ပရိဝါသ်
ကျင့်သုံး-ဆောက်တည်-နေထိုင်-အပ်သော ကျင့်ဝတ်ကို ပရိဝါသ်ဟု ခေါ်ပါသည်။ [၁]
ပရိဝါသ်ဟူသည် ညဉ့်ဖုံးလွှမ်းသော သံဃာဒိသိသ်ကို ပြေပျောက်ရန်အတွက် ကုစားကြောင်း ဝိနည်းကံ၊ သာသနာပြင်ပ နဂ္ဂပရိဗိုဇ်ရဟန်းများ ဘုရားသာသနာ၌ ရဟန်းပြုခွင့်ရရန်အတွက် ပြုကျင့်အပ်သော ဝိနည်းကံ ၂-မျိုးပင် တည်း။
ယင်း ပရိဝါသ်သည် ပဋိစ္ဆန္နပရိဝါသ်၊ သုဒ္ဓန္တပရိဝါသ်၊ သမောဓာနပရိဝါသ်၊ အပ္ပဋိစ္ဆန္နပရိဝါသ် အားဖြင့် ၄-ပါး အပြား ရှိသည်။ ထိုတွင်-
- - သံဃာဒိသိသ် အာပတ်သင့်ခြင်း၊
- - သံဃာဒိသိသ် အာပတ်ဟု အမှတ်ရှိခြင်း၊
- - ပကတိရဟန်းဖြစ်ခြင်း၊
- - ပကတိရဟန်းဟု အမှတ်ရှိခြင်း၊
- - အာပတ်ကို ဒေသနာပြော၍ ထင်စွာပြုရာ၌ ဘေးရန်အန္တရာယ် မရှိခြင်း၊
- - ဘေးရန်အန္တရာယ် မရှိဟု အမှတ်ရှိခြင်း၊
- - အာပတ်ကို ဒေသနာပြော၍ ထင်စွာပြုခြင်းငှာ စွမ်းနိုင်ခြင်း၊
- - အာပတ်ကို ဒေသနာပြော၍ ထင်စွာပြုခြင်းငှာ စွမ်းနိုင်၏ဟု အမှတ်ရှိခြင်း၊
- - အာပတ်ကို ဖုံးလွှမ်းလိုခြင်း၊
- - ဖုံးလွှမ်းခြင်း။
ပဋိစ္ဆန္နပရိဝါသ်
[ပြင်ဆင်ရန်]ဤအင်္ဂါ ၁၀-ချက်တို့ဖြင့် ညီညွတ်သည်ဖြစ်၍ ရဟန်းတစ်ပါးထံ၌ အာပတ်သင့်သောနေ့ အရုဏ်မတက်မီ အတွင်း ဒေသနာပြောသောအားဖြင့် ထင်စွာမပြုအပ်သော ဂရုကအာပတ်သည် ညဉ့်ဖုံးလွှမ်းသော သံဃာဒိသိသ် အာပတ်မည်၏။ ထိုညဉ့်ဖုံးလွှမ်းသော သံဃာဒိသိသ် အာပတ်အား ဉတ္တိကမ္မဝါစာဖြင့် ပေးအပ်သော ပရိဝါသ်သည် ပဋိစ္ဆန္နပရိဝါသ် မည်၏။ [၂]
သုဒ္ဓန္တပရိဝါသ်
[ပြင်ဆင်ရန်]ဖုံးလွှမ်းသော အာပတ်၏ ညဉ့်အားလုံး သို့မဟုတ် ညဉ့်တချို့တဝက်ကို မသိသော ရဟန်း, မအောက်မေ့နိုင်သော ရဟန်း, ယုံမှားသံသယဖြစ်သော ရဟန်းတို့အား ဉတ်ကမ္မဝါစာဖြင့် ပေးအပ်သော ပရိဝါသ်သည် သုဒ္ဓန္တပရိဝါသ် မည်၏။ ထိုသုဒ္ဓန္တပရိဝါသ်သည်လည်း စူဠသုဒ္ဓန္တ၊ မဟာသုဒ္ဓန္တ အားဖြင့် ၂-ပါး အပြား ရှိသည်။
