ပစ္စုပ္ပန်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
ကျမ်းဂန်များ၌ "ပစ္စုပ္ပန်" ကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုထားပြီး၊ ယင်းတို့ကို နားလည်ခြင်းသည် ဝိပဿနာရှုရာ၌ အလွန်အရေးကြီးပါသည်။
ပစ္စုပ္ပန် သုံးမျိုး
[ပြင်ဆင်ရန်]- ခဏပစ္စုပ္ပန်: ဥပါဒ်-ဌီ-ဘင် (ဖြစ်-တည်-ပျက်) ဟူသော ခဏငယ်သုံးပါးသို့ ရောက်ဆဲဖြစ်သော ရုပ်နာမ်တရားကို ခေါ်သည်။ ဤသည်မှာ ပရမတ္ထသဘောအရ အမှန်ကန်ဆုံးဖြစ်သော အဘိဓမ္မာနိဒ္ဒေသနည်းအရ "ပစ္စုပ္ပန်" ဖြစ်ပြီး ဝိပဿနာဉာဏ်၏ အဓိက အရှုခံအာရုံဖြစ်သည်။
- သန္တတိပစ္စုပ္ပန်: ရုပ်အစဉ်၊ နာမ်အစဉ်ကို ဆိုလိုသည်။ ဥပမာ- တစ်ခုသော စိတ်ဝီထိအစဉ်၊ သို့မဟုတ် ဥတုတစ်ခု၊ အာဟာရတစ်ခုကြောင့် ဖြစ်သော ရုပ်အစဉ်တစ်ခုလုံးကို ခြုံငုံ၍ "ပစ္စုပ္ပန်" ဟု သတ်မှတ်ခြင်း ဖြစ်သည်။ ဉာဏ်နုသေးသော ယောဂီများအတွက် ခဏပစ္စုပ္ပန်ကို မမြင်မီ ရှေးဦးစွာ ဤသန္တတိပစ္စုပ္ပန်ကို အားပြု၍ ရှုမှတ်ရသည်။
- အဒ္ဓါပစ္စုပ္ပန်: တစ်ဘဝတာ ကာလကို ဆိုလိုသည်။ ပဋိသန္ဓေနေချိန်မှ စုတိကျချိန်အထိ တစ်ဘဝတာအတွင်း ဖြစ်သမျှသော ရုပ်နာမ်အားလုံးကို "ပစ္စုပ္ပန်" ဟု သတ်မှတ်ခြင်းဖြစ်သည်။ [၁]
ဘဒ္ဒေကရတ္တသုတ္တန်မှ ပစ္စုပ္ပန်
[ပြင်ဆင်ရန်]ဘဒ္ဒေကရတ္တသုတ္တန်များ၌ ဆိုလိုသော ပစ္စုပ္ပန်မှာ အဒ္ဓါပစ္စုပ္ပန် ဖြစ်သည်။ အကြောင်းမှာ တဏှာ၊ ဒိဋ္ဌိတို့သည် အလွန်လျင်မြန်စွာ ဖြစ်နေသော ခဏပစ္စုပ္ပန်တရားတို့အပေါ်၌ ဖြစ်ပွားရန် ခဲယဉ်းပြီး၊ "ငါ၊ ငါ့ခန္ဓာ" ဟု တစ်ဘဝတာလုံးကို ခြုံငုံစွဲလမ်းသော အယူအဆ (အဒ္ဓါပစ္စုပ္ပန်) အပေါ်၌သာ အဖြစ်များသောကြောင့် ဖြစ်သည်။
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် သတ်မှတ်ပုံ နှစ်နည်း
[ပြင်ဆင်ရန်]၁။ သုတ္တန္တပရိယာယနည်း (ဘဝဖြင့် ပိုင်းခြားခြင်း):
