မာတိကာသို့ ခုန်သွားရန်

ပကတိ အသာစီးရမှု

ဝီကီပီးဒီးယား မှ

စီးပွားရေးပညာ (Economics) တွင် ပကတိ အသာစီးရမှု (Absolute advantage) မူဝါဒဆိုသည်မှာ ပါဝင်ပတ်သက်သူများဖြစ်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး၊ ကုမ္ပဏီ သို့မဟုတ် နိုင်ငံ တစ်ခုခုအနေဖြင့် မိမိ၏ ပြိုင်ဘက်များထက် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု (Goods or service) တစ်ခုကို ပိုမို၍ စွမ်းဆောင်ရည်ပြည့်ဝစွာ (Efficiently) ထုတ်လုပ်နိုင်သည့် စွမ်းရည်ပင် ဖြစ်သည်။[] [] စကော့တလန်လူမျိုး စီးပွားရေးပညာရှင် အဒမ်စမစ် (Adam Smith) သည် 1776 ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု (International trade) ဆိုင်ရာ အခြေအနေများ၌ လုပ်အား (Labor) ကို တစ်ခုတည်းသော သွင်းအားစု (Input) အဖြစ် အသုံးပြု၍ ဤ ပကတိ အသာစီးရမှု (Absolute advantage) မူဝါဒကို ပထမဆုံး ဖော်ပြခဲ့သည်။ ပကတိ အသာစီးရမှု (Absolute advantage) ကို လုပ်သား ထုတ်လုပ်နိုင်စွမ်း (Labor productiveness) များအား ရိုးရှင်းစွာ နှိုင်းယှဉ်ခြင်းဖြင့် သတ်မှတ်ထားသောကြောင့် ပါဝင်ပတ်သက်သူ တစ်ဦးဦးအနေဖြင့် မည်သည့်အရာတွင်မျှ ပကတိ အသာစီးရမှု (Absolute advantage) မရှိသည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်သည်။ []

သီအိုရီ၏ မူလအစ (Origin of the theory)

[ပြင်ဆင်ရန်]

ပကတိ အသာစီးရမှု (Absolute advantage) အယူအဆကို စကော့တလန်လူမျိုး စီးပွားရေးပညာရှင် အဒမ်စမစ် (Adam Smith) ၏ 1776 ခုနှစ်တွင် ထုတ်ဝေခဲ့သော ''နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှု (The Wealth of Nations)'' စာအုပ်မှ အများအားဖြင့် စတင်ခဲ့သည်ဟု မှတ်ယူကြပြီး အဆိုပါစာအုပ်တွင် ၎င်းက ကုန်သည်ကြီးဝါဒဆိုင်ရာ အယူအဆများ (Mercantilist ideas) ကို ချေပခဲ့သည်။ [] [] နိုင်ငံတစ်နိုင်ငံ၏ ပို့ကုန် (Export) သည် အခြားနိုင်ငံတစ်နိုင်ငံ၏ သွင်းကုန် (Import) သာဖြစ်သောကြောင့် ကုန်သည်ကြီးဝါဒ (Mercantilism) ကို လိုက်နာခြင်းဖြင့် နိုင်ငံအားလုံး တစ်ချိန်တည်း ပြိုင်တူချမ်းသာလာရန် မဖြစ်နိုင်ကြောင်း အဒမ်စမစ် (Adam Smith) က ငြင်းခုံခဲ့သည်။ ထို့အစား နိုင်ငံအားလုံးအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှု (Free trade) ကို ကျင့်သုံးပြီး ၎င်းတို့၏ ပကတိ အသာစီးရမှု (Absolute advantage) နှင့်အညီ သီးသန့် အာရုံစိုက်ထုတ်လုပ်မည် (Specialize) ဆိုပါက နိုင်ငံအားလုံး တစ်ချိန်တည်း ပြိုင်တူ အကျိုးအမြတ်များ ရရှိမည်ဟု ၎င်းက ဆိုခဲ့သည်။ [] နိုင်ငံများ၏ ချမ်းသာကြွယ်ဝမှုသည် ၎င်းတို့၏ အရန်ရွှေ (Gold reserves) ပမာဏထက် နိုင်ငံသားများ ရယူသုံးစွဲနိုင်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ (Goods and services) အပေါ်တွင်သာ မူတည်ကြောင်းလည်း အဒမ်စမစ်က ဖော်ပြခဲ့သည်။ []

