ပယ်လေးတန်

ဝီကီပီးဒီးယား မှ

“ပယ်လေးတန်” သည် ဘုရားရှင်၏ညီတော်အာနန္ဒာမှ ဘုရားရှင်ထံတွင် အလုပ်အကြွေးတာဝန် မယူခင် ခွင့်တောင်းခဲ့သည့် ပယ်အပ်သောဆုလေးခု နှင့် ပန်အပ်သောဆုလေးခုကို ဆိုလိုခြင်း ဖြစ်သည်။ ပယ်အပ်သောဆုလေးခုမှာ (၁)အရှင်ဘုရားသည် မိမိရသော အဖိုးထိုက် သင်္ကန်းကို တပည့်တော်အား မပေးဘဲ နေတော်မူပါဘုရား၊ (၂) အရှင်ဘုရားသည် မိမိရရှိလာသော ဆွမ်းခဲဖွယ်ကို တပည့်တော်အားမပေးဘဲ နေတော်မူပါဘုရား၊ (၃) အရှင်ဘုရားသည် မိမိ ကျိန်းစက်တော်မူရာကျောင်း၌ တပည့်တော်အား အတူတကွ နေထိုင်ခွင့်ကို မပေးဘဲ နေတော်မူပါဘုရား၊ (၄) အရှင်ဘုရားအား ပင့်ဖိတ်၍ ကျွေးမွေးလှူဒါန်းရာသို့ တပည့်တော်အား မခေါ်ဘဲ ထားတော်မူပါဘုရား ဟူ၍ ဖြစ်ပြီး၊ ပန်အပ်သောဆုလေးခု မှာ (၁) အရှင်ဘုရားသည် တပည့်တော် လက်ခံထားသော ဖိတ်ကြားရာသို့ လိုက်တော်မူပါဘုရား၊ (၂) အရှင်ဘုရားအားဖူးမျှော်ရန် အဝေးရပ်ရွာမှ ရောက်လာကြသော ပရိသတ်အား ရောက်လာသောအချိန်မှာပင် ဘုရားရှင်ထံသို့ ပို့ဆောင်ခွင့်ရလိုသည်ဘုရား၊ (၃) တပည့်တော်၌ ယုံမှားသင်္ကာ တစုံတရာ ပေါ်လာခဲ့သော် ပေါ်လာသော အချိန်မှာပင် ဘုရားရှင်ထံ ချဉ်းကပ်ခွင့် ရလိုသည်ဘုရား၊ (၄) တပည့်တော်၏ မျက်ကွယ်အရပ်တပါးတွင် ဟောကြားတော်မူခဲ့သော တရားဒေသနာများကို ကျောင်းပြန်ရောက်သောအခါ တပည့်တော်အား ထပ်မံဟောကြားတော်မူပါဘုရား ဟူ၍ ဖြစ်သည်။ ပယ်လေးတန်ဟူသော အခွင့်အရေးလေးမျိုးကို ပယ်ရခြင်းမှာ “အာနန္ဒာသည် ဘုရားရှင် ရရှိလာသော အဖိုးထိုက် အဖိုးတန် သင်္ကန်းကို ဝတ်ရုံရ၏။ ဆွမ်းကောင်းဟင်းကောင်းကို စားသောက်ရ၏။ တကျောင်းတည်းမှာ အတူနေရ၏။ ဘုရားရှင်ကို ပင့်ဖိတ်လျှင် သူပါလိုက်ပါရ၏။ ဤသို့သော အခွင့်ထူးလာဘ်ထူးကို ရသဖြင့် ဘုရားရှင်ကို သူပြုစုလုပ်ကျွေးခြင်း ဖြစ်၏။ ဤလို ပြုစုလုပ်ကျွေးရသူမှာ ဘာများဝန်လေးစရာ ရှိမည်နည်း” ဟု မနာလိုသူတို့ ပြောကြားလာခြင်းမှ ရှောင်နိုင်ရန်ဖြစ်ပြီး - ပန်အပ်သောဆုလေးခု တောင်းယူရခြင်းမှာ “သဒ္ဓါထက်သန်သော အမျိုးသားများသည် ဘုရားရှင်နှင့် တွေ့ဆုံခွင့်မရှိကြ၍ နောက်တနေ့မှာ ဘုရားရှင်နှင့်အတူ သူတို့အိမ်သို့ ဆွမ်းဘုဉ်းပေးကြရန် ပင့်ဖိတ်တတ်ကြသည်။ ထိုဖိတ်ကြားရာသို့ အကယ်၍ ဘုရားရှင်လိုက်ပါတော်မမူပါလျှင်၊ အလိုရှိသော ခဏမှာ ပရိသတ်ကို ဘုရားဖူးပို့ခွင့် မရပါလျှင်၊ ယုံမှားသင်္ကာကင်းရှင်းရန် ချဉ်းကပ်ခွင့် မရပါလျှင် ပြောစရာဆိုစရာများ ပေါ်လာနိုင်ပြီး၊ အာနန္ဒာသည် ဘုရားရှင်ကို မည်သို့များ ပြုစုပါသနည်း၊ သူ့ကို ဘုရားရှင်က ဤမျှလောက်ပင် ချီးမြှောက်မှုပြုတော်မမူပါချေတကား ဟု အပြစ်တင်လာနိုင်သည်။ ထို့ပြင် ဟောကြားသော ဒေသနာတော် တခုခုနှင့်ပတ်သက်၍ ဘုရားရှင်မျက်ကွယ်ရာမှာ မေးလာကြသောအခါ မိမိမဖြေနိုင်ပါက ‘သင်သည် ဘုရားရှင်နောက်တော်ပါးမှ အရိပ်ပမာ လိုက်ပါခဲ့၏။ နှစ်ရှည်လများ ပြုစုလုပ်ကျွေးခဲ့၏။ သို့ပါလျက် ဤမျှလောက်ပင်မသိလေတကားဟု ဆိုလာကြပါလိမ့်မည်။ ပယ်လေးတန် အစရှိသောဆုများကို ရှင်အာနန္ဒာသည် ဘုရားရှင်အားပြုစုရာတွင် အပြစ်အနာအဆာများ ကင်းစင်၍ စိတ်နှလုံးရွှင်လန်းစွာ ပြုစုနိုင်သော အကျိုးတရားများကို မြင်သောကြောင့် တောင်းခဲ့ခြင်း ဖြစ်ပြီး ဘုရားရှင်မှလည်း ခွင့်ပြုတော်မူခဲ့သည်။ ။ (သုတ်မဟာဝဂ်၊ မဟာပဒါနသုတ် အဌကထာ) [၁]

(ကိုးကား)[ပြင်ဆင်ရန်]

  1. ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း - ဝဏ္ဏသီရိ (ဒုတိယတွဲ)