နှစ်အလို ရှစ်ဆိုတဲ့ကိန်း

ဝီကီပီးဒီးယား မှ

နှစ်အလို ရှစ်ဆိုတဲ့ကိန်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၈၈ ခုနှစ် ဂြိုဟ်အသွားအလာတို့၏ အကျိုးအပြစ်ကို ဖွဲ့ဆို ရေးသားအပ်သော ရှစ်ကျိန်းကိန်း မထွက်သေးကြောင်း သံချို ဖြစ်သည်။

နှစ်အလို ရှစ်ဆိုတဲ့ကိန်း[ပြင်ဆင်ရန်]

နိမိတ်ကယ်အလာနှင့်၊ အတိတ်ပါအနာဂတ်တို့၊ စာစပ်ပုံအလုံနယ်က၊ ယုံစဘွယ် ဩဘာကောင်းသည်ဟု၊ ရွာမောင်းထောင်ဆရာလှငယ်က၊ နှုတ်လျှာထုတ်ခါတလျှင်ဖြင့်၊ လာကြသူ လေးစတု အကွက်ရယ်က၊ ရေးရှုကျက် မူလက္ခံ။

ကျေးတောရွာ အရွာရွာသို့၊ အဖြာဖြာ စာလွှာစုံသည့်ပြင်၊ ရတနာပုံ မန်းမြေတလျှောက်တွင်မှ၊ ခန်းပေါက်စုံ လက္ခံရှိကြတယ်၊ ပဏ္ဍိတာဆရာလှငယ်က၊ ပါပကုန် သူရဇ္ဇောတဲ့၊ နှစ်ဟောပုံ သိုက်အဟောင်းရယ်နှင့်၊ ဓာတ်ကုန်ပြီဇာတ်စုံမပြောင်းချေဘု၊ ကြုံကောင်းပင်ကြုံလို့တွေ့မှာလ၊ အောက်မေ့ကြပြန်။

ပြည်တော်နော် မြှော်ခေါ်စောင့်တော့၊ အဖြောင့်စာ စာညွှန်က၊ ထောင့်နှစ်ရာလွန် ဤသက္ကရာဇ်၊ အသစ်ကိုလွန်ကြည်ညို၍၊ ဖြစ်လိုလျှင် ရှစ်ဆိုတဲ့ရှစ်ပါဘဲ၊ ထိုနှစ်မှာ ဘာသံမှမကြားပြီဘု၊ ကံထားရာ ဖြစ်စေတော့ရယ်လို့၊ အားလျှော့၍ ပြည်နိုင်ငံ၊ မှိုင်ပြန်ကြစိတ်ပူဆွေး။

ဘုရားရှင် စိန္တေယျော်၏၊ တရားတော် သက်သေနှင့်၊ ထောက်သည့်ပြင်၊ မျက်မှောက်ခေတ်တွင် မျက်မြင်ဖြစ်ပါပေါ့၊ စင်စစ်တကယ်ရှာတော့၊ ဖြစ်လာလျှင် ပျက်စမြဲပ၊ ခက်ခဲပြီစိတ်သာချလို့၊ နိစ္စပင်မထင်ပါနှင့်၊ မြင်မြင်ရာသင်္ခါရောမို့၊ ဗြဟ္မဏာဆရာတို့ဟောခဲ့၊ စာလောကီ ဉာဏ်တဉာဏ်နှင့်၊ မှန်မမှန်ကြံဖန်လို့ စိတ်ပါတော့၊ ပဋိသန္ဓေခသူတို့၊ မမွေးခင်တွေးထင်ကြသော်လဲ၊ မိန်းမပါလူယောက်ျားတို့၊ ပေါက်ဖွားမြင်ပြင်သို့ကျခါမှ၊ မြင်ရလျှင် အမှန်သိလေသို့၊ ဉာဏ်ကြီးရှင်မောင်းထောင်သားငယ်က၊ စကားသည်တွင်သိမ်းခဲ့ပ၊ မှတ်စရာအဌ်နဝါထိ မငြိမ်းပေဘု၊ နှစ်အလို ရှစ်ဆိုတဲ့ကျိန်းရယ်ကကွယ်၊ ကိန်းမထွက်သေး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ နိမိတ် = တစ်စုံတစ်ခုဖြစ်ရန်အတွက် ထူးထူးခြားခြား ပေါ်လာတတ်သောအကြောင်း။

၂။ အတိတ် = ယခင်ကဖြစ်ခဲ့သော အကြောင်း။

၃။ အနာဂတ် = နောင်ဖြစ်ရန်အကြောင်း။

၄။ လေးစတု = အရပ်လေးမျက်နှာ။

၅။ ပါပကုန် = ပါပဓာတ်သက်ကုန်ပြီ။

၆။ သူရဇ္ဇော = သူရဇ္ဇဓာတ်သက်ဆန်းပြီ။

၇။ နိစ္စ = မြဲသည်။

၈။ သင်္ခါရော = သင်္ခါရ ဖြစ်တတ်ပျက်တတ်သော တရား။

၉။ အဌ်နဝါ = ရှစ်ခုကိုးခုနှစ်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။