- အတိတ်: ယခုဘဝ ပဋိသန္ဓေမှ အထက်၊ လွန်လေပြီးသော ဘဝများက ရုပ်နာမ်အားလုံး။
- ပစ္စုပ္ပန်: ယခုဘဝ ပဋိသန္ဓေနှင့် စုတိအကြား ဖြစ်သမျှသော ရုပ်နာမ်အားလုံး (အဒ္ဓါပစ္စုပ္ပန်)။
- အနာဂတ်: ယခုဘဝ စုတိจิตမှ နောက်၊ နောင်ဖြစ်လတ္တံ့သော ဘဝများက ရုပ်နာမ်အားလုံး။
၂။ အဘိဓမ္မနိဒ္ဒေသနည်း (ခဏဖြင့် ပိုင်းခြားခြင်း):
- အတိတ်: ဥပါဒ်-ဌီ-ဘင် ခဏသုံးပါးသို့ ရောက်ရှိပြီး ချုပ်ပျောက်သွားသော ရုပ်နာမ်အားလုံး။
- ပစ္စုပ္ပန်: ဥပါဒ်-ဌီ-ဘင် ခဏသုံးပါးသို့ ရောက်ရှိနေဆဲ ရုပ်နာမ်အားလုံး (ခဏပစ္စုပ္ပန်)။
- အနာဂတ်: ခဏသုံးပါးသို့ မရောက်ရှိသေးသော၊ နောင်ဖြစ်လတ္တံ့သော ရုပ်နာမ်အားလုံး။
သိသင့်သောအချက်: ဝိဘင်းပါဠိတော် စသည်တို့၌ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို အဘိဓမ္မာနိဒ္ဒေသနည်းဖြစ်သော ခဏအားဖြင့် ပိုင်းခြားခြင်းသည်သာ ပရိယာယ်မဟုတ် မုချ (တိုက်ရိုက်အမှန်) ဖြစ်သည်ဟု အဋ္ဌကထာများက ရှင်းလင်းဆုံးဖြတ်ထားပါသည်။ ဝိပဿနာဘာဝနာ၏ ပဓာန ရည်မှန်းချက်မှာ ဤ ခဏပစ္စုပ္ပန်ကို ထိုးထွင်းသိမြင်ရန် ဖြစ်သည်။
နောက်တစ်နည်း ဖွင့်ဆိုပုံ (လေးမျိုးခွဲခြားခြင်း)
[ပြင်ဆင်ရန်]အဋ္ဌကထာများက ပိုမိုအသေးစိတ်သော ခွဲခြားနည်းကိုလည်း ပြဆိုထားပါသည်-
- ရုပ်နာမ်တရားတို့ကို အဒ္ဓါ (ဘဝကာလ)၊ သန္တတိ (အစဉ်)၊ သမယ (အချိန်အခါ၊ ဥပမာ- နံနက်၊ ညနေ)၊ ခဏ (ဖြစ်တည်ပျက်) ဟူသော အစွမ်းလေးမျိုးဖြင့် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ခွဲခြားနိုင်သည်။ ဤလေးမျိုးတွင် ခဏ နှင့် ကိစ္စ (မိမိ၏အလုပ်ကို ပြုဆဲခဏ) ၏ အစွမ်းဖြင့် ခွဲခြားခြင်းသည်သာ နိပ္ပရိယာယ (မုချ) ဖြစ်ပြီး၊ ကျန်နည်းလမ်းများမှာ သပရိယာယ (ပရိယာယ်) ဖြစ်သည်ဟု မှတ်သားရမည်။[၂]
တိပိဋကအဘိဓာန်မှ ပစ္စုပ္ပန်
[ပြင်ဆင်ရန်][၃](ထိုထို အကြောင်းကို) စွဲ၍ ဖြစ်ဆဲသော၊ (ထိုထိုအကြောင်းကို) စွဲ၍ (ဥပါဒ်-ဌီ-ဘင်ဟူသော) အထက်၌ ရောက်-ဖြစ်-ဆဲသော (တရား, ကာလ)၊ ပစ္စုပ္ပန်။
