မာတိကာသို့ ခုန်သွားရန်

ပါရဂူ (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
(ပါရဂူ မှ ပြန်ညွှန်းထားသည်)
ပါရဂူ
အမည်ရင်းဦးလှကြိုင်
မွေးဖွား၁ဝ၊ ၁၁၊ ၁၉၂၁
သနွံသနော့ ကျေးရွာ (ဟင်္သာတခရိုင်)
ကွယ်လွန်၂၀၁⁠၁ခုနှစ်၊ ဧပြီလ၊ ၉ရက်နေ့
ရန်ကုန်
ကလောင်အမည်ဝိဇ္ဇာ၊ လှကြိုင်၊ ပုဏ္ဍရိက
အလုပ်အကိုင်စာရေးဆရာ
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
ပညာရေးဟိန္ဒူတက္ကသိုလ်
ရရှိသည့်ဆုများအနုပညာစာပေဆု (ဘာသာပြန်ပထမဆု)၊ စာပေရွှေတံဆိပ်ဆု၊ အမျိုးသားစာပေဆု (ဘာသာပြန်ရသဆု)၊ အမျိုးသားစာပေ တစ်သက်တာဆု
မိဘဦးဘစော + ဒေါ်မေတုတ်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

လက်မှတ်

အမည်ရင်း ဦးလှကြိုင်ဖြစ်ပြီးဇာတိမှာ ဟင်္သာတခရိုင် သနွံသနော့ရွာဖြစ်သည်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး စစ်အပြီးတွင် ဟိန္ဒူတက္ကသိုလ်၌ ပညာသင်သည်။ စစ်မဖြစ်မီကာလကစ၍ တိုးတက်ရေးနှင့် ဒဂုန်မဂ္ဂဇင်း တွင် စာရေးသည်။ ၁၉၅၆ ခုနှစ် အိန္ဒိယပြည် နယူးဒေလီမြို့၊ အာရှစာရေးဆရာများညီလာခံ အတွင်းရေးမှူးများအဖွဲ့၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်၊ မြန်မာပြည် တဂိုးအသင်း၏ အမှုဆောင်၊ မြန်မာပြည် ဟိန္ဒူစာပေအသင်း၏ ဒုဥက္ကဋ္ဌ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်များ၏ အရှေ့တိုင်းစာပေတွင် လူကြီးတာဝန်များ ထမ်းဆောင်ခဲ့သည်။

ကိုယ်ရေးဖြစ်စဉ်

[ပြင်ဆင်ရန်]

ဆရာ ပါရဂူသည် သနွံသနော့ရွာ မူလတန်း ကျောင်း၌ စတုတ္ထတန်းအထိ ပညာ သင်ကြားခဲ့သည်။ ၁၂ နှစ်သားအရွယ်တွင် သနွံသနော့ ဘုန်းတော်ကြီးကျောင်း၌ သာမဏေ ဝတ်သည်။ ဘွဲ့အမည်မှာ ရှင်ပုဏ္ဍရိက ဖြစ်သည်။ ၁၄ နှစ် အရွယ်တွင် ဟင်္သာတမြို့ မြစ်ကွေး ကျောင်းတိုက်၌ ပညာ သင်သည်။ ရှင်ပုဏ္ဍရိက ဘွဲ့အမည်ကို ရှင်ပါရဂူဘွဲ့ အမည် ပြောင်းသည်။ ၁၅ နှစ် အရွယ်တွင် သန်လျင် မြို့နယ် လဟာရက်ရွာ ပထမပြန် စာသင်တိုက်မှ အစိုးရ ပထမပြန် စာမေးပွဲ ပထမငယ်တန်း အောင်မြင်သည်။ ၁၆ နှစ် အရွယ်တွင် ပထမလတ်တန်း၊ ၁၇ နှစ် အရွယ်တွင် ပထမကြီးတန်း တို့ကို အောင်မြင်သည်။ ထိုနှစ်က ဟံသာဝတီ တခရိုင်လုံး ပထမကြီး နှစ်ပါးတည်း အောင်မြင်ရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။ ပထမပြန် စာမေးပွဲ သမိုင်း၌ ထိုနှစ် ထိုအချိန်ထိ ၁၇ နှစ်နှင့် ပထမကြီး အောင်မြင်သူ နှစ်ပါးတည်းသာ ရှိရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။


