ပါရာယန

ဝီကီပီးဒီးယား မှ

ပါရာယနဝတ္ထုနှင့် ရာဇဝင်ကျော်တို့သည် ပေလေးပင် ရှင်လေးပါးအနက် တစ်ပါးအပါအဝင်ဖြစ်သော ရှင်မဟာသီလဝံသ ပြုစုရေးသားတော်မူခဲ့သည့် စကားပြေဝတ္ထုများဖြစ်ကြလေသည်။ ပါရာယနဝတ္ထုကို အင်းဝဘုရင် ဒုတိယမင်းခေါင် နတ်ရွာစံပြီးနောက် သားတော်ရွှေနန်းကြော့ရှင် ဘုရင် နရပတိ နန်းတက်သော သက္ကရာဇ်ဖြစ်သည့် ၈၆၃ခုနှစ်တွင် ရေးသားပြုစုတော်မူခဲ့သည်။ “ဘုရားသခင် သာသနာတော် နှစ်ထောင် အနှစ် ငါးဆယ့် ငါးနှစ် စေ့သောအခါ၌ ရွှေနန်းကြော့သခင် ဘုရင် နရပတိမင်းကြီး အောင်မြင်ခါ ဆယ်နှစ်စေ့လေသော၌ ပါရာယနသတ္ထုက စီရင်သောအခန်းကာ ဤ ဝယ်ရွေ့ပြီးပြည့်စုံ၏။” ဟု နိဂုံးစကားကို ထောက်လျှင် ၈၇၃ခုနှစ်တွင် စီရင်သည်ဟု ဆိုဖွယ်ရှိ၏။ အဆိုပါဝတ္ထုသည် တွေ့ရှိရသမျှသော မြန်မာစကားပြေတို့တွင် အဦးဆုံး အဟောင်းဆုံးဟု ဆိုအပ်ပေသည်။ ပါရာယနသုတ္တန်တရားကို အခြေခံမူတည်၍ ပါရာယနဝတ္ထုကို အခန်းကြီး ၄ခန်း၊ ဝတ္ထုကြီး ၈ဝတ္ထု၊ ဝတ္ထုငယ်များစွာတို့ဖြင့် တန်ဆာဆင်၍ စီရင်ရေးသားတော်မူရာ အခန်းကြီး ၄ခန်းနှင့် ဝတ္ထုကြီး ၈ဝတ္ထုတို့မှာ-

  • အခန်း(၁) ရဟန်းတော်တို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော အရှင်သာရိပုတ္တရာ ဝတ္ထုနှင့် အရှင်မောဂ္ဂလာန် ဝတ္ထု။
  • အခန်း(၂) ရဟန်းမိန်းမထေရီတို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော ခေမာထေရီ ဝတ္ထုနျင့် ဥပ္ပလာဝဏ်ထေရီ ဝတ္ထု။
  • အခန်း(၃) လူဒါယိကာတို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော စိတ္တသူကြွယ် ဝတ္ထုနျင့် ဟတ္ထာဠဝက ဝတ္ထု။
  • အခန်း(၄) လူဒါယိကာမတို့ ကျင့်သုံးလိုက်နာ နည်းယူရန် ပြဆိုသော ဥတ္တရာမိန်းမမြတ် ဝတ္ထုနှင့် နန္ဒမာတာ မိန်းမမြတ် ဝတ္ထုများ ဖြစ်ကြ၏။

ဤနန္ဒမာတာ ဝတ္ထုတွင် နန္ဒမာတာ ရွတ်ဖတ်သရဇ္ဈယ်သော ပါရာယနသုတ်ကို အကြောင်းခံ၍ ဤဝတ္ထုတစ်ခုလုံးကိုလည်း ပါရာယနဝတ္ထုဟု အမည်တပ်၍ မှတ်သားခြင်း ဖြစ်ပေသည်။


ပါရာယနသုတ်မှာ ဗာဝရီ မည်သော မင်းဆရာပုဏ္ဏား ရသေ့ကြီးနှင့် အဇိတ စသော ပုဏ္ဏားရသေ့ငယ် တပည့် တစ်ကျိပ် ခြောက်ဦးတို့ အသီးသီး မေးအပ်သော ပြဿနာများကို မြတ်စွာ ဘုရားသခင် အသီးသီး ဖြေဆိုဟောကြားတော်မူသည့် သုတ္တနိပါတ် ပါဠိတော်လာ တရားဒေသနာတော် ပင်ဖြစ်သည်။ ပါရာယန၌ ပါရ+အယန ဟူသော ၂ပုဒ်တွင် ပါရ = ပါရာယန = သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်နန်းသို့ ကူးသန်းရောက်ရာ ခရီးလမ်းမဟာဟု ဆိုလိုပေသည်။ ပါရာယနသုတ္တန်လာ ပုစ္ဆာပြဿနာများမှာ-

  • (၁) ဦးခေါင်းမည်သည်ကား အဘယ်နည်း။
  • (၂) ဦးခေါင်း ပြတ်တတ်သော အကြောင်းကား အဘယ်နည်း။
  • (၃) လူတကာကို အဘယ်တရားသည် ဖုံးကွယ်သနည်း။
  • (၄) အဘယ် အကြောင်းကြောင့်လျှင် မထင်ရှားနိုင်သနည်း။
  • (၅) အဘယ် တရားလျှင် မျောက်နှဲစေးနှင့် တူသနည်း။
  • (၆) လူဟူသမျှတို့၏ ဘေးကြီးကား အဘယ်နည်း။
  • (၇) တဏှာအယဉ်၊ ဒိဋ္ဌိအယဉ်တို့ကို စောင့်ရှောက်နိုင်သည်ကား အဘယ်တရားနည်း။
  • (၈) အယဉ်တို့ကို ပိတ်ဆို့နိုင်သည်ကား အဘယ်တရားနည်း။
  • (၉) ပညာ၊ သတိ၊ နာမ်ရုပ်တရားသည် အဘယ်၌ ချုပ်ပါသနည်း။
  • (၁၀) ရဟန္တာပုဂ္ဂိုလ်၊ သေက္ခပုဂ္ဂိုလ်တို့ကား အဘယ်သို့ ပြုကျင့်နေထိုင်သနည်း။

ဤသို့ စသည်ဖြင့် အဇိတ၊ တဿ မေတ္တယျ၊ ပုဏ္ဏက စသော ရသေ့ ၁၆ဦးတို့ အသီးသီးပြဿနာပြု၍ မေးလျှောက်ကြကုန်၏။ မြတ်စွာ ဘုရားသခင်လည်း ထိုပြဿနာတို့ကို တစ်ခုမကျန် အသီးသီးဖြေဆိုတော်မူ၏။ ဤအမေး၊ အဖြေ ၂ရပ်ကိုပင် ပါရာယနသုတ်ဟု ခေါ်ဆိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရှင်မဟာသီလဝံသ ပါရာယန ဝတ္ထု၊ ပဉ္စမအကြိမ်။