မာတိကာသို့ ခုန်သွားရန်

ပဋိစ္စသမုပ္ပါဒ် ပထမနည်း

ဝီကီပီးဒီးယား မှ

ပဋိစ္စသမုပ္ပါဒ် ပထမနည်း” သည် အကြောင်းအကျိုး ဆက်နွယ်မှု၏ သဘောတရားကို နွယ်ပင်၏ အမြစ်မှ အဆုံးသို့ ဆွဲငင် ယူဆောင်သွားသော ဥပမာဖြင့် ရှင်းပြထားသော အနုလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော် တစ်ရပ်ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ်၏ အခြေခံသဘော

[ပြင်ဆင်ရန်]

ပဋိစ္စသမုပ္ပါဒ်တရားသည် ဘုရားရှင်က ဖန်ဆင်းထားခြင်း မဟုတ်ဘဲ၊ ဘုရားပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ၊ သဘာဝအားဖြင့် ထင်ရှားရှိနေသော တရားတစ်ခုဖြစ်သည်။ သို့သော် ဘုရားရှင်တို့ ပွင့်ထွန်းပြီး ဟောကြားတော်မူသောအခါမှသာ ဤတရားကို သတ္တဝါများက သိရှိနိုင်ခွင့် ရရှိသည်။ အကယ်၍ ဘုရားမပွင့်လျှင်၊ ပွင့်သော်လည်း ဤတရားကို နာယူခွင့် မရလျှင်၊ သို့မဟုတ် နာယူခွင့်ရသော်လည်း သဿတဒိဋ္ဌိ (ထာဝရအယူ) သို့မဟုတ် ဥစ္ဆေဒဒိဋ္ဌိ (ပြတ်ဆုံးအယူ) စသော မိစ္ဆာဒိဋ္ဌိများကို စွဲလမ်းထားလျှင် ဤတရားသဘောကို နားလည်နိုင်မည် မဟုတ်ပေ။ []

ဤတရားသည် နက်နဲပြီး သိရှိရန် ခက်ခဲသည်။ အရှင်အာနန္ဒာက “လွယ်သည်၊ တိမ်သည်” ဟု လျှောက်ထားသောအခါ၊ ဘုရားရှင်က “မာ ဟေဝံ အာနန္ဒ အဝစ” (ချစ်သား အာနန္ဒ၊ ဤသို့ မပြောနှင့်) ဟု တားမြစ်တော်မူခဲ့သည်။ ဤတရားကို အနုဗောဓဉာဏ် (ကြိမ်ဖန်များစွာ သိမှု) နှင့် ပဋိဝေဓဉာဏ် (မဂ်ဉာဏ်ဖြင့် သိမှု) ဖြင့် မသိဘဲ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤတရားကို မသိသူသည် သမဏ၊ ဗြာဟ္မဏဟု အခေါ်ခံထိုက်ခြင်း မရှိသလို၊ ဘုရားရှင်တို့သည် ဤတရားကို ပိုင်းခြား၍ သိမှုကြောင့်သာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူကြသည်။[]

ပထမနည်း၏ ဒေသနာတော်

[ပြင်ဆင်ရန်]

ပဋိစ္စသမုပ္ပါဒ် ပထမနည်း၏ ဒေသနာကို အောက်ပါအတိုင်း ဖော်ပြထားသည်-

ဥပမာနှင့် အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ပထမနည်းကို နွယ်ရှာယောက်ျားနှင့် ဥပမာပြုထားသည်။ ပထမလူ ဆိုသူသည် နွယ်ပင်၏ အမြစ်ကို တွေ့မြင်၍ ထိုနေရာတွင် ဖြတ်တောက်ပြီး၊ အမြစ်မှ အဆုံးသို့ နွယ်အားလုံးကို သိမ်းကြုံး ယူဆောင်သွားသည်။ ဤဥပမာအရ၊ ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်၏ အရင်းခံအကြောင်းဖြစ်သော အဝိဇ္ဇာ (မသိမှု) မှ စတင်၍ ဇရာမရဏ (အိုမှု-သေမှု) ဆိုသော အဆုံးသို့တိုင်အောင်၊ အကြောင်းမှ အကျိုးသို့ အစဉ်လိုက် ဟောကြားသည်။ ဤနည်းကို အနုလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ဟု ခေါ်ဆိုပြီး၊ “အစမှ အဆုံးသို့” ဟူသော သဘောကို ဖော်ပြသည်။