ရဟန်းဖြစ်သည်မှစ၍ ဒေသနာပြောကြား၍ ထင်ရှားပြုသည့်နေ့တိုင်အောင်သော ကာလအတွင်း၌ သင့်သော သံဃာဒိသိသ် အာပတ်၏ ဖုံးလွှမ်းသော နေ့ရက်, ပက္ခ, လ, နှစ်တို့ကို အတိအကျသိသည် ဖြစ်အံ့။ ထိုဖုံးလွှမ်းသည်ကို အတိအကျသိသော နေ့ရက်, ပက္ခ, လ, နှစ် အပိုင်းအခြားအတိုင်း ညဉ့်ဖုံးလွှမ်းသော သံဃာဒိသိသ် အာပတ်အား ဉတ်ကမ္မဝါစာဖြင့် ပေးအပ်သော ပရိဝါသ်သည် စူဠသုဒ္ဓန္တပရိဝါသ် မည်၏။
ရဟန်းဖြစ်သည့်နေ့မှစ၍ ဒေသနာပြောကြား၍ ထင်ရှားပြုသည့်နေ့တိုင်အောင်သော ကာလအတွင်း၌ သင့်သော သံဃာဒိသိသ် အာပတ်၏ ဖုံးလွှမ်းသော ညဉ့်အပိုင်းအခြားကို အတိအကျ မသိသည် ဖြစ်အံ့။ သို့မဟုတ် တွေးတော ယုံမှား သံသယဖြစ်၍မူလည်း နေအံ့။ ရဟန်းဖြစ်သည့်နေ့မှစ၍ ဒေသနာပြောကြား ထင်ရှားပြုသည့်နေ့တိုင်အောင် နေ့ရက်, ပက္ခ, လ, နှစ်တို့ကို ရေတွက်ပြီးလျှင် ထိုရေတွက်၍ရသော နေ့ရက်, ပက္ခ, လ, နှစ် အပိုင်းအခြားအတိုင်း ညဉ့်ဖုံးလွှမ်းသော သံဃာဒိသိသ် အာပတ်အား ဉတ်ကမ္မဝါစာဖြင့် ပေးအပ်သော ပရိဝါသ်သည် မဟာသုဒ္ဓန္တပရိဝါသ် မည်၏။
စူဠသုဒ္ဓန္တ၊ မဟာသုဒ္ဓန္တ ၂-ပါး အထူး
[ပြင်ဆင်ရန်]- - စူဠသုဒ္ဓန္တပရိဝါသ် သည် ပေးထားအပ်သော ညဉ့်အပိုင်းအခြားထက် နေ့ရက်ပိုလွန်၍၎င်း၊ နေ့ရက်များကို လျော့၍၎င်း ပရိဝါသ် နေနိုင်သည်။
- - မဟာသုဒ္ဓန္တပရိဝါသ် သည် နေ့ရက်များကို လျော့၍သာ ပရိဝါသ် နေနိုင်သည်။ နေ့ရက်ပိုလွန်၍ ပရိဝါသ် နေဖွယ် မရှိပြီ။ [၃]
သမောဓာနပရိဝါသ်
[ပြင်ဆင်ရန်]သမောဓာနပရိဝါသ် သည် ဩဓာနသမောဓာနပရိဝါသ်၊ အဂ္ဂသမောဓာနပရိဝါသ်၊ မိဿကသမောဓာနပရိဝါသ် အားဖြင့် ၃-ပါး အပြား ရှိသည်။
ညဉ့်ဖုံးလွှမ်းသောအားဖြင့် ပရိဝါသ်ကို ယူ၍ ပရိဝါသ် ဆောက်တည်ပြီးလျှင် ပရိဝါသ်ကို မချမီ အတွင်း၌ ပရိဝါသ် ကျင့်ဆဲသော ရဟန်း၊ ပရိဝါသ် ကျင့်ပြီးသော မာနတ္တာရဟရဟန်း၊ မာနတ္ထကျင့်ဆဲသော မာနတ္တစာရိကရဟန်း၊ မာနတ္တကျင့်ပြီးသော အဗ္ဘာနာရဟရဟန်းတို့အား အခြားသော သံဃာဒိသိသ်အာပတ် ထပ်သင့်၍ ညဉ့်ဖုံးလွှမ်း၏။