၁၉၃၉ ခုနှစ်တွင် မျိုးညွန့်နွယ် အမည်ဖြင့် တိုးတက်ရေး မဂ္ဂဇင်း၊ သာမဏေ ရှင်ပါရဂူ အမည်ဖြင့် ဒဂုန် မဂ္ဂဇင်း တို့တွင် ဆောင်းပါးများ ရေးသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသော အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ဂုဏ်ထူးသုံးကျမ်းဖြင့် အောင်မြင်သည်။ တိုးတက်ရေး မဂ္ဂဇင်းတွင် ဘုန်းကြီးကျောင်းသား အမည်ဖြင့် ဝိပါက်ဝတ္ထုနှင့် ရင်သွေးဝတ္ထု တို့ကို ရေးသည်။


၁၉၄၂ ခုနှစ်တွင် မြစ်ကွေ့ကျောင်းတိုက် စတုတ္ထဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ်ဆရာ အရာထားပြီး ဘကြီးတော်သူ ဦးဘိုးသီ၊ ဒေါ်စောလေး တို့က ရဟန်းဒါယကာ ပြုလျက် ဥပသမ္ပဒါကံဆောင် ရဟန်းအဖြစ် ရောက်ရှိခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် သန်လျင်မြို့ ဂျပန် စာသင်ကျောင်း (ယခင် စိန်ဂျောဂျက်)၌ ဂျပန်စာ နှစ်နှစ် သင်သည်။ မြန်မာတနိုင်ငံလုံးရှိ ဂျပန် စာသင်ကျောင်းများအတွက် ထုတ်ဝေသော ဂျပန် စာစောင်၌ ဂျပန်ဘာသာဆောင်းပါး ရေးသည်။


အိန္ဒိယ သူဌေးကြီး ဗီရလာ၏ အရိဓမ္မ ပညာတော်သင် ဆုဖြင့် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၊ ဗာရာဏသီ ဟိန္ဒူ တက္ကသိုလ်၊ အိုရီယမ်တယ် ကောလိပ်၌ ဟိန္ဒီနှင့် သက္ကတ သင်သည်။ ထိုအချိန်တွင် မိဂဒါဝုန် မဟာ ဗောဓိ အသင်းက ထုတ်ဝေသော ဟိန္ဒီဘာသာ ဓမ္မဒူတ စာအုပ်၌ ဟိန္ဒီဘာသာ ဆောင်းပါး ရေးသည်။ ဂျာနယ်ကျော် ၌လည်း ရေးသည်။ ၁၉၅၂ တွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဝိဇ္ဇာ အမည်ဖြင့် ဗော်လဂါမှ ဂင်္ဂါသို့ (ဒုတိယပိုင်း) ရေးသည်။ ၁၉၅၄ ခုနှစ်တွင် ပါရဂူ အမည်ဖြင့် ဗုဒ္ဓစကား ရေးသည်။ ၁၉၅၅ ခုနှစ်တွင် လူဝတ်လဲသည်။


၁၉၅၆ ခုနှစ်တွင် နယူးဒေလီမြို့ အာရှ စာရေးဆရာများ ညီလာခံ အတွင်းရေးမှူး အဖွဲ့သို့ မြန်မာ စာရေးဆရာ ကိုယ်စားလှယ် အဖြစ် တက်ရောက်သည်။ ၁၉၅၇ - ၆၁ အထိ မြန်မာနိုင်ငံရှိ အိန္ဒိယ သံရုံး ပြန်ကြားရေး ဘာသာပြန် အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၅၈ မှ ၁၉၆၁ အထိ မြန်မာနိုင်ငံ စာရေး ဆရာ အသင်းတွင် အမှုဆောင် တာဝန် ထမ်းဆောင်သည်။ ၁၉၆၃ ခုနှစ်တွင် သုန္ဒရာနန္ဒ ခေါ် ညီတော်မင်းနန် စာအုပ်ဖြင့် အနုပညာဆိုင်ရာ ဘာသာပြန် စာပေဆု ချီးမြှင့်ခြင်း ခံရသည်။


