတ်မှတ်တမ်းဟောင်းများ
  • ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
  • အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
  • မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
  • ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်

မူရင်း ရင်းမြစ်[ပြင်ဆင်ရန်]

[၁] Archived 30 September 2019 at the Wayback Machine.