နောက်ထပ်သင့်သော အာပတ်သည် ပရိဝါသ် ပေးထားသော ရှေးအာပတ်နှင့် ညဉ့်အညီအမျှ သော်လည်းကောင်း၊ ညဉ့်နည်း၍ သော်လည်းကောင်း ဖုံးလွှမ်းသည် ဖြစ်အံ့။ မူလာယပဋိကဿနကံဖြင့် ကျင့်သုံးပြီးသော ပရိဝါသ်ရက်၊ ကျင့်သုံးပြီးသော မာနတ်ရက်တို့ကို ချေဖျက်၍ နောက်ထပ်သင့်၍ ညဉ့်ဖုံးလွှမ်းသော အာပတ်တို့ကို မူလအာပတ်၌ ပေါင်း၍ နောက်ထပ် ပေးအပ်သော ပရိဝါသ်သည် ဩဓာနသမောဓာနပရိဝါသ် မည်၏။
နောက်ထပ်သင့်သော အာပတ်သည် ပရိဝါသ် ပေးထားသော မူလအာပတ်ထက် ညဉ့်ပို၍ ဖုံးလွှမ်းပါမူ နောက်ထပ်သင့်သော အာပတ်ကို မူလအာပတ် ပြုလုပ်၍ နောက်ထပ်သင့်သော အာပတ်၌ ပဌမသင့်သော အာပတ်ကို ပေါင်း၍ ပေးအပ်သော ပရိဝါသ်သည်လည်း ဩဓာနသမောဓာနပရိဝါသ် မည်၏။
ညဉ့်အနည်းအများအားဖြင့် ဖုံးလွှမ်းအပ်သော ညဉ့်ရက်ခြင်း မတူသော အာပတ်တို့တွင် ညဉ့်အနည်းငယ် ဖုံးလွှမ်းသော အာပတ်တို့ကို ညဉ့်အများဆုံး ဖုံးလွှမ်းအပ်သော အာပတ်၌ ပေါင်းထည့်၍ အများဆုံးသော ညဉ့်အပိုင်းအခြား၏ အစွမ်းအားဖြင့် ညဉ့်အနည်းငယ် ဖုံးလွှမ်းသော အာပတ်တို့အတွက် ဉတ်ကမ္မဝါစာဖြင့် ပေးအပ်သော ပရိဝါသ်သည် အဂ္ဂသမောဓာနပရိဝါသ် မည်၏။
နာနာဝတ္ထုကြောင့် သင့်သော သံဃာဒိသိသ် အာပတ်တို့ကို တပေါင်းတည်းပြု၍ ဉတ္တိကမ္မဝါစာဖြင့် ပေးအပ်သော ပရိဝါသ်သည် မိဿကသမောဓာနပရိဝါသ် မည်၏။ [၄]
အဂ္ဂသမောဓာန၊ မိဿကသမောဓာန ၂-ပါး အထူး
[ပြင်ဆင်ရန်]- - ညဉ့်အနည်းငယ် ဖုံးလွှမ်းသော အာပတ်တို့ကို ညဉ့်များစွာ ဖုံးလွှမ်းသော အာပတ်၌ ပေါင်း၍ ပေးအပ်သော ပရိဝါသ်သည် အဂ္ဂသမောဓာနပရိဝါသ် မည်၏။
- - နာနာဝတ္ထုက အာပတ်တို့ကို တပေါင်းတည်းပြု၍ ပေးအပ်သော ပရိဝါသ်သည် မိဿကသမောဓာနပရိဝါသ် မည်၏။
- - တနည်းအားဖြင့် သဘာဂဝတ္ထု သံဃာဒိသိသ် အာပတ်တို့ကို တပေါင်းတည်းပြု၍ ပေးအပ်သော ပရိဝါသ်သည် အဂ္ဂသမောဓာနပရိဝါသ် မည်၏။ ဝိသဘာဂဝတ္ထု သံဃာဒိသိသ် အာပတ်တို့ကို တပေါင်းတည်းပြု၍ ပေးအပ်သော ပရိဝါသ်သည် မိဿကသမောဓာနပရိဝါသ် မည်၏။ [၅]