ယင်းပစ္စုပ္ပန်ကို “ဝတ္တမာန်”ဟုလည်း ခေါ်သည်။ ပစ္စုပ္ပန်သည် ခဏပစ္စုပ္ပန်၊ သန္တတိပစ္စုပ္ပန်၊ အဒ္ဓါပစ္စုပ္ပန်ဟု ၃-မျိုးရှိသည်။ ထိုတွင် ဖြစ်-တည်-ပျက်ဟူသော ဥပါဒ်-ဌီ-ဘင် “ခဏ ၃-ပါး”သို့ ဆိုက်ရောက် ဖြစ်ပေါ် နေဆဲ ရုပ်နာမ်တရားကို “ခဏပစ္စုပ္ပန်”ဟု ခေါ်သည်။
သန္တတိပစ္စုပ္ပန်
[ပြင်ဆင်ရန်]တစ်ခုသော အစဉ် “သန္တတိ”၌ ပါဝင်သော တရားအပေါင်းကို “သန္တတိပစ္စုပ္ပန်”ဟု ခေါ်သည်။ ယင်းကို ပိဋကအာဂုံပြန် “ဘာဏက” ထေရ်တို့က အမျိုးမျိုး မိန့်ဆိုကြသည်။
- အမှောင်တွင်း၌ နေပြီးနောက် အလင်းရောင်ရှိရာသို့ ထွက်လာသော သူအား အလင်းရောင်အတွင်းရှိ အာရုံများ ရုတ်တရက် မထင်လာသေးဘဲ အတန်ကြာမှ ထင်လာသည်။ ထို့အတူ အလင်းရောင်ရှိရာ၌ လှည့်လည်ပြီးနောက် တိုက်ခန်းတွင်းသို့ ဝင်လာသောသူအားလည်း အခန်းတွင်းရှိ အာရုံများ အတန်ကြာမှ ထင်လာသည်။ ဤ၌ အတွင်းအပြင်သို့ ဝင်ထွက်ပြီးနောက် အာရုံ ထင်လာသည့်တိုင်အောင် ကာလအတွင်း၌ ဖြစ်သော ရုပ်နာမ်အစဉ်ကို “သန္တတိပစ္စုပ္ပန်”ဟု ခေါ်သည်။
- ထို့ပြင် အဝေး၌ အဝတ်ဖွပ်လျှော်နေသောသူ၏ ထုရိုက်လှုပ်ရှားနေပုံကို မြင်ရပြီးနောက် အနည်းငယ်ကြာမှ ထုရိုက်သံကို ကြားရရာ မြင်သည်မှ ကြားသည်အတွင်း၌ ဖြစ်သော ရုပ်နာမ်အစဉ်ကိုလည်း “သန္တတိပစ္စုပ္ပန်”ဟု ခေါ်သည်။ ဤကား မဇ္ဈိမဘာဏကထေရ်တို့အလိုတည်း။
သံယုတ္တဘာဏကထေရ်တို့ကား ရုပ်၏ သန္တတိ၊ နာမ်၏ သန္တတိဟု ၂-မျိုးခွဲပြီးလျှင် ဤသို့ မိန့်ဆိုကြသည်။
- တစ်စုံတစ်ယောက်သော သူက ကမ်းနားရှိ ရေကို နင်းသွားရာများ နောက်ကျသွားပြီးနောက် ပြန်လည်မကြည်လင်မီအတွင်း၌၎င်း၊ အဓွန့်ရှည်သော ခရီးမှ ပြန်လာ၍ (အရိပ်၌) နားနေသော သူအား အပူငွေ့မငြိမ်းအေးမီအတွင်း၌၎င်း၊ နေပူမှလာ၍ တိုက်ခန်းသို့ ဝင်သောသူအား မျက်စိပြာဝေမှု