အဒမ်စမစ်သည် ပကတိ အသာစီးရမှု (Absolute advantage) ကို ဆုံးဖြတ်ရန် လုပ်သား ထုတ်လုပ်နိုင်စွမ်း (Labor productiveness) များကို နှိုင်းယှဉ်ခြင်းအပေါ်၌သာ အာရုံစိုက်ခဲ့သောကြောင့် နှိုင်းယှဉ် အသာစီးရမှု (Comparative advantage) အယူအဆကို ဆက်လက် ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။ [] ပကတိ အသာစီးရမှု (Absolute advantage) ဖြင့် ကုန်သွယ်မှုပြုရာတွင် အကျိုးအမြတ်များ ရရှိနိုင်ခြေရှိသော်လည်း ထိုအကျိုးအမြတ်များသည် အပြန်အလှန်အားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် (Mutually beneficial) အခြေအနေမျိုး မဟုတ်နိုင်ပေ။ နှိုင်းယှဉ် အသာစီးရမှု (Comparative advantage) သည်သာလျှင် ဖြစ်နိုင်ခြေရှိသော နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဖလှယ်မှုများ (Mutually beneficial exchanges) ၏ အတိုင်းအတာနယ်ပယ်အပေါ် အဓိက အာရုံစိုက်ထားသည်။

ဥပမာများ (Examples)

[ပြင်ဆင်ရန်]

ဥပမာ ၁ (Example 1)

[ပြင်ဆင်ရန်]
ပုံ 1 (Figure 1)
ကုန်ပစ္စည်းတစ်ယူနစ် ထုတ်လုပ်ရန် လိုအပ်သော အလုပ်ချိန်နာရီများ (Hours of work necessary to produce one unit)
နိုင်ငံ (Country) အထည် (Cloth) ဝိုင် (Wine)
ယူကေ (UK) 80 100
ပေါ်တူဂီ (Portugal) 120 90
ပုံ 2 (Figure 2)
သီးသန့်ထုတ်လုပ်ခြင်းအပြီး ပေးဆပ်ရမည့် အလုပ်ချိန်နာရီများ (Hours of work to commit after the specialization)
နိုင်ငံ (Country) အထည် (Cloth) ဝိုင် (Wine)
ယူကေ (UK) 80 + 100 0
ပေါ်တူဂီ (Portugal) 0 90 + 120

ပုံ 1 (Figure 1) အရ ယူကေ (UK) သည် အထည် (Cloth) တစ်ယူနစ် ထုတ်လုပ်ရန် လုပ်အား (Labor) 80 နာရီ အသုံးပြုရပြီး ယင်းပမာဏမှာ ပေါ်တူဂီ (Portugal) နိုင်ငံမှ အထည် တစ်ယူနစ် ထုတ်လုပ်ရန် လိုအပ်သော အလုပ်ချိန်နာရီများထက် ပိုမို နည်းပါးသည်။ ယူကေသည် အထည် တစ်ယူနစ်ကို ပိုမိုနည်းပါးသော အလုပ်ချိန်နာရီများဖြင့် ထုတ်လုပ်နိုင်သောကြောင့် အထည်ထုတ်လုပ်မှုတွင် ယူကေက ပကတိ အသာစီးရမှု (Absolute advantage) ရှိသည်။ တစ်ဖက်တွင်လည်း ပေါ်တူဂီသည် ဝိုင် (Wine) တစ်ယူနစ် ထုတ်လုပ်ရန် နာရီ 90 အသုံးပြုရပြီး ယင်းပမာဏမှာ ယူကေနိုင်ငံမှ ဝိုင်တစ်ယူနစ် ထုတ်လုပ်ရန် လိုအပ်သော အလုပ်ချိန်နာရီများထက် ပိုမို နည်းပါးသည်။ ထို့ကြောင့် ဝိုင်ထုတ်လုပ်မှုတွင် ပေါ်တူဂီက ပကတိ အသာစီးရမှု (Absolute advantage) ရှိသည်။

