ပထမအီဂျစ် ပြည်ထောင်စု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

ထိုသို့ အထက်နှင့် အောက် အီဂျစ်နိုင်ငံနှစ်ခု၏ အားပြိုင်မှုတို့သည် ခန့်မှန်းအားဖြင့် ဘီစီ ၄၃၀၀ခန့်အရောက်တွင် စစ်ဖြစ်ပွားကာ အောက်အီဂျစ်(မြောက်ပိုင်း)က တောင်ပိုင်း အထက်အီဂျစ်ကို အနိုင်ရသဖြင့် ပထမ အီဂျစ်ပြည်ထောင်စုကို တည်ထောင်နိုင်သည်။ အုပ်စိုးသည့် ရှင်ဘုရင်များအနေဖြင့်လည်း တောင်မြောက်ဒေသ နှစ်ခုလုံး၏ အကြီးအကဲဖြစ်ကြောင်း ထင်ရှားစေလိုသဖြင့် မြောက်ပိုင်းသရဖူအနီအတွင်း တောင်ပိုင်းသရဖူအဖြူကို နှစ်ထပ်ဝတ်ဆင်ကြသည်။ အဆိုပါ ပထမပြည်ထောင်စုသည် နှစ်ပေါင်း ရှစ်ရာခန့် တည်တံ့ကာ မြို့တော်အဖြစ် ဟယ်လီယိုပိုလစ် (နေမြို့တော်) တွင် နန်းစိုက်သည်။

ဘာသာကိုးကွယ်မှု[ပြင်ဆင်ရန်]

ဘာသာကိုးကွယ်မှုအားဖြင့် တော်ဝင်မိသားစု၏ကိုးကွယ်မှုအား မှီတည်၍ နိုင်ငံတော်အဆင့် နတ်ဘုရားနှစ်ပါးအား ကိုးကွယ်ကြသည်။ ပထမ နတ်ဘုရားမှ ရေး( Re/နေနတ်ဘုရား ) ဖြစ်ပြီး အပူနှင့် အလင်းကို ပေးသည့် နေနတ်ဘုရားဟု ယုံကြည်သည်။ ဒုတိယ နတ်ဘုရားမှာ အိုဆီးရစ် (Osiris/နိုင်းမြစ်နတ်ဘုရား) ဖြစ်ကာ ရေနှင့် နုံးမြေတို့ကို ပေးသည်ဟု ယုံကြည်ထားကြသည်။ အဆိုပါနတ်ဘုရား နှစ်ပါးကို နိုင်ငံတွင်း အကြီးဆုံးနတ်ဘုရားများ အဖြစ် ဘုရင်နှင့် ပြည်သူပြည်သားများက ကိုးကွယ်ကြသည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

အုပ်ချုပ်ရေးအနေဖြင့် ဘုရင်များသည် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ကြပြီး အလွန်ဩဇာကြီးကြသည်။ ပြည်သူတို့က ၎င်းတို့ကို ဖာရိုး(Pharoah) ဟုခေါ်ကြသည်။ အဓိပ္ပါယ်အားဖြင့် အိမ်ကြီး (သို့) နန်းတော် ဟုဆိုလိုသည်။ ဘုရင်များသည် ဘာသာရေးဆရာ(နတ်ဆရာ၊ ဝတ်ကျောင်းဘုန်းကြီး) များအားထောက်ပံ့၍ ပြည်သူများအား ယုံကြည်အောင် သိမ်းသွင်းနိုင်သဖြင့် မကြာသောကာလတွင်ပင် ဖာရိုးဘုရင်တို့သည်ရေး(နေနတ်ဘုရား)မှ တိုက်ရိုက်ဆင်းသက်လာသည့် သားတော်များဟု ယုံကြည်လာရာမှ ဘုရင်များသည့် အုပ်ချုပ်ရေးအရသာမက ဘာသာရေးအရပါ အကြီးအကဲဖြစ်လာတော့သည်။ ထိုသို့ ထီးနန်းအာဏာ ခိုင်မြဲရေးနှင့် မြင့်မြတ်သော အနွယ်သွေးကို ထိန်းသိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် သွေးနှောခြင်းကို ကာကွယ်ရန်အတွက် ဘုရင်တို့သည် အပြင်မှ အရပ်သူအရပ်သားများနှင့် လက်ဆက်ခြင်းမှ ရှောင်ရှားကာ ဆွေမျိုးအချင်းချင်း အရင်းအခြာများပါမကျန် သွေးနီး၊သွေးဝေး အမျိုးအဆွေအချင်းချင်းသာ လက်ထပ်ကြတော့သည်။ အကျိုးဆက်အနေဖြင့် အချိန်ကာလ ကြာသည်နှင့်အမျှ မင်းမျိုးမင်းနွယ်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဉာဏစွမ်းရည်နှိမ့်ပါးလာရသည်။

အဆိုပါ ဖေရိုးမင်းများ နောက် ဒုတိယနေရာမှ ဘုန်းတန်ခိုးကြီးစိုးသူများမှာ မင်းညီမင်းသားများ ဖြစ်သည်။ ဖာရိုးမင်းများနည်းတူ လယ်ယာမြေပိုင်စိုးကြသဖြင့် ၎င်းတို့ကို နယ်စားများဟုလည်း သတ်မှတ်ကြသည်။ နယ်စားတို့သည် အုပ်ချုပ်ရေးအရ အရေးပါသည့် ရာထူးများကိုလည်း ရယူထားသေးသည်။

နယ်စားများ အောက်တစ်ဆင့် တန်ခိုးထွားသူတို့မှာ ဘာသာရေးဆရာ(နတ်ဆရာ၊ ဝတ်ကျောင်းဘုန်းကြီး)များဖြစ်ကြသည်။ ဘာသာရေးဆရာများ နောက်တွင်မှ မင်းမှုထမ်းများ၊ ထိုနောက်တွင်မှ စာရေးစာချီများ၊ ထိုနောက်မှ ထူချွန်သော လက်မှုပညာရှင်များ၊ ထိုနောက်မှ လယ်သမားများ စသဖြင့် အဆင့်ဆင့် အတန်းအစားခွဲခြားထားသည်။

ဖာရိုးတို့၏ နန်းတော်သည် အလွန်ခန်းနားကြသည်မှာ ပြောရန်မလိုပေ။ ထိုနည်းတူပင် နယ်စားများ၏ အိမ်ဂေဟာမှာလည်း အဖိုးတန်အိမ်ကြီးအိမ်ကောင်းများ၊ဥယျာဉ်ခြံမြေများဖြင့် ထည်ဝါကြသည်သာ ဖြစ်သည်။ စည်းစိမ်ကိုလည်း ရက်ရက်ရောရောခံစားကြသည်။ သို့သော် ပြည်သူတို့၏ လူနေမှုမှာမူ အုပ်စိုးသူလူတန်းစားနှင့် အထူးကွာခြားသည်ဟု ဆိုနိုင်သည်။ သာမာန်ပြည်သူတို့မှာ အလွန်ပင်ဆင်းရဲကြရှာသည်။

တီထွင်ဆန်းသစ်မှုများ[ပြင်ဆင်ရန်]

ပထမအီဂျစ်ပြည်ထောင်စုခေတ်တွင် တိုးတက်မှုများကိုလည်း တွေ့ရသည်။ ယဉ်ကျေးမှု အဆင့်အတန်းအားဖြင့်လည်း ရေချိန်မြင့်မားသည့် အတွက် ထိုကဲ့သို့ တီထွင်မှုများပေါ်ထွန်းလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူ့ယဉ်ကျေးမှု သမိုင်းအရ ဤခေတ်သည် အစပြုခြင်းပင်ဖြစ်သည်ဟု ပညာရှင်အတော်များများက ထောက်ခံချက်ပေးကြသည်။

စိုက်ပျိုးရေး[ပြင်ဆင်ရန်]

ရှေးခေတ်လူသားများမှ ယဉ်ကျေးလာသည့် အထိမ်းအမှတ်အဖြစ် အီဂျစ်တို့သည် နိုင်းမြစ်ကိုအခြေပြုကာ စိုက်ပျိုးရေးကို တွင်ကျယ်အောင် ဆောင်ရွက်ကြသည်။ အစဦးတွင် လူကိုယ်တိုင် ထယ်ထိုးခြင်းနည်းဖြင့် စိုက်ပျိုးကြသော်လည်း အင်မတန်ပင်ပန်းကာ အကျိုးဖြစ်ထွန်းမှုနည်းလှသည်။ မကြာမီပင် ထွန်ဖြင့် ထပ်ထိုးခြင်းနည်းကို အသုံးချကာ စိုက်ပျိုးလာကြသည်။ အကျိုးဆက်အားဖြင့် လယ်ယာမြေစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်သဖြင့် အစားအသောက်ကို ပေါပေါများများစာသုံးလာနိုင်သည်။ သို့ဖြင့် ငွေကြေးစနစ်မဟုတ်ဘဲ ကောက်ပဲသီးနှံဖြင့် အဟောင်းပေးအသစ်ယူခြင်း(မြှီစားခြင်း)၊ အခွန်ဆောင်ခြင်း တို့ကိုပြုလုပ်ကြသည်။

ဆည်မြောင်းတာတမံ[ပြင်ဆင်ရန်]

လယ်ယာမြေများကို တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ရှေးအီဂျစ်တို့သည် ပထမပြည်ထောင်စုခေတ်ကပင် ဆည်မြောင်းတာတမံတို့ကို အစိုးရ၏ ဦးဆောင်မှုဖြင့် ဖော်ထုတ်တည်ဆောက်လာကြောင်း တွေ့ရသည်။ ဖာရိုးမင်းအဆက်ဆက်တို့သည် ဆည်မြောင်းဗဟိုဌာန ဟူ၍ဖွဲ့စည်းပေးကာ ဆည်မြောင်းများအုပ်ချုပ်ရေးကို ကိုယ်တိုင်တာဝန်ယူသည်။ စိုက်ပျိုးရေ အလဟဿမဖြစ်စေရေး၊ ဆည်မြောင်းများ အသစ်တူးဖော်ခြင်း စသည်ဖြင့် စိုက်ပျိုးရေးနှင့် ပက်သက်၍ ဆည်မြောင်းကိစ္စများကို ဆောင်ရွက်စေသည်။

အခြေခံအားဖြင့် ရှင်ဘုရင်တို့သည် ကာကွယ်ရေးနှင့် ငြိမ်ဝမ်ပိပြားရေးဆိုရာ ကိစ္စများနှင့်သာ သက်ဆိုင်သဖြင့် စစ်ပွဲကာနှင့် ငြိမ်းချမ်းရေးကာလများတွင် လုပ်ငန်းများဆောင်ရွက်ရန် မရှိသကဲ့သို့သော အခြေအနေတွင် ထိုကဲ့သို့ ဆည်မြောင်းတာတမံများအတွက် အုပ်ချုပ်မှုကို ဦးဆောင်ရသဖြင့် ကမ္ဘာ့ရှေးအကျဆုံး အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားအဖြစ် သတ်မှတ်နိုင်သည်။

ပြက္ခဒိန်[ပြင်ဆင်ရန်]

စိုက်ပျိုးရေးကို အမှီပြုကာ အသက်မွေးကြသည့် ပထမအီဂျစ်ပြည်ထောင်စုအတွက် စိုက်ပျိုးရေးအတွက် အရေးပါသော အထောက်အကူအဖြစ် ပြက္ခဒိန်ကိုလည်း တီထွင်နိုင်ခဲ့သည်။ သို့သော် ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် ပြက္ခဒိန်သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။

စာပေအရေးအသား[ပြင်ဆင်ရန်]

ပြက္ခဒိန်တီထွင်မှုအပြင် အီဂျစ်တို့သည် ကမ္ဘာ့ရှေးအကျဆုံး စာပေအရေးအသားကိုလည်း တီထွင်သွားကြသေးသည်။ တွဲဖက်အနေဖြင့် စက္ကူကလောင်တံ နှင့် မှင် စသည်တို့ကိုလည်း တီထွင်ပြန်သည်။ ရှေးဦးလူသားများအနေဖြင့် မိမိတို့ရေးမှတ်လိုသည့် အကြောင်းအရာများကို အရုပ်များရေးဆွဲခြင်း အားဖြင့် မှတ်တမ်းတင်သည့် အလေ့အကျင့်မှသည် အီဂျစ်တို့၏ ပထမပြည်ထောင်စုခေတ် အရောက်တွင် ပထမဆုံးသော စာပေအဖြစ်ဖြင့် အီဂျစ် အရုပ်စာပေါ်ထွန်းလာသည်။ အဆိုပါ အီဂျစ်အရုပ်စာရေးသားနည်းကို ဟီအာရိုဂလစ် ရေးနည်း(Hieroglyphs/အရုပ်စာရေးနည်း) ဟုခေါ်သည်။ နောက်ဆက်တွဲအနေဖြင့် စက္ကူကိုလည်း တီထွင်နိုင်သည်။ နိုင်းမြစ်ထဲတွင် အလေ့ကျပေါက်သည့် ပပိုင်းရပ်စ်(Papyrus) ကျူပင်များကို ခွဲစိတ်ပြုပြင်ကာ စက္ကူအဖြစ် အသုံးပြုကြသည်။ ထိုအသုံးအနှုန်းမှ ဆင်းသက်ကာ ယနေ့ စက္ကူကို အင်္ဂလိပ်ဘာသာအားဖြင့် ပေပါ(Paper) ဟုခေါ်ကြခြင်းဖြစ်သည်။ ချက်ပြုတ်သည့် အိုးခွက်များမှ အိုးမဲအား သစ်စေး တစ်မျိုးဖြင့် ဖျော်စပ်ကာ မှင်ရည် အဖြစ်သုံးစွဲကြသည်။ ကျူရိုးအား ခပ်ချွန်ချွန်ဖြတ်တောက်ပြုပြင်ကာ ကလောင်တံ အဖြစ် သုံးစွဲကြသည်။