မပျောက်ကင်းမီအတွင်း၌လည်းကောင်း၊ နေ့အခါ တိုက်ခန်းတွင်း၌ ကမ္မဋ္ဌာန်း အားထုတ်ပြီးနောက် လေသောက်ပြူတင်းကို ဖွင့်ကြည့်သောယောဂီအား မျက်စိတုန်လှုပ်မှု မပျောက်ကင်းမီအတွင်း၌၎င်း ဖြစ်သော ရုပ်တို့၏အစဉ်ကို “ရုပ်သန္တတိပစ္စုပ္ပန်”ဟု ခေါ်သည်။
- လောဘဇော၊ ဒေါသဇော စသော ကာမဇောဝီထိတို့ ၂-ကြိမ် ၃-ကြိမ်မျှ ဆက်လက် ဖြစ်နေသော နာမ်တို့၏ အစဉ်ကို “နာမ်သန္တတိပစ္စုပ္ပန်”ဟု ခေါ်သည်။
ခုဒ္ဒကဘာဏကထေရ်တို့ကမူ သဘောတူ ကာမဇောဝီထိတို့ ၇-ကြိမ်၊ ၈-ကြိမ်မျှ ဆက်လက် ဖြစ်ပွားနေသော နာမ်တို့၏အစဉ်ကို “နာမ်သန္တတိပစ္စုပ္ပန်”ဟု မိန့်ဆိုပြီးလျှင် ကျန် “ရုပ်သန္တတိပစ္စုပ္ပန်”ကိုကား သံယုတ္တဘာဏကထေရ်တို့အတိုင်းပင် မိန့်ဆိုကြသည်။
အဒ္ဓါပစ္စုပ္ပန်
[ပြင်ဆင်ရန်]ပဋိသန္ဓေမှ စုတိတိုင်အောင် ဖြစ်ဆဲဘဝဖြင့် ပိုင်းခြားအပ်သော ရုပ်နာမ်အပေါင်းကို “အဒ္ဓါပစ္စုပ္ပန်”ဟု ခေါ်သည်။ [၄]
ဤပစ္စုပ္ပန် ၃-မျိုးတွင် “အတီတာ ဓမ္မာ၊ အနာဂတာ ဓမ္မာ၊ ပစ္စုပ္ပန္နာ ဓမ္မာ” (အဘိ၊ဓ၊၃။) စသော အဘိဓမ္မာပါဠိတော်တို့၌ ခဏပစ္စုပ္ပန်ကို ဟော၍ ဘဒ္ဒေကရတ္တသုတ် [၅] စသော သုတ္တန်ပါဠိတော်တို့၌ အဒ္ဓါပစ္စုပ္ပန်ကို ဟောတော်မူသည်။ သန္တတိပစ္စုပ္ပန်ကား မဟာအဋ္ဌကထာတို့၌ လာသည်။ [၆]
ရုပ်နာမ်တရားတို့ကို ဝိပဿနာရှုရာတွင် “အတိတ်ဘဝ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည် အတိတ်ဘဝ၌သာ ချုပ်ပျောက်ခဲ့ကြသည်။ ဤပစ္စုပ္ပန်ဘဝသို့ မလိုက်ပါကြ။ ဤပစ္စုပ္ပန်ဘဝ၌ ဖြစ်သော ရုပ်နာမ်တရားတို့သည်လည်း ဤပစ္စုပ္ပန်ဘဝ၌သာ ချုပ်ပျောက်ကြသည်။ နောင် အနာဂတ်ဘဝသို့ မလိုက်ပါကြ” ဤသို့ အဒ္ဓါပစ္စုပ္ပန်၊ အတိတ်-အနာဂတ်အားဖြင့် ရှုရသည်။ ထို့အတူ သန္တတိပစ္စုပ္ပန်၊ အတိတ်-အနာဂတ်အားဖြင့်၎င်း၊ ခဏပစ္စုပ္ပန်၊ အတိတ်-အနာဂတ်အားဖြင့်၎င်း ရှုရသည်။ [၇]
