မာတိကာသို့ ခုန်သွားရန်

ပရိယတ္တိသာသနဟိတအသင်း

ဝီကီပီးဒီးယား မှ
ပရိယတ္တိသာသနဟိတအသင်း
ဖွဲ့စည်းခြင်း ဇူလိုင် ၁၈၉၈; ၁၂၈ နှစ် အကြာက (၁၈၉၈-၀၇-02)
တည်ထောင်သူပွဲစားကြီး ဦးထွန်း
အမျိုးအစားဘာသာရေးအသင်းအဖွဲ့
တရားဝင်အနေအထားတည်ရှိဆဲ
ဦးတည်ချက်ပရိယတ္တိစာပေထိန်းသိမ်းခြင်း၊ သာသနာတော်စောင့်ရှောက်ခြင်း
ဌာနချုပ်၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ချမ်းအေးသာစံမြို့နယ်မန္တလေး
တည်နေရာ
  • မန္တလေးမြို့
ဝန်ဆောင်မှုဒေသ
မြန်မာနိုင်ငံ
ရုံးသုံးဘာသာစကား
မြန်မာစာ
အဓိကအဖွဲ့အစည်း
သကျသီဟစာမေးပွဲ

ပရိယတ္တိသာသနဟိတအသင်း သည် လူမှုရေး နှင့် ဘာသာရေးဆိုင်ရာ ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့ တွင် တည်ထောင်ထားသော အသင်းကြီးတစ်ခု ဖြစ်သည်။ တတိယ အင်္ဂလိပ် - မြန်မာစစ် အတွင်း ကုန်းဘောင်မင်းဆက် ပြိုကွဲပြီးနောက်၊ သီပေါမင်းတရားက ဗြိတိသျှအင်ပါယာ ထံ ထီးနန်းစွန့်ခဲ့ရသည့် အချိန်ကာလမှ စတင်ရေတွက်လျှင် ၁၂ နှစ် အကြာဖြစ်သည့် (မြန်မာ သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ဝါဆိုလပြည့်နေ့ ၁၅ရက်) ၁၈၉၈ ခုနှစ် ဇူလိုင်လ ၂ရက်နေ့တွင် ယင်းအသင်းကြီးကို မန္တလေးမြို့သူ၊မြို့သားများက တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

နောက်ခံသမိုင်းကြောင်း

[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၈၅၇ ခုနှစ်မှစတင်ကာ ကုန်းဘောင်မင်းဆက် (၁၁) ဆက်မြောက် ဒဿမ​မြောက် မြန်မာဘုရင် မင်းတုန်းမင်း နှင့်အတူ မန္တလေးမြို့သည် နောက်ဆုံးလွတ်လပ်သော မင်းနေပြည်တော် ဖြစ်ခဲ့သည်။ထိုကာလအတွင်း မန္တလေးမြို့သည် မြန်မာ့ဘာသာရေး၊ယဉ်ကျေးမှု၊ပညာရေး စသည်တို့ တိုးတက်လာပြီး စည်ကားသောမြို့တော်တစ်ခု ဖြစ်လာခဲ့သည်။[]

တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀ ခုနှစ် - ၁၈၈၅ ခုနှစ်) တွင် မန္တလေးမြို့သည် ပရိယတ္တိစာပေတိုးတက်မှု၊ စာသင်၊စာချ ဆရာတော်များ စုဝေးမှုများကြောင့် သာသနာတော်၏ ဗဟိုချက်မ အဖြစ် ထင်ရှားလာခဲ့သည်။သို့သော် ဤထင်ရှားစည်ကားမှုတို့သည် တတိယ အင်္ဂလိပ်–မြန်မာစစ်အပြီးတွင် သီပေါမင်းတရားက ဗြိတိသျှထံ နန်းစွန့်လိုက်ရခြင်းနှင့်အတူ ပြင်းထန်စွာထိခိုက်သွားခဲ့သည်။

မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် (ခရစ်နှစ် ၁၈၈၆ ခုနှစ်)တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအုပ်ချုပ်မှုအောက်သို့ အလုံးစုံ ရောက်လာပြီးနောက်၊ သာသနာတော်သည် မှေးမှိန်လာခဲ့သည်။ ဗြိတိသျှအာဏာပိုင်များက စာရင်းကောက်ယူရာ၌ ယခင်ကတည်ရှိခဲ့သည့် စာသင်၊ စာချ ဆရာတော်အရေအတွက်သည် ထက်ဝက်ကျော်အထိ လျော့နည်းသွားခဲ့သည်။ပါတော်မမူချိန် ကာလက စာချဆရာတော် ၁၁၆၆ပါး (ဥဩသံသာ) နှင့်ရဟန်းသာမဏေပေါင်း အပါးရေ သောင်းချီရှိခဲ့သည်ဟု မှတ်တမ်းပြုထားသည်။[]

အသင်းစတင်ပေါ်ပေါက်လာပုံ

[ပြင်ဆင်ရန်]

ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် သာသနာတော်နှင့် ပရိယတ္တိပညာထိခိုက်မှုကို သတိပြုသည့် တောင်တော် သာသနာပိုင် ဆရာတော်ကြီး၊ လှထွေဆရာတော်၊ ကင်းဝန်မင်းကြီး အစရှိသူများက ၁၂၅၇ ခုနှစ် (၁၈၉၅ ခုနှစ်) တွင် ညှိနှိုင်းတိုင်ပင်ကာ ရှေးဘုရင်လက်ထက်ကကဲ့သို့ ပရိယတ္တိစာမေးပွဲများ ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအပေါ်တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ထိုနှစ် နယုန်လဆန်း ၈ ရက်နေ့တွင် ပထမပြန် သကျသီဟစာမေးပွဲကို စတင်ကျင်းပခဲ့သည်။

ထိုမှတဆင့် မိုးထားဆရာတော် အမှူးပြုသည့် ဆရာတော်ကြီးများ နှင့် မန္တလေးမြို့ ဆိုင်းတန်းရပ်မှ ပွဲစားကြီး ဦးထွန်း အမှူးပြုသည့် ဥပသကာတို့ တိုင်ပင်၍ ၁၂၆၀ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း ကို တရားဝင်တည်ထောင်ခဲ့ကြသည်။[]

ဆောင်ရွက်ချက်များ

[ပြင်ဆင်ရန်]

အသင်းသည် နှစ်စဉ် နယုန်လတိုင်း စာမေးပွဲများ ကျင်းပခြင်း၊ ပရိယတ္တိစာပေ ထိန်းသိမ်းမှု စသည်တို့ကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် ထင်ရှားသော လုပ်ဆောင်မှုတစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံ ပရိယတ္တိစာပေလောကတွင် နာမည်အကြီးဆုံးဖြစ်သော သကျသီဟစာမေးပွဲ ခေါ် ပရိယတ္တိသာသနဟိတစာမေးပွဲ ကို စာသင်တန်း တစ်တန်း၊စာချတန်းတစ်တန်း နှစ်တန်းခွဲပြီး ကျမ်းစာများ ပြဋ္ဌာန်း၍ ၁၂၆၅ ခုနှစ် (ခရစ်နှစ် ၁၉၀၃) တွင် စတင်ကျင်းပခဲ့သည်။[]သကျဟီဟဓမ္မာစရိယ စာချတန်းအောင်မြင်သော ပုဂ္ဂိုလ်များကို အဘိဝံသဘွဲ့ ကပ်လှူသည်။နောက်ထပ်ထင်ရှားသည့် ဘွဲ့မှာ ဝဋံသကာဘွဲ့ ထူး ထပ်ဆင့်ချီးမြင့်သည်။စာသင်တန်းအောင်ပြီး နှစ်မခြားဘဲ အဌာကထာကျမ်းကြီး သုံးကျမ်း တစ်နှစ်တည်းနှင့် နှစ်ချင်းပေါက် အောင်မြင်သော စာအောင် သံဃာတော်များကို ဘွဲ့ဆပ်ကပ်အပ်နှင်းသည်။၁၃၁၁ ခုနှစ် မှစ၍ သာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ နှင့် နိကာယ်ငါးရပ် ပိဋကပ်သုံးပုံစာမေးပွဲ ကျင်းပသည်။