၁၉၆၃ မှ ၁၉၆၅ အထိ မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ အသင်း အမှုဆောင်၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း အမှုဆောင်၊ ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာ ကော်မရှင် အဖွဲ့ အဖွဲ့ဝင် တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကောလိပ်နှင့် တက္ကသိုလ် များ၏ အရှေ့တိုင်း စာပေ သင်ကြားရေး အဖွဲ့ အဖွဲ့ဝင် အဖြစ် စတင် ဆောင်ရွက်သည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသော အာဂျ် (AJ) နေ့စဉ် သတင်းစာတွင် ပါရဂူ အမည်ဖြင့် ဗာရာမာကီကျိတ္တိ (မြန်မာပြည်မှ ပေးစာများ) ရေးသော ပင်တိုင် ဆောင်းပါးရှင် ဖြစ်သည်။ ကရာချိမှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော ယူနက်စကို နယူးစ်လက်တားတွင် လှကြိုင် အမည်ဖြင့် မြန်မာနိုင်ငံ စာပေယဉ်ကျေးမှု သတင်းဆောင်းပါးများ ရေးသည်။


၁၉၈၆ တွင် ဂေါရီ စာအုပ်ဖြင့် ၁၉၈၆ ခုနှစ် အမျိုးသား စာပေ ဘာသာပြန်ဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာပြည် တဂိုးအသင်း ဥက္ကဋ္ဌ၊ မြန်မာပြည် ဟိန္ဒီအသင်း ဥက္ကဋ္ဌ၊ ၁၉⁠၉၈ ခုနှစ် မြန်မာနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ် ပညာရေး အဖွဲ့ အဖွဲ့ဝင်၊ အပြည်ပြည် ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာ အဖွဲ့ (ဓမ္မဇောတိ) အမှုဆောင်၊ မင်္ဂလာဗျူဟာ ပရဟိတ အဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင် ခဲ့သည်။


၂ဝ⁠ဝဝ ပြည့်နှစ်တွင် ပြန်ကြားရေး ဝန်ကြီး ဌာန မြန်မာ ရည်ညွှန်းကျမ်း စီစဉ်ရေး အဖွဲ့ အဖွဲ့ဝင်၊ နော်ဝေရောက် အိန္ဒိယ အမျိုးသားများ အင်္ဂလိပ် - ဟိန္ဒီ နှစ်ဘာသာဖြင့် ထုတ်ဝေသော သျှံတိဒူတ မဂ္ဂဇင်း၏ အကြံပေး တာဝန် ထမ်းဆောင်သည်။

၂ဝ⁠ဝ၁ ခုနှစ်၊ ပခုက္ကူ ဦးအုန်းဖေ၏ တသက်တာ စာပေဆု ချီးမြှင့်ခြင်း ခံရသည်။ ဆရာ ပါရဂူသည် ၂ဝ⁠ဝ၁ ခုနှစ် အသက် (၈ဝ) ပြည့်ချိန်တွင် လုံးချင်း စာအုပ် ၁ဝဝ အထိ ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် ယခုအခါ အမှတ် ၃၊ ငါးထပ်ကြီး ဘုရားလမ်း ဗဟန်း မြို့နယ်တွင် နေထိုင်လျက် ရှိသည်။ []

ဆရာပါရဂူသည် ဗဟန်းမှ ခြံအမှတ်၉⁠၉၈၊ ၉⁠၉ဝ၊ ဦးပုညလမ်း၊ ၁၆ရပ်ကွက်၊ ရွှေပေါက်ကံသို့ ပြောင်းသွားသည်။ သူ၏ အိမ်တွင် သျှန်တိနိကေတန် စာကြည့်တိုက်ကြီးကို တည်ထောင်ထားသည်။ ဆရာပါရဂူသည် အိမ်ထောင်မရှိသူ လူပျိုကြီး ဖြစ်သည်။

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

ဆရာပါရဂူသည် (၉၀ နှစ်) ၂၀၁⁠၁ခုနှစ်၊ ဧပြီလ၊ ၉ရက်နေ့တွင် နှလုံးရောဂါဖြင့် ရွှေဂုံတိုင်အထူးကုဆေးခန်းတွင် ကွယ်လွန်သွားခဲ့သည်။

ရရှိခဲ့သောဆုများ

[ပြင်ဆင်ရန်]