ပစ္စုပ္ပန်ကို အာရုံပြုသော စိတ်တို့တွင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဒွါရ၌ ဖြစ်သောစိတ်တို့သည် အစဉ်အတိုင်း ခဏပစ္စုပ္ပန်ဖြစ်သည့် ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗအာရုံတို့ကို အာရုံပြုကြသည်။ မနောဒွါရ၌ ဖြစ်သောစိတ်တို့ ပစ္စုပ္ပန်ရုပ်တရားကို အာရုံပြုရာ၌ ခဏ၊ သန္တတိ၊ အဒ္ဓါဟူသော ပစ္စုပ္ပန် ၃-မျိုး ထိုက်သင့်သလို ဖြစ်သည်။ ပစ္စုပ္ပန်နာမ်တရားကို အာရုံပြုရာ၌ကား အယူဝါဒ ကွဲပြားကြသည်။ စေတောပရိယအဘိညာဉ်ဖြင့် ပစ္စုပ္ပန်စိတ်ကို အာရုံပြုရာ၌ ကေစိဆရာတို့က ခဏပစ္စုပ္ပန်ကို အာရုံပြုသည်ဟု ဆိုကြသည်။ အဋ္ဌကထာဆရာတို့က ထိုဝါဒကို ပယ်ပြီးလျှင် သန္တတိပစ္စုပ္ပန်နှင့် အဒ္ဓါပစ္စုပ္ပန်ကိုသာ အာရုံပြုသည်ဟု မိန့်ဆိုကြသည်။ အကျယ်ကို အဋ္ဌကထာ၊ ဋီကာတို့၌ ကြည့်။ [၈] သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ချခွင်းရာ၌ သန္တတိ၊ အဒ္ဓါပစ္စုပ္ပန်ဖြစ်သော ရုပ်နာမ်ဇီဝိတကိုသာ ချခွင်းနိုင်သည်၊ ခဏပစ္စုပ္ပန်ဖြစ်သော ဇီဝိတကို မချခွင်းနိုင်။ [၉]
တစ်နည်း— ပစ္စုပ္ပန် ၄-မျိုး
[ပြင်ဆင်ရန်]ပစ္စုပ္ပန်သည် အဒ္ဓါပစ္စုပ္ပန်၊ သန္တတိပစ္စုပ္ပန်၊ သမယပစ္စုပ္ပန်၊ ခဏပစ္စုပ္ပန်ဟု ၄-မျိုးရှိသည်။ ထိုတွင် အဒ္ဓါပစ္စုပ္ပန်နှင့် ခဏပစ္စုပ္ပန်တို့သည် အောက်၌ ဖော်ပြပြီးသည့်အတိုင်းပင် ဖြစ်သည်။
- အအေးအပူစသော အစဉ် “သန္တတိ”အားဖြင့် ရှေ့နောက်ဆက်ကာ ဖြစ်ပျက်နေသော သဘောတူ ဥတုဇရုပ်အပေါင်းသည်၎င်း၊ တစ်ခုသော အာဟာရကြောင့် ရှေ့နောက်ဆက်ကာ ဖြစ်ပျက်နေသော အာဟာရဇရုပ်အပေါင်းသည်၎င်း၊ တစ်ခုသော ပဉ္စဒွါရဝီထိ၊ တစ်ခုသော မနောဒွါရဝီထိ၊ တစ်ခုသော သမာပတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်အပေါင်းသည်၎င်း “သန္တတိပစ္စုပ္ပန်” မည်၏။ (ကမ္မဇရုပ်အတွက် သန္တတိအားဖြင့် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ခွဲခြားချက်မရှိ။)