အဂ္ဂသမောဓာန၏ အစွမ်းအားဖြင့် ပရိဝါသ်ကို ပေးအပ်သည်ရှိသော် “အဟံ ဘန္တေ သမ္ဗဟုလာ သံဃာဒိသေသာ အာပတ္တိယော အာပဇ္ဇိံ” အစရှိသော ပါဠိစကားဖြင့် ဝတ္ထု, ဂေါတ္ထ, နာမ, အာပတ်တို့ကို ယူပြီးဖြစ်သောကြောင့် ညဉ့်အနည်းငယ် ဖုံးလွှမ်းသော အာပတ်၊ ညဉ့်များစွာ ဖုံးလွှမ်းအပ်သော အာပတ်, သဘာဂဝတ္ထုက အာပတ်, ဝိသဘာဂဝတ္ထုက အာပတ် အားလုံးမှ စင်ကြယ်မြောက်နိုင်၏။ မိဿကသမောဓာနပရိဝါသ်ဖြင့်လည်း သဘာဂ, ဝိသဘာဂဝတ္ထုက အာပတ်တို့မှ စင်ကြယ်မြောက်နိုင်၏။ [၆]
ညဉ့်မဖုံးလွှမ်းသော သံဃာဒိသိသ် အာပတ်ကို ညဉ့်ဖုံးလွှမ်းသော အာပတ် ပြုလုပ်၍ ဝိနည်းကံကို ပြု၏။ ထိုသူ၏ သံဃာဒိသိသ် အာပတ်သည် ထ၏။ အာပတ်ပြေပျောက်၏။ ညဉ့်ဖုံးလွှမ်းသော အာပတ်ကို ညဉ့်မဖုံးလွှမ်းသော အာပတ် ပြုလုပ်၍ ဝိနည်းကံကို ပြု၏။ ထိုရဟန်း၏ အာပတ်သည် မထ။
ညဉ့်အနည်းငယ် ဖုံးလွှမ်းသော အာပတ်ကို ညဉ့်များစွာ ဖုံးလွှမ်းသော အာပတ် ပြုလုပ်၍ ဝိနည်းကံကို ပြု၏။ ထိုရဟန်း၏ အာပတ်သည် ထ၏။
ညဉ့်များစွာ ဖုံးလွှမ်းသော အာပတ်ကို ညဉ့်အနည်းငယ် ဖုံးလွှမ်းသော အာပတ် ပြုလုပ်၍ ဝိနည်းကံကို ပြု၏။ ထိုရဟန်း၏ အာပတ်သည် မထ။
တစ်ခုသော အာပတ်ကို များစွာသော အာပတ် ပြုလုပ်၍ ဝိနည်းကံကို ပြု၏။ ထိုရဟန်း၏ အာပတ်သည် ထ၏။ များစွာသော အာပတ်ကို တစ်ခုသော အာပတ် ပြုလုပ်၍ ဝိနည်းကံကို ပြု၏။ ထိုရဟန်း၏ အာပတ်သည် မထဟူ၍ အာပတ်မှ ထခြင်း၏ လက္ခဏာကို သိအပ်၏။ [၇]
သံဃာဒိသိသ် အာပတ်သင့်၍ ညဉ့်ဖုံးလွှမ်းသဖြင့် ဝတ်ဆောက်တည်လိုသော ရဟန်းသည် သံဃာထံသို့ ချဉ်းကပ်လျက် ၃-ကြိမ် ဆို၍ ပရိဝါသ်ကို တောင်းအပ်၏။ သံဃာက ဉတ်ကမ္မဝါစာဖြင့် ပရိဝါသ် ပေးပြီးသည်၏ အဆုံး၌ “ပရိဝါသံ သမာဒိယာမိ၊ ဝတ္တံ သမာဒိယာမိ” ဟူ၍ နှစ်ဝါကျလုံးကို ဆို၍လည်းကောင်း၊ တစ်ဝါကျကိုသာ ဆို၍လည်းကောင်း ဝတ်ဆောက်ပြီးလျှင် ပရိဝါသ် ပေးသော သံဃာအား “အဟံ ဘန္တေ သမ္ဗဟုလာ သံဃာဒိသေသာ အာပတ္တိယော အာပဇ္ဇိံ” စသည်ဖြင့် ပရိဝါသ်ကို ပြောကြားအပ်၏။ ထိုပြောကြားရာ၌ ပါဠိဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာဖြင့်ဖြစ်စေ ပြောကြားကောင်း၏။
ပရိဝါသ် ဆောက်တည်၍ ပရိဝါသ် ကျင့်သုံးခြင်းသည်- - ဝတ်ကို မချမူ၍ ကျင့်သုံးခြင်း အနိက္ခိတ္တပရိဝါသ်၊ - ဝတ်ကို ချ၍ ကျင့်သုံးခြင်း နိက္ခိတ္တပရိဝါသ် အားဖြင့် ၂-ပါး အပြား ရှိသည်။
အနိက္ခိတ္တပရိဝါသ် ကျင့်သော ရဟန်းသည် ဆောက်တည်ပြီးသော ဝတ်ကို မချမူ၍ အရုဏ်မီအတွင်း၌ သဟဝါသ, ဝိပ္ပဝါသ, အနာရောစနာ ဟူသော ရတ္တိစ္ဆေဒအကြောင်း ၃-ပါးတို့ကို မဖြစ်စေဘဲ အရုဏ်တက်စေခြင်းသည် ပရိဝါသ် တစ်ရက် ကျင့်သုံးပြီးသည် မည်၏။ ဤနည်းအတူ ကျင့်၍ ပရိဝါသ်ရက်တို့ကို ရေတွက်အပ်၏။
နိက္ခိတ္တပရိဝါသ် ကျင့်သော ရဟန်းသည် ပရိဝါသ် ပေးပြီးနောက်လည်းကောင်း, သံဃာထံ၌ ပရိဝါသ်ကို ဆောက်တည်၍ ပြောကြားပြီးလျှင် သံဃာထံ၌လည်းကောင်း, အခြားသော ရဟန်းထံ၌လည်းကောင်း “ပရိဝါသံ နိက္ခိပါမိ၊ ဝတ္တံ နိက္ခိပါမိ” ဟူ၍ နှစ်ဝါကျလုံးကို ဆို၍လည်းကောင်း၊ တစ်ဝါကျကိုသာ ဆို၍လည်းကောင်း ဝတ်ကို ချအပ်၏။ ထို့နောက် အရုဏ်မတက်မီ ပကတတ်ရဟန်း အများနှင့်ဖြစ်စေ၊ ပကတတ်ရဟန်း တစ်ပါးနှင့်ဖြစ်စေ၊ ကျောင်းဝင်းပြင်ပသို့ ထွက်၍ ရဟန်းတို့၏ အသံမကြားရာ၊ မမြင်ရာ အရပ်သို့ သွားပြီးလျှင် ဝတ်ဆောက်တည်၍ ပရိဝါသ်ကို ပြောကြားပြီးနောက် ရတ္တိစ္ဆေဒအကြောင်း ၃-ပါးတို့ကို မဖြစ်စေဘဲ အရုဏ်တက်စေပြီးလျှင် အဖေါ်ရဟန်းတို့ထံ၌ ပရိဝါသ်ကို ချအပ်၏။ အဖေါ်ဖြစ်သော ရဟန်းတို့သည် တစ်စုံတစ်ခုသော ကိစ္စဖြင့် မသိအောင် ပြန်သွားသည်ရှိ