၁၉၆၃ခုနှစ်တွင် ညီတော်မင်းနန် စာအုပ်ဖြင့် အနုပညာစာပေဆု (ဘာသာပြန်ပထမဆု) ရခဲ့သည်။

၁၉၆၇ခုနှစ်တွင် မြန်မာနိုင်ငံ ဟိန္ဒူစာပေအသင်း၏ စာပေရွှေတံဆိပ်ဆု၊

၁၉၈၆ခုနှစ်တွင် ဂေါရီ စာအုပ်ဖြင့်အမျိုးသားစာပေဆု ( ဘာသာပြန်ရသဆု ) ရရှိခဲ့ကာ

၂၀⁠၀၁ခုနှစ်အတွက်အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့သည်။

ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ

[ပြင်ဆင်ရန်]
စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ကဗျာဆရာ၏ အသိုက်၂ဝ⁠ဝဝ ပြည့်နှစ်
ကာဓမ္ဗရီနှင့် အခြား ဝတ္ထုများ
ကျန်းမာရေး သဝဏ်လွှာ
ကွန်မြူနစ် ဝါဒ သာလျှင် အဘယ်ကြောင့်
ခေါမဒဿန ပညာရှင်၁၉⁠၉၆ ခုနှစ်
ဂါမဏိ
ဂါမတီ
ဂေါရီ၁၉⁠၈၅ ခုနှစ်
ဂင်္ဂါနှင့် ဧရာဝတီ၁၉⁠၉၅ ခုနှစ်
၁၀ဂျလရာမ်
၁၁ငှက်ဓမ္မသဘင်၂ဝ⁠ဝဝ ပြည့်နှစ်
၁၂စကရ၁၉⁠၉၉ ခုနှစ်
၁၃စကားပြောသော ရုပ်တုများ၁၉⁠၉ဝ ပြည့်နှစ်
၁၄စာပေ ခရီးသည်၁၉⁠၉၈ ခုနှစ်
၁၅စိတ္တရလေခါ၁၉၇၉ ခုနှစ်
၁၆ဆိုရှည်လစ်ဝါဒ၁၉၆၄ ခုနှစ်
၁၇ဆည်းဆာကြယ်နှင့် အခြား ဝတ္ထုတိုများ
၁၈ဈင်ဗုဒ္ဓဘာသာ
၁၉ညီတော်မင်းနန်၁၉၈၉
၂၀တဂိုး၏ တံလျှပ်ရေထင် ရွှေသမင်ဥပမာနှင့် အခြား ဝတ္ထုတိုများ
၂၁တဂိုး၏ ရာဇကုမာရီနှင့် အခြားဝတ္ထုတိုများ
၂၂တဂိုး၏ ဝတ္ထုတို ပေါင်းချုပ်၁၉၇၅
၂၃တဂိုး၏ ဝတ္ထုတိုများ၁၉⁠၉၇
၂၄တဂိုး၏ သံသယနှင့် အခြား ဝတ္ထုတိုများ
၂၅တရားရေစီးကြောင်း၁၉၉၀
၂၆တော်လှန်သော အတွေးအခေါ်၁၉၆၅
၂၇တမ္ဗပဏ္ဏိ၁၉၉၉
၂၈ဒဂုန် ဦးထွန်းမြင့်
၂၉ဒိဗျာ
၃၀ဒေသစာရီ ဝေသာလီ
၃၁ဒေါဏ၏ အတ္တကထာ (ပထမတွဲ)၁၉၉၅
၃၂ဒေါဏ၏ အတ္တကထာ (ဒုတိယတွဲ)
၃၃ဒိုဟာဓမ္မ ကဗျာ၁၉⁠၉ဝ ပြည့်နှစ်
၃၄ဓမ္မစကား၁၉၇၄
၃၅ဓမ္မ ဘဝတလျှောက် နေသွားနည်း အတတ်ပညာ၁၉၈ဝ ပြည့်နှစ်
၃၆နီတိ ပုံပြင်များ၁၉⁠၉၃
၃၇နေရာနှင့် အခြား ဝတ္ထုများ
၃၈နေရူး၏ သမီးထံ ပေးစာ
၃၉နိုင်ငံရေး ဒဿန
၄၀နိဗ္ဗာန်၁၉၆၉
၄၁နှစ်ဆယ့်နှစ်ရာစု