- လက်ဖျစ်တစ်ချက် တီးလိုက်သော အချိန်ကာလကို “တမုဟုတ်”ဟု ခေါ်ဆိုသည်။ ထိုတမုဟုတ်အတွင်း၌ ဖြစ်သော ရုပ်နာမ်အပေါင်းကိုလည်းကောင်း၊ ထို့အတူ အများ သတ်မှတ်ထားသည့် နံနက်အခါ၊ ညနေချမ်းအခါ၊ ညဉ့်အခါ၊ နေ့အခါတို့၌ အစဉ်အားဖြင့် ဖြစ်ပွားနေသော ရုပ်နာမ်အပေါင်းကို၎င်း “သမယပစ္စုပ္ပန်” ဟု ခေါ်သည်။ [၁၀]
ဝတ္တမာန် (ပစ္စုပ္ပန်၏ အခြားအမည်) ၄-မျိုး
[ပြင်ဆင်ရန်]ပစ္စုပ္ပန်ကို သဒ္ဒါကျမ်းတို့၌ “ဝတ္တမာန်” အမည်ဖြင့် လဲလှယ်သုံးစွဲ၍ ဝတ္တမာန် ၄-မျိုး ခွဲပြကြသည်။ ယင်းတို့ကား—
- ဖြစ်ပြီးနောက် ရှောင်ကြဉ်သမျှတည်းသော “ပဝတ္တုပရတဝတ္တမာန်”
- ဖြစ်ပြီးနောက် မရှောင်ကြဉ်သမျှ တည်သော “ပဝတ္တာဝိရတဝတ္တမာန်”
- အမြဲဖြစ်နေသော “နိစ္စပဝတ္တိဝတ္တမာန်”
- အနီး၌ဖြစ်သော “သမီးပျဝတ္တမာန်” တို့ ဖြစ်သည်။
အကျယ်ကို ထိုကျမ်းတို့၌ ကြည့်။ [၁၁][၁၂]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ (အဘိ၊ဋ္ဌ၊၁၊၄၄၅)
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ - ဖားအောက်တောရဆရာတော်
- ↑ ပစ္စုပ္ပန္န (တိ) [ပတိ+ဥပ္ပန္န။ တံ တံ ကာရဏံ ပဋိစ္စ ဥပ္ပန္နောတိ ပစ္စုပ္ပန္နော။ (အဘိ၊ဋ္ဌ၊၁၊၈၈။ မဟာနိ၊ဋ္ဌ၊၁၂။) တံ တံ ကာရဏံ ပဋိစ္စ ဥပ္ပါဒါဒိဥဒ္ဓံ ပန္နာဂတာ ပဝတ္တာတိ ပစ္စုပ္ပန္နော။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈။) တံ တံ ကာရဏံ ပဋိစ္စ ဥပ္ပန္နော ပစ္စုပ္ပန္နော၊ ပဋိလဒ္ဓသဘာဝေါ န တာဝ အတီတောတိ အတ္ထော။ (ရူ၊၄၂၈။) (ပြတျတျန္န-သံ)]
- ↑ (ဝိ၊ဋ္ဌ၊၂၊၃၉။ အဘိ၊ဋ္ဌ၊၁၊၄၄၅။ ဝိသုဒ္ဓိ၊၂၊၆၁-၂။ သာရတ္ထ၊၂၊၂၅၄-၅။)
- ↑ (မ၊၃၊၂-၇။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၄၄၅။ အဘိ၊ဋ္ဌ၊၂၊၇။ ဝိသုဒ္ဓိ၊၂၊၆၂။ ဣတိဝုတ်၊ဋ္ဌ၊၂၀၁။)