သော် အာရာမ်အတွင်းသို့ ဝင်၍ ရှေးဦးစွာ တွေ့မြင်အပ်သော ရဟန်းကို ပရိဝါသ် ပြောကြား၍ ဝတ်ကို ချအပ်၏။ ဤသို့ ကျင့်ခြင်းသည် ပရိဝါသ် တစ်ရက် ကျင့်ပြီးသည် မည်၏။ ဤနည်းအတူ ကျင့်၍ ပရိဝါသ်ရက်တို့ကို ရေတွက်အပ်၏။
ပရိဝါသ် ကျင့်သော ရဟန်းသည် သဟဝါသ, ဝိပ္ပဝါသ, အနာရောစနာ ဟူသော ရတ္တိစ္ဆေဒအကြောင်း ၃-ပါးတို့ကို မဖြစ်စေမူ၍ ကျင့်ရသည်။ ရတ္တိစ္ဆေဒအကြောင်း ၃-ပါးတွင် တစ်ပါးပါး ဖြစ်လျှင် ထိုဖြစ်သောနေ့အတွက် ပရိဝါသ် ကျင့်သုံးသော ရက် မရေတွက်ရတော့ပြီ။
ပရိဝါသ် ကျင့်သော ရဟန်းသည်-
- - ဝတ် မဆောက်တည်သော ပကတတ်ရဟန်း၊
- - ပရိဝါသ် ဆောက်တည်သော ရဟန်း၊
- - ပရိဝါသ် ကျင့်ပြီးသော မာနတ္တာရဟရဟန်း၊
- - မာနတ္တကျင့်ဆဲသော မာနတ္တစာရိကရဟန်း၊
- - မာနတ္တကျင့်ပြီးသော အဗ္ဘာနာရဟရဟန်း
- တို့နှင့် အမိုးတူသော ကျောင်း၊ စေတီအိမ်၊ ဗောဓိအိမ် စသည်တို့၌ အတူတကွ မအိပ်ကောင်း။ အိပ်လျှင် သဟဝါသ ဖြစ်၏။ [၈]
အရုဏ်တက်သောခဏ၌ ပကတိရဟန်းနှင့် ကင်းကွာ၍ နေခြင်းသည် ဝိပ္ပဝါသ ဖြစ်၏။
- - အနိက္ခိတ္တဝတ် ဆောက်တည်သော ရဟန်းအား အာရာမ်ရှိလျှင် ကျောင်းဝန်း အာရာမ်အတွင်း၊ အာရာမ်မရှိလျှင် အာရာမ်ထိုက်သော ကျောင်းမှ ခဲနှစ်ကျအတွင်း၌ ပကတိရဟန်း တစ်ပါးပါး ရှိနေလျှင် ဝိပ္ပဝါသ မဖြစ်။
- - နိက္ခိတ္တဝတ် ဆောက်တည်သော ရဟန်းအား ကျောင်းဝန်းပြင်ပ၌ ၁၂-တောင် အတွင်း ပကတိရဟန်း တစ်ပါးပါး ရှိနေလျှင် ဝိပ္ပဝါသ မဖြစ်။
- - အာရာမ်ပြင်ပ၌ ပရိဝါသ် ပြောကြားပြီးနောက် ကိစ္စတစ်ခုခုဖြင့် မသိအောင် အဖေါ်ဖြစ်သော ပကတိရဟန်းတို့ တစ်ပါးမကျန် ပြန်သွားကြသော်လည်း ပကတိရဟန်းတို့ ရှိ၏ဟူသော အမှတ်ဖြင့် နေခြင်းကြောင့် ဝိပ္ပဝါသ မဖြစ်။ [၉]
အရုဏ်မတက်မီ ပရိဝါသ် မပြောကြားရသေးသော အာဂန္တုကရဟန်းတို့အား ပရိဝါသ် မပြောကြားခြင်းသည် အနာရောစနာ ဖြစ်၏။
- အနိက္ခိတ္တဝတ် ဆောက်တည်သော ရဟန်းသည် အာရာမ်အတွင်း၌ ရှိသော ရဟန်း၊ အာရာမ်ထိုက်သော အရပ်၌ တည်သော ရဟန်း၊ မြင်အပ်သော ရဟန်း၊ ပျို့အံခြင်း၊ ချောင်းဟန့်ခြင်း၊ ချေဆတ်ခြင်း စသည်ကို ပြုသော ရဟန်း၏ အသံကို ကြားလျှင် ထိုအသံရှင် ရဟန်းတို့အား ပရိဝါသ် ပြောကြားအပ်၏။
