နွေစာနှင့်ရေပြာ

ဝီကီပီးဒီးယား မှ

နွေစာနှင့်ရေပြာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သုံးဆယ်မြို့ မောင်းထောင်ဆရာတော် ဦးကေသရသည် ကျွန်းတောရွာနေ ဒါယကာတို့အား ရေတွင်းဟောင်းကို ပြုပြင်ရန် ငွေလွှဲအပ်ခဲ့သည်ကို ဖွဲ့ဆိုထားသည်။

နွေစာနှင့်ရေပြာ[ပြင်ဆင်ရန်]

အများညွတ်ကြလို့၊ စားဝတ်ရန်အဖုံဖုံငဲ့ပြင်၊ တောင်းအုပ်စုံ ဗိမာန်ကောင်းသော်လဲ၊ စိတ်ပြောင်းကာမာန်မတက်လေဘု၊ အထက်နေသဟာယာနဲ့၊ ညာတကာ သင်္ဂဟတို့၊ မာကြစေအဝေရာဟု၊ ဗျာပဇ္ဈာအနီဃာနှင့်၊ သုခိတာထပ်မံဆင့်လို့၊ နေ့ညဉ့်ပင်မပြတ်ပွားတော့၊ စဉ်းစားလို့ လွမ်းစိတ်ပေါ်။

ဝရီးများတို့သမီးသားတွေနဲ့၊ စီးပွားရှာလုံးလကောင်းသော်ကြောင့်၊ ကျောင်းဆောက်လှူတကာခံ၍၊ နေမိတံ ပူဇော်လို့၊ ဆွမ်းအဖျော်ပန်းဆီမီးနှင့်၊ ထီးတံခွန်အလှူစုလို့၊ ဘုန်းသာဓုခေါ်။

မိုးမမှန်လေမဖြောင့်တော့၊ ရေကြောင့်ပင်ဒုက္ခများသူတို့၊ သနားဖွယ်အလွန်ကောင်းသော်ကြောင့်၊ တွင်းဟောင်းပြင်ဆင်အုံးရရင်၊ နယ်လုံးကုန်ချမ်းသာကြမည်ဟု၊ ဒါနမြောက်ချင်ဇောနှင့်၊ ကျွန်းတောနေဇာတိမွေးပ၊ ဦးလေးစံဒါယကာနှင့်၊ ကနိဋ္ဌာ မောင်စံဝင်းတို့၊ ဆောင်ရွက်ရန်အပ်ကာနှင်းခဲ့၊ တွင်းကြီးမှာပြီးတန်လောက်ပြီမို့၊ ဝမ်းမြောက်ဘို့စာကိုမျှော်၊ မလာသော်ကြာတောင်း။

ဗာရာဏသီ၊ ဌာနီဖွားပေပ၊ လှည်းသားငါးရာနှင့်၊ ဝါဏိဇ္ဇာ ကုန်သည်လုပ်စဉ်က၊ ထိန်းအုပ်သူလောင်းတော်မြတ်ကယ်က၊ ရေပြတ်သည်ကန္တာရ၊ ရှာကြရန်ရေမတွေ့သော်ကြောင့်၊ ယနေ့တွင်သေချိန်ရောက်မည်ဟု၊ တောင်ခြောက်ဆယ်အနက်တူးမိတော့၊ ရှက်ကူးခံကျောက်ဖြာဆို့လို့၊ အချို့လူလက်မှိုင်ချတော့၊ မရရင်မနေပေဘု၊ သေပေစေ ငါလျှင်ခွဲမည်ဟု၊ လက်စွဲကိုင် တူနှင့်နှက်တော့ကမှ၊ ကျောက်အက်ခါရေပေါ်ထွက်လို့၊ အသက်ကယ်မသေအုံးကြဘု၊ ထိုထုံးစံပမာမိုးကြရင်း၊ တွင်းကြီးမှာ မခက်ခဲပါဘု၊ နက်နဲဉာဏ်ပညာနှင့်၊ ဝိရိယလွန်စွာရှိပေတဲ့၊ ဗောဓိပန်လောင်းတော်မှူးကဲ့သို့၊ ဦးလေးစံဒါယကာက၊ ရှေ့ဆောင်ကာစီမံကြပ်လို့၊ ရေငတ်သူဆွေသဟာတို့၊ နွေအခါရေပြာသောက်ရအောင်၊ ပြေအမဟာခေမာရောက်ရန်ဘို့၊ တူးဖောက်စေကြောင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ သာဟာယာ = သဟာယ၊ အပေါင်းအသင်း။

၂။ ညာတကာ = ဆွေမျိုး။

၃။ သင်္ဂဟ = ရင်းနှီးသော အဆွေခင်ပွန်း။

၄။ နေမိတံ = နိမ္မိတရုပ်ပွားတော်။

၅။ ကနိဋ္ဌာ = အငယ်ဆုံးသော။

၆။ ဝါဏိဇ္ဇာ = ကုန်သည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။