- ↑ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၉-၂၃၀။ ဝိသုဒ္ဓိ၊၂၊၂၆၂။ သင်္ဂဟ၊၁၅၉။ ပရမတ္ထသရူပဘေဒနီ၊၂၊၅၅၃။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၄၄၆။ ဝိသုဒ္ဓိ၊၂၊၆၂။ မူလဋီ၊၁၊၁၉၄-၁၉၈။ အနုဋီ၊၁၊၂၁၄-၅။ ဝိသုဒ္ဓိ၊ဋီ၊၂၊၆၆–၇၀။ ဝိဘာဝိနီ၊၁၃၀။ မဏိမဉ္ဇူ၊၁၊၄၀၀။)
- ↑ (ဝိ၊ဋ္ဌ၊၂၊၃၉။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၇။ ပဋိသံ၊ဋ္ဌ၊၁၊၂၂၇-၈။ ဣတိဝုတ်၊ဋ္ဌ၊၂၀၀။ သာရတ္ထ၊၃၊၁၈၅-၆။)
- ↑ (မုဒ္ဓဗောဓဋီကာ၊၉၃၃။ ကာရိကာ၊၁၊၄၆၇။ ဇာလိနီ၊၁၀၈။ ဗျာကရဏသစ်၊၄၁၄။ သပြေကန်၊ဩ၊၂၊၄၁၄-သုတ်။)
- ↑ ဧတရဟိ ဝါ ပစ္စုပ္ပန္နမဒ္ဓါနံ အဇ္ဈတ္တံ ကထံ ကထီ ဟောတိ “အဟံ နု ခေါသ္မိ၊ နော နု ခေါသ္မိံ၊ ကိံ နု ခေါသ္မိ၊ ကထံ နု ခေါသ္မိ၊ အယံ နု ခေါ သတ္တော ကုတော အာဂတော၊ သော ကုဟိ ဂါမီ ဘဝိဿတိ”တိ။ (မ၊၁၊၁၀။ သံ၊၁၊၂၆၅။ မောနိ၊၃၂၉။) ကတမေ ဓမ္မာ ပစ္စုပ္ပန္နာ။ ယေ ဓမ္မာ ဇာတာ ဘူတာ သဉ္စာတာ...ပစ္စုပ္ပန္နံသေန သင်္ဂဟိတာ ရူပံ ဝေဒနာ သညာ သင်္ခါရာ ဝိညာဏံ။ ဣမေ ဓမ္မာ ပစ္စုပ္ပန္နာ။ (အဘိ၊ဓ၊၂၁၃။) ဧတရဟိ ဝါ ပစ္စုပ္ပန္နမဒ္ဓါနန္တိ ဣဒါနိ ဝါ ပဋိသန္ဓိံ အာဒိ ကတွာ စုတိပရိယန္တံ သဗ္ဗမ္ပိ ဝတ္တမာနကာလံ ဂဟေတွာ။ (မ၊ဋ္ဌ၊၁၊၇၂။ သံ၊ဋ္ဌ၊၂၊၄၀။ ဒီ၊၃၊၁၁၁။ မ၊၃၊၂၂၆-၇-၈-၉၊ ၂၃၀-၁-၃။ သံ၊၁၊၅၊ ၄၇၀။ သံ၊၂၊၁၇-၈၊ ၇၂-၃။ အံ၊၁၊၁၉၇။ အဘိ၊ဝိ၊၂။ အဘိ၊ဓ၊၁၊၁၈။ အဘိ၊က၊၉၆-၇။ ပဋိသံ၊၁၊၅၂၊ ၃၆၀။ ထေရီ၊၄၁၁။ မဟာနိ၊၉၀။ ဇာ၊၁၊၂၄၅။ နေတ္တိ၊၁၆၊ ၂၇။ ပေဋကော၊၁၉၃။ မိလိန္ဒ၊၄၉၊ ၃၁၉။ ဝိ၊ဋ္ဌ၊၁၊၈၆။ ဝိ၊ဋ္ဌ၊၄၊၇၃။ ဒီ၊ဋ္ဌ၊၂၊၅၁။ ဒီ၊ဋ္ဌ၊၃၊၁၆၀။ မ၊ဋ္ဌ၊၁၊၇၃။ မ၊ဋ္ဌ၊၄၊၁၇၀။ သံ၊ဋ္ဌ၊၁၊၂၇။ သံ၊ဋ္ဌ၊၂၊၉၂။ သံ၊ဋ္ဌ၊၃၊၃၅။ အံ၊ဋ္ဌ၊၁၊၃၈၄-၅။ အံ၊ဋ္ဌ၊၂၊၁၄၇၊ ၁၈၄။ အဘိ၊ဋ္ဌ၊၁၊၃၄၇။ အဘိ၊ဋ္ဌ၊၃၊၁၅၀-၁။ ပဋိသံ၊ဋ္ဌ၊၁၊၉၆-၇။ ပဋိသံ၊ဋ္ဌ၊၂၊၈၊ ၂၅၆။ ဝိသုဒ္ဓိ၊၂၊၁၈၁။ ဥဒါန၊ဋ္ဌ၊၁၂၀။ ဣတိဝုတ်၊ဋ္ဌ၊၄၁။ သုတ္တနိ၊ဋ္ဌ၊၂၊၉၇။ ပေတ၊ဋ္ဌ၊၉၅။ ထေရီ၊ဋ္ဌ၊၂၂၇။ မဟာနိ၊ဋ္ဌ၊၁၃၀။ ဇာ၊ဋ္ဌ၊၄၊၁၆၇။ နေတ္တိ၊ဋ္ဌ၊၂၄၀။)