၄၂ပရကထာ (တစေ့တစောင်း စာရေး ဆရာများ အကြောင်း)၁၉၈၉
၄၃ပလေတို
၄၄ပီယဒဿီ၁၉၈၅
၄၅ပုဂံ ခရီးသည်
၄၆ပုဂံ ခရီးသည် (အင်္ဂလိပ်)
၄၇ပုဂံဈေးနှင့် အခြား ဝတ္ထုတိုများ
၄၈ပဉ္စတန္ဈရ၁၉၆၅
၄၉ပဉ္စာကထာ၂ဝ⁠ဝ၁
၅၀ပဏ္ဍိတကထာ၁၉၉၇
၅၁ပန်းပုဆရာ
၅၂ဖော်မဲ့ဟင်္သာ၁၉၉၄
၅၃ဗာ⁠ဗာဒိုဟာ
၅၄ဗော်လဂါမှ ဂင်္ဂါသို့(ဦးဆန်းထွန်းနှင့်)
၅၅ဗော်လဂါမှ ဂင်္ဂါသို့ (ဒုတိယပိုင်း)
၅၆ဗုဒ္ဓဂုဏဝန္ဒနာ
၅၇ဗုဒ္ဓစကား၁၉၅၃
၅၈ဗုဒ္ဓဒိုင်ယာရီ
၅၉ဗုဒ္ဓနှင့် ဆိုရှယ်လစ်ဝါဒ
၆၀ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒ၁၉၅၄
၆၁ဗုဒ္ဓမြတ်စွာ၁၉⁠၉၅
၆၂ဗုဒ္ဓယဉ်ကျေးမှု ပြဇာတ်များ၂၀၀၁
၆၃ဗုဒ္ဓသာသနာ စည်ပင် ပြန့်ပွားပုံ သမိုင်း
၆၄ဘဝ ခရီးသည်၁၉၉၆
၆၅ဘဝ မင်္ဂလာ
၆၆ဘုရားကျောင်း တံမြက်လှည်းသမားနှင့် အခြား ဓမ္မဝတ္ထုများ
၆၇မဟာ ခရီးသည်
၆၈မဟာ လူသားဗုဒ္ဓ၁၉၈၉
၆၉မင်းနှင့် ပြည်သူ
၇၀မဇ္ဓျိမပဋိပဒါနှင့် ဓမ္မဝတ္ထုတိုများ၁၉၉၅
၇၁မြန်မာ သီရိလင်္ကာ သာသနာ ဆက်သွယ်ရေး၂၀၀၆
၇၂ယယာတီ
၇၃ယောဂီ၏ ဘဝဂါထာ၁၉⁠၉၂
၇၄ရာဇာနှင့် ဘိသိက်၁၉၈၂
၇၅ရာဇာနှင့် သာသနာ၂၀၀၉
၇၆ရာဟုလာသံကိစ္စည်း၁၉၇၇
၇၇ရေစီးကြောင်း (စာပေ/ယဉ်ကျေးမှု)၁၉၉၃
၇၈လူ့ဘောင်သစ်
၇၉လယ်တီပဏ္ဍိတ ဦးမောင်ကြီး၁၉၉၅
၈၀ဝေတာလ ဝတ္ထု၁၉၈၀ ပြည့်နှစ်
၈၁ဝေဒနာ
၈၂ဝေသာလီ
၈၃ဝတ္ထုသမုဒ္ဒရာ၁၉၆၆
၈၄သာလဝတနှင့် အခြား ဝတ္ထုတိုများ၁၉၉၀ ပြည့်နှစ်
၈၅သားတော် ရာဟုလာ၁၉ရဝ ပြည့်နှစ်
၈၆သီပေါ၏ မဟေသီ၁၉၇၂
၈၇သီဟသေနာပတိ
၈၈သူလိုလူ၁၉၈၁
၈၉သိဒ္ဓတ္ထ၁၉၆၄
၉၀ဟိတောပဒေသ၁၉၅၅
၉၁အညမည သဘောတရားနှင့် ဗုဒ္ဓအဘိဓမ္မာ
၉၂အရစ္စတိုတယ်၁၉၉၅
၉၃အမေ့ခံ ခရီးသည်၁၉၇၇
၉၄အမ္ဗပါလီ၁၉၇၆
၉၅အိန္ဒိယ ခရီးသည်၁၉၉၆
၉၆အိန္ဒိယ ရုပ်တုနှင့် မြန်မာ ရုပ်တု စကားဆွေးနွေးခန်း
၉၇ဥတ္တရ ခရီးသည်

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝ⁠ဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)