အကယ်၍ နိုင်ငံနှစ်နိုင်ငံစလုံးသည် ၎င်းတို့၌ ပကတိ အသာစီးရမှု (Absolute advantage) ရှိသော ကုန်ပစ္စည်းကိုသာ သီးသန့် အာရုံစိုက်ထုတ်လုပ်မည် (Specialize) ဆိုပါကလည်းကောင်း၊ အဆိုပါ ကုန်ပစ္စည်း၏ တစ်စိတ်တစ်ပိုင်းကို အချင်းချင်း ဖလှယ်မည်ဆိုပါကလည်းကောင်း နိုင်ငံနှစ်နိုင်ငံစလုံးသည် ကုန်သွယ်မှုမရှိသော အခြေအနေ (Absence of trade) တွင် ရရှိမည့် ပမာဏထက် ကုန်ပစ္စည်း တစ်ခုချင်းစီကို ပိုမို ရရှိသွားနိုင်မည် ဖြစ်သည်။ [] [] ကုန်သွယ်မှုမရှိသော အခြေအနေ (Absence of trade) တွင် နိုင်ငံတစ်နိုင်ငံစီသည် အထည်တစ်ယူနစ်နှင့် ဝိုင်တစ်ယူနစ်ကို ထုတ်လုပ်မည်ဖြစ်ရာ စုစုပေါင်း ထုတ်လုပ်မှုပမာဏ (Total production) အနေဖြင့် အထည် 2 ယူနစ်နှင့် ဝိုင် 2 ယူနစ် ထွက်ရှိမည် ဖြစ်သည်။ ဤနေရာတွင် အကယ်၍ ယူကေသည် ၎င်းတွင် ပကတိ အသာစီးရမှု (Absolute advantage) ရှိသော အထည်ထုတ်လုပ်မှုအတွက်သာ ၎င်း၏ လုပ်အား (Labor) အားလုံး (80+100) ကို အသုံးပြုမည်ဆိုပါက ယူကေသည် အထည် (80+100)÷80 = 2.25 ယူနစ်ကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။ တစ်ဖက်တွင်လည်း အကယ်၍ ပေါ်တူဂီသည် ဝိုင်ထုတ်လုပ်မှုအတွက်သာ ၎င်း၏ လုပ်အားအားလုံး (90+120) ကို အသုံးပြုမည်ဆိုပါက ပေါ်တူဂီ သည် ဝိုင် (90+120)÷90 = 2.33 ယူနစ်ကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ဤအခြေအနေတွင် စုစုပေါင်း ထုတ်လုပ်မှုပမာဏ (Total production) သည် အထည် 2.25 ယူနစ်နှင့် ဝိုင် 2.33 ယူနစ် အသီးသီးဖြစ်ပြီး ယင်းပမာဏမှာ သီးသန့်ထုတ်လုပ်ခြင်း (Specialization) မရှိခဲ့ပါက ရရှိမည့် ကုန်ပစ္စည်း တစ်ခုချင်းစီ၏ စုစုပေါင်း ထုတ်လုပ်မှုပမာဏထက် ပိုမိုများပြားသည်။ လွတ်လပ်သော ကုန်သွယ်မှု (Free trade) ရှိသည်ဟု ယူဆပါက ဤဖြစ်စဉ်သည် နိုင်ငံနှစ်နိုင်ငံစလုံးအတွက် ကုန်ပစ္စည်း နှစ်မျိုးစလုံးကို ပိုမိုသက်သာသော ဈေးနှုန်းများ (Cheaper prices) ဖြင့် ရရှိစေမည် ဖြစ်သည်။

ဥပမာ ၂ (Example 2)

[ပြင်ဆင်ရန်]

သင်နှင့် သင့်သူငယ်ချင်းများသည် တီရှပ် (T-shirts) အင်္ကျီများ ရိုက်နှိပ်ခြင်းနှင့် ငှက်အိမ် (Birdhouses) များ ပြုလုပ်ခြင်းတို့ဖြင့် ဒေသတွင်း ပရဟိတအဖွဲ့တစ်ခုအတွက် ရန်ပုံငွေရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုကြပါစို့။