- နိက္ခိတ္တဝတ် ဆောက်တည်သော ရဟန်းသည် အာရာမ်ပြင်ပတွင် ၁၂-တောင် အတွင်း၌ ရောက်ရှိသော ရဟန်း၊ တွေ့မြင်သော ရဟန်း၊ အသံကြားသော ရဟန်းတို့အား ပြောကြားအပ်၏။ မပြောကြားလျှင် အနာရောစနာ ဖြစ်၏။ - နာနာသံဝါသက ရဟန်းတို့အား မပြောကြားသော်လည်း အနာရောစနာ မဖြစ်။ [၁၀]
ပရိဝါသ် နေသော ရဟန်း အချင်းချင်း တွေ့မြင်လျှင် ပရိဝါသ် ပြောကြားအပ်၏။ ပရိဝါသ် ပြောကြားပြီးသော ရဟန်းကို နောက်
နေ့တို့၌ တွေ့မြင်သော်လည်း ပရိဝါသ် ပြောကြားရန် မလိုတော့ပြီ။
- အနိက္ခိတ္တဝတ် ဆောက်တည်သော ရဟန်းသည် အာရာမ်တွင်း၊ အာရာမ်ထိုက်သော အရပ်၌ ရောက်ရှိနေသော ရဟန်းအားလုံးတို့အား ပရိဝါသ် ပြောကြားအပ်၏။
- နိက္ခိတ္တဝတ် ဆောက်တည်သော ရဟန်းသည် အာရာမ်တွင်း၊ အာရာမ်ထိုက်သော အရပ်၌ ရောက်ရှိနေသော ရဟန်းအားလုံးတို့အား ပြောကြားရန် မလို။ တွေ့မြင်သော ရဟန်း၊ အသံကြားသော ရဟန်း၊ ၁၂-တောင် အတွင်း၌ ရောက်ရှိနေသော ရဟန်းတို့အား ပရိဝါသ် ပြောကြားအပ်၏။ [၁၁]
တိတ္ထိဖြစ်ဖူးသောသူသည် ဘုရားသာသနာ၌ ရဟန်းပြုလိုသည် ဖြစ်အံ့။ ရဟန်းမပြုမီ ရှေ့အဖို့၌ ရှင်သာမဏေ ပြုပေး၍ ၄-လပတ်လုံး တိတ္ထိယပရိဝါသ်ကို ကျင့်သုံးခြင်းငှာ ဉတ္တိကမ္မဝါစာဖြင့် ပေးအပ်သော ပရိဝါသ်သည် အပ္ပဋိစ္ဆန္နပရိဝါသ် မည်၏။ ယင်း အပ္ပဋိစ္ဆန္နပရိဝါသ်ကို-
- - အထက်ပိုင်း၌သာ အဝတ်ဝတ်ဆင်သော အာဇီဝကနဂ္ဂပရိဗိုဇ်၊
- - အဝတ်လုံးဝ မဝတ်ဆင်သော အစေလကနဂ္ဂပရိဗိုဇ်
- တို့အား ပေးအပ်သည်။ [၁၂]
အဝတ်ဝတ်ဆင်၍ လာသော နဂ္ဂပရိဗိုဇ်၊ သာကီဝင်မင်းမျိုး နဂ္ဂပရိဗိုဇ်၊ ရသေ့၊ ဖိုးသူတော် စသူတို့အား အပ္ပဋိစ္ဆန္နပရိဝါသ်ကို မပေးအပ်။ [၁၃]
