နှမ်းဖတ်ချဉ်
နှမ်းဖတ်ချဉ် သည် မြေပဲ၊ နှမ်း စသည်တို့ကို ဆီထုတ်လုပ်ရာတွင် ထွက်လာသည့် ကြိတ်ဖတ်များကို အချဉ်တည်ထားသည့် စားစရာဖြစ်သည်။[၁]
အမည်နာမ
[ပြင်ဆင်ရန်]မြန်မာလူမျိုးတို့သည် ယခင်က ဆီကြိတ်ရာမှ ထွက်ရှိလာသည့် ကြိတ်ဖတ်များကို "ဆီထွေး"အဖြစ်လည်းလည်းကောင်း၊ "ဆီထွေးကြော်" အဖြစ်လည်းကောင်း ပြုလုပ်စားသောက်ခဲ့ကြသည်။ ထို့နောက်တွင် ကြိတ်ဖတ်များကို အချဉ်တည်ကာ စားသုံးခဲ့ရာမှ "နှမ်းဖတ်ချဉ်" ဖြစ်ပေါ်လာသည်။[၁]
နှမ်းကြိတ်ရာမှ ထွက်လာသည့် ကြိတ်ဖတ်ကို "နှမ်းဖတ်" ဟု ခေါ်၍၊ မြေပဲကြိတ်ရာမှ ထွက်လာသည့် ကြိတ်ဖတ်ကို "ပဲဖတ်" ဟု ခေါ်သည်။ သို့သော် အချဉ်တည်လိုက်သည့်အခါတွင်မူ ခွဲခြားခေါ်ဝေါ်မနေပဲ "နှမ်းဖတ်ချဉ်" ဟုသာ တစ်မျိုးတည်း ခေါ်ဝေါ်သည်။ ထို့ကြောင့် နှမ်းဖတ်ချဉ်ဟုသာ ခေါ်ဝေါ်သော်လည်း နှမ်းနှင့် မြေပဲနှစ်မျိုးစလုံးကို ပေါင်းရုံးခေါ်ဝေါ်ခြင်း ဖြစ်သည်။[၁]
စားသောက်ပုံ
[ပြင်ဆင်ရန်]နှမ်းဖတ်မှ ရသည့် နှမ်းဖတ်ချဉ်သည် အချို့သောသူများအတွက် သက်သောအရသာ ရှိသည်။ မြေပဲမှ ရသည့် နှမ်းဖတ်ချဉ်သည် မသက်မခါး ဆိမ့်သည်။ ထို့ကြောင့် မြေပဲမှရသည့် နှမ်ပတ်ချဉ်သည် ပို၍အရသာရှိသည်ဟု ဆိုကြသူများလည်း ရှိသည်။[၁]
နှမ်းဖတ်၊ မြေပဲဖတ်တို့ကို ရေစင်အောင်ဆေးကြောကာ ကြွေပန်းကန်ထဲတွင် ရေမြုပ်အောင်ထည့်ကာ ဆန်ကာအုပ်၍ ၂၄ နာရီထားပါက စားသောက်၍ ရပြီဖြစ်သည်။ ပိုမိုအရသာရှိစေရန် ဆီ၊ ကြက်သွန်နီ၊ ငရုတ်သီးနှင့် အခြားအရသာမှုန့်များထည့်ကာ နှမ်းဖတ်ချဉ်သုပ် ပြုလုပ်စားသောက်ကြသည်များလည်း ရှိသည်။[၁]