  • အခြေအနေ ၁ (Scenario 1) သင့်သူငယ်ချင်းများထဲမှ မမသည် တစ်နာရီလျှင် တီရှပ် (T-shirts) 5 ထည် ရိုက်နှိပ်နိုင်သည် သို့မဟုတ် ငှက်အိမ် (Birdhouses) 3 လုံး ပြုလုပ်နိုင်သည်။ သင့်သူငယ်ချင်း နောက်တစ်ဦးဖြစ်သူ မောင်မောင်သည် တစ်နာရီလျှင် တီရှပ် (T-shirts) 3 ထည် ရိုက်နှိပ်နိုင်သည် သို့မဟုတ် ငှက်အိမ် (Birdhouses) 2 လုံး ပြုလုပ်နိုင်သည်။ သင့်သူငယ်ချင်း မမသည် မောင်မောင်နှင့် နှိုင်းယှဉ်ပါက တီရှပ်အင်္ကျီများ ရိုက်နှိပ်ရာတွင်ရော ငှက်အိမ်များ ပြုလုပ်ရာတွင်ပါ ထုတ်လုပ်နိုင်စွမ်း ပိုမိုရှိသော (More productive) ကြောင့် သူမသည် တီရှပ်ရိုက်နှိပ်ခြင်းနှင့် ငှက်အိမ်ပြုလုပ်ခြင်း နှစ်ခုစလုံးတွင် ပကတိ အသာစီးရမှု (Absolute advantage) ရှိနေသည်။
  • အခြေအနေ ၂ (Scenario 2) : မမသည် တူရိုက်ရာတွင် သိပ်မကျွမ်းကျင်ဘဲ တစ်နာရီလျှင် ငှက်အိမ် (Birdhouse) 1 လုံးသာ ပြုလုပ်နိုင်သည်ဟု မှန်းဆကြည့်ပါ။ သို့သော် သူမသည် ပုံနှိပ်ခြင်း သင်တန်းတက်ထားသောကြောင့် တစ်နာရီလျှင် တီရှပ် (T-shirts) 10 ထည် ရိုက်နှိပ်နိုင်သည်။ တစ်ဖက်တွင် မောင်မောင်သည် သစ်သားလက်မှုပညာကို လေ့လာထားသောကြောင့် တစ်နာရီလျှင် ငှက်အိမ် (Birdhouses) 5 လုံး ပြုလုပ်နိုင်သော်လည်း တီရှပ်ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အခြေခံမျှပင် မသိသောကြောင့် တစ်နာရီလျှင် တီရှပ် (T-shirts) 2 ထည်သာ ရိုက်နှိပ်နိုင်သည်။ ဤအခြေအနေမျိုးတွင် မမသည် အင်္ကျီရိုက်နှိပ်ခြင်း၌ ပကတိ အသာစီးရမှု (Absolute advantage) ရှိမည်ဖြစ်ပြီး မောင်မောင်သည် ငှက်အိမ်ပြုလုပ်ခြင်း၌ ပကတိ အသာစီးရမှု (Absolute advantage) ရှိမည် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Absolute Advantage (2023-06-08)။ 2023-06-27 တွင် ပြန်စစ်ပြီး။
  2. Absolute advantage | economics (in en)။ 2020-10-21 တွင် ပြန်စစ်ပြီး။
  3. Absolute and Comparative Advantage (PDF)။ 2010-05-29 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2009-05-04 တွင် ပြန်စစ်ပြီး
  4. 1 2 3 Absolute and Comparative Advantage (PDF)။ 2010-05-29 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2009-05-04 တွင် ပြန်စစ်ပြီး"Absolute and Comparative Advantage" (PDF). International Encyclopedia of the Social Sciences (2nd ed.). pp. 1–2. Archived from the original (PDF) on 2010-05-29. Retrieved 2009-05-04.
  5. International Trade: Theory and Policy။ 2019-01-01 တွင် မူရင်း အား မော်ကွန်းတင်ပြီး2018-09-18 တွင် ပြန်စစ်ပြီး
  6. Harrington၊ James W.။ International Trade Theory University of Washington။ 2009-05-04 တွင် ပြန်စစ်ပြီး။
  7. Principles of International Politics၊ 2013
  8. The Economies of Southeast Asia: Indonesia, Malaysia, Philippines, Singapore, and Thailand၊ 2005