အပ္ပဋိစ္ဆန္နပရိဝါသ်ကို ကျင့်သောသူသည် ၈-ပါးသော ဝတ်တို့ကို ၄-လပတ်လုံး မကျိုးမပျက်ရအောင် ဖြည့်ကျင့်အပ်၏။ တစ်ပါး ကျိုးပျက်လျှင် နောက်ထပ် ၄-လ ပြန်၍ ပရိဝါသ် ကျင့်ရပြန်၏။ [၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပရိဝါသ (ပု) [ပရိ+ဝါသ+ဏ] (၁) ဖြစ်ခြင်း။ (၁) ဘဝင်္ဂပရိဝါသ (ဒီ၊ဋီ၊၂။၁၆၀။ မ၊ဋီ၊၃။၁၂၂) ကြည့်။ (၂) ဖြစ်စေခြင်း။(၂) တံ တံ ဈာနုပစာရုပ္ပတ္တဿ အပ္ပနာယ ပရိဝါသေ အဘိညာ စ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၁။၂၂၉)
- ↑ (ဝိ၊ဋ္ဌ၊၄။၇၊ ၁၈-၉၊ ၂၁။ ဝိ၊သင်္ဂဟ၊၃၃၁-၃)
- ↑ (ဝိ၊ဋ္ဌ၊၄။၂၅-၆။ ဝိ၊သင်္ဂဟ၊၃၄၇-၈)
- ↑ (ဝိ၊ဋ္ဌ၊၄။၂၆-၇-၈။ ဝိ၊သင်္ဂဟ၊၃၅၃-၄၊ ၃၇၃-၈)
- ↑ (ဝဇိရ၊၅၁၃။ ဝိ၊သင်္ဂဟ၊ဋီ၊၂။၂၅၁)
- ↑ (ဝိ၊သင်္ဂဟ၊ဋီ၊၂။၂၅၂-၃)
- ↑ (ဝိ၊ဋ္ဌ၊၄။၂၆။ ဝိ၊သင်္ဂဟ၊၃၄၈)
- ↑ (ဝိ၊ဋ္ဌ၊၄။၁၃-၄။ ဝိ၊သင်္ဂဟ၊၃၈၇။ သာရတ္ထ၊၃။၃၇၁)
- ↑ (ဝိ၊ဋ္ဌ၊၄။၁၇၊ ၂၄။ ဝိ၊သင်္ဂဟ၊၃၃၉။ ကင်္ခါ၊၁၅၉-၁၆၀။ ဝိမတိ၊၂။၂၁၈)
- ↑ (ဝိ၊ဋ္ဌ၊၄။၁၁-၂။ ဝိ၊သင်္ဂဟ၊၃၃၉၊ ၃၈၇။ သာရတ္ထ၊၃။၃၇၁။ ဝိ၊သင်္ဂဟ၊ဋီ၊၂။၂၃၃)
- ↑ (သာရတ္ထ၊၃။၃၇၁)
- ↑ (ဝိ၊၃။၉၈။ ဝိ၊ဋ္ဌ၊၃။၂၇၂။ ဝိ၊ဋ္ဌ၊၄။၆။ သာရတ္ထ၊၃။၂၄၁)
- ↑ (ဝိ၊၃။၁၀၁။ ဝိ၊ဋ္ဌ၊၃။၂၇၃)
- ↑ (ဝိ၊၃။၁၀၀-၁။ ဝိ၊ဋ္ဌ၊၃။၂၇၅)
- ↑ သံဃောဝ ဒေတိ ပရိဝါသံ၊ မူလာယ ပဋိကဿတိ။ (ဝိ၊၅။၂၆၁။ ဝိ၊ဋ္ဌ၊၂။၁၀၉) ပရိဝါသံ သမာဒါယ (ကင်္ခါ၊၁၄၅) တိ ပရိဝါသ ဝတ္တံ သံဃမဇ္ဈေ သမာဒိယိတွာ။ (ကင်္ခါ၊ဋီ၊သစ်၊၂၅၉) (ဝိ၊၁။၁၅၃၊ ၂၈၃။ ဝိ၊၂၊၄၆၊ ၁၆၇။ ဝိ၊၃။၈၀-၅၊ ၉၈၊ ၁၀၁။ ဝိ၊၄။၁၃-၄၊ ၈၃-၇၊ ၉၁၊ ၁၄၇၊ ၃၉၆။ ဝိ၊၅။၂၁၉၊ ၂၆၁။ ဝိ၊ဋ္ဌ၊၂။၁၀၉၊ ၂၁၂။ ဝိ၊ဋ္ဌ၊၄။၆၊ ၁၃-၄-၈၊ ၁၅၇၊ ၁၆၈၊ ၁၉၁၊ ၂၃၅။ ဝိ၊သင်္ဂဟ၊၃၃၀၊ ၃၃၃-၅၊ ၃၅၃၊ ၃၇၃-၈၊ ၃၉၂။ မ၊ဋ္ဌ၊၃။၇၄။ သံ၊ဋ္ဌ၊၂။၃၅။ အံ၊ဋ္ဌ၊၂။၆၆။ သုတ္တနိ၊ဋ္ဌ၊၂။၁၅၉။ ဝဇိရ၊၁၀၂-၃၊ ၄၁၉၊ ၄၂၂၊ ၄၄၆၊ ၅၁၁။ သာရတ္ထ၊၂။၁၀၅။ ဝိမတိ၊၁။၁၅၉၊ ၃၀၄။ ဝိမတိ၊၂။၁၃၇၊ ၁၄၀၊ ၂၁၃။ ကင်္ခါ၊ဋီ၊ဟောင်း၊၅၈-၉။ ကင်္ခါ၊ဋီ၊သစ်၊၁၆၀၊ ၂၆၂။ သီ၊ဋီ၊သစ်၊၂။၃၆၅။)