နေနိုင်ပေ့ ဒေါ်ကေ

ဝီကီပီးဒီးယား မှ

နေနိုင်ပေ့ ဒေါ်ကေ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မုံရွာမြို့နယ်၊ မြေနဲရွာအနီး အောင်သာရွာတွင် နေထိုင်ကြသော ဦးရိုး − ဒေါ်ကေ တို့သည် ပစ္စည်းဥစ္စာပေါများသူများဖြစ်သောကြောင့် ရေတွင်း၊ ရေကန်၊ တန်ဆောင်း၊ ပြဿဒ် စသည်တို့ကို လှူဒါန်းသည်။ အရွယ်ကြီးသောအခါ ဦးရိုးသည် မယားငယ်ယူခဲ့သည