ထင်ရှားခဲ့သည့် အဘိဝံသ သံဃာတော်များ

[ပြင်ဆင်ရန်]
  • ဘဒ္ဒန္တ သူရိယဘိဝံသ (မစိုးရိမ်ဆရာတော်)
  • မင်းကွန်းဆရာတော်
  • ပရိတ်ကြီးနိဿယ ကျမ်းပြုဆရာတော်
  • မဟာဂန္ဓာရုံဆရာတော်
  • အရှင် သီလာနန္ဒာဘိဝံသ
  • အရှင် နန္ဒမာလာဘိဝံသ

ဝဋံသကာဘွဲ့တံဆိပ်တော်ရ သံဃာတော်များ

[ပြင်ဆင်ရန်]

ထင်ရှားခဲ့သည့် အဘိဝံသ ပုဂ္ဂိုလ်များ

[ပြင်ဆင်ရန်]
  • နှစ်ဖက်လှ ဦးကျော်လွင်
  • ဦးအံ့မောင်
  • ဦးရွှေအောင်
  • ဦးထွန်းလှိုင်

အသင်းရုံးချုပ်

[ပြင်ဆင်ရန်]

၁၃၁၄ ခု၊ ဝါဆိုလပြည့်ကျော် ၇ ရက်နေ့ (ခရစ်နှစ် ၁၉၅၂ ခုနှစ် ဇူလိုင် ၁၃ ရက်) တွင် ပရိယတ္တိသာသနဟိတအသင်းသည် အသင်းတိုက်တည်ဆောက်ရန် မြေနေရာတစ်ခု ရရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရထံ ဆရာတော်ကြီးများမှတဆင့် တရားဝင် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုအပေါ် တုံ့ပြန်မှုအဖြစ် နိုင်ငံ တော်အစိုးရက မန္တလေးမြို့၊ ရတနာဘုမ္မိအနောက်ဘက်၊ ၈၅ လမ်းနှင့် အေလမ်းထောင့်ရှိ အကွက်နံပါတ် ၅၅၀ တွင် တည်ရှိသည့် ၂.၃၁ ဧကကျယ် မြေကွက်တစ်ခုကို အသင်းသုံးရန် ခွင့်ပြုပေးခဲ့သည်။

ထိုနေရာ၌ အသင်းဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဗိသုကာဆရာကြီး ဦးဆိုင် ကိုယ်တိုင် ကြပ်မတ်ပြီး သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ခဲ့သည်။ ဤဗိမာန်တော်ကြီး၏ တည်ဆောက်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေအများအပြားကို လူပျံတော် ဓမ္မကထိက ဆရာကြီး ဦးလှသိန်း မှ တရားဟောကာဖြင့် ထည့်ဝင်လှူဒါန်းခဲ့သောကြောင့် “ဦးလှသိန်းဗိမာန်” ဟုလည်း လူသိများစွာ ခေါ်ဝေါ်ကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မန္တလေးသမိုင်း Mandalay City Development Committe 9 August 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ပရိယတ္တိသာသနဟိတအသင်းကြီး အနှစ်၅၀မြောက် အထိမ်းအမှတ်ပွဲ VOM (၁၇ ဒီဇင်ဘာ ၂၀၂၃)။ ၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ရာပြည့်ကျောက်စာ နှင့် ဗြဟ္မစိုရ် လိုဂို VOM (၁၈ ဇန်ဝါရီ ၂၀၂၄)။ ၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ထူးထူးခြားခြားပူဇော်ကျင်းပမည့် ပရိယတ္တိပညာရည်ချွန်ဆုနှင်းသဘင် Myanmar Digital News (၁၅ မေ ၂၀၁၉)။ ၉ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။