ဘုရားရှင်သည် ဝဋ်ဒုက္ခဖြစ်စဉ်တွင် တွေဝေနေသော သတ္တဝါများကို အဝိဇ္ဇာမှ စ၍ သင်္ခါရ စသော အကျိုးတရားများ ဖြစ်ပေါ်လာပုံကို ထင်ရှားပြတော်မူပြီး၊ ဝဋ်တရား၏ ဖြစ်စဉ်ကို အပြည့်အစုံ ဖော်ထုတ်သည်။

ပထမနည်း၏ ရှုကွက်များ

[ပြင်ဆင်ရန်]

ပထမနည်းသည် အဝိဇ္ဇာ မှ စတင်၍ ဇရာမရဏ သို့တိုင်အောင် အကြောင်းမှ အကျိုးသို့ အစဉ်လိုက် ရှုပွားခြင်းဖြစ်သည်။ ဤရှုကွက်ကို ဝိပဿနာဉာဏ် အဆင့်အလိုက် အောက်ပါအတိုင်း ခွဲခြမ်းသည်-

၁. ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း

[ပြင်ဆင်ရန်]
  • ရှုပုံ: အကြောင်းတရားနှင့် အကျိုးတရားကို သိမ်းဆည်းသည်။
  • ဥပမာ: အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်သည်။ အဝိဇ္ဇာက အကြောင်း၊ သင်္ခါရက အကျိုး။

၂. သမ္မသနဉာဏ်ပိုင်း (ဥဒယဗ္ဗယဉာဏ် အနုပိုင်း)

[ပြင်ဆင်ရန်]
  • ရှုပုံ: အင်္ဂါရပ် ၁၂-ပါးကို လက္ခဏာယာဉ် သုံးချက် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) သို့ တင်၍ ဖြစ်ပျက်ကို ရှုသည်။
  • ဥပမာ: အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်သည်။ အဝိဇ္ဇာ - (ဖြစ်ပျက်) အနိစ္စ၊ သင်္ခါရ - (ဖြစ်ပျက်) အနိစ္စ။

၃. ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်း

[ပြင်ဆင်ရန်]
  • ပစ္စယတော ဥဒယဒဿန: အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်သည်။ (သမုဒယဓမ္မာနုပဿီ)
  • ပစ္စယတော ဝယဒဿန: အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်သည်။ (ဝယဓမ္မာနုပဿီ)
  • ခဏတော ဥဒယဒဿန: အဝိဇ္ဇာ၏ ဖြစ်ခြင်းသဘော၊ သင်္ခါရ၏ ဖြစ်ခြင်းသဘော။
  • ခဏတော ဝယဒဿန: အဝိဇ္ဇာ၏ ပျက်ခြင်းသဘော၊ သင်္ခါရ၏ ပျက်ခြင်းသဘော။
  • ပစ္စယတော ဥဒယဗ္ဗယဒဿန + ခဏတော ဥဒယဗ္ဗယဒဿန: အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်သည်၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်သည်။ အဝိဇ္ဇာ - (ဖြစ်ပျက်) အနိစ္စ၊ သင်္ခါရ - (ဖြစ်ပျက်) အနိစ္စ။ (သမုဒယဝယဓမ္မာနုပဿီ)

၄. ဘင်္ဂဉာဏ်ပိုင်း

[ပြင်ဆင်ရန်]
  • ရှုပုံ: အင်္ဂါရပ်များ၏ အပျက်သက်သက်ကို အာရုံပြု၍ လက္ခဏာသုံးချက်ဖြင့် ရှုသည်။
  • ဥပမာ: အဝိဇ္ဇာ - (ပျက်-ပျက်) အနိစ္စ၊ ရှုသည့်ဉာဏ် - (ပျက်-ပျက်) အနိစ္စ။

အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေပုံ

[ပြင်ဆင်ရန်]

မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်နေဆဲဖြစ်သည့် ဖြစ်လတ္တံ့ဖြစ်သည့် အဝိဇ္ဇာ သင်္ခါရ စသည်တို့ကိုသာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုရမည် ဖြစ်သည်။ ဤစာမူတွင်ကား အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏ – ဤသို့စသည်ဖြင့်သာ ဖော်ပြထားပါသည်။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေပုံကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့ပြီးဖြစ်၍ ဤ၌ ရှာဖွေပုံစနစ်ကို ထပ်မံ၍ မဖော်ပြတော့ဘဲ ရှုကွက်မျှကိုသာ ဖော်ပြထားပါသည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. (သံ၊၁၊၂၆၄။ ပစ္စယသုတ္တန်။)
  2. (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။) (သံ၊၁၊၂၇၉။)(သံ၊၁၊၂၄၆-၂၅၂။)
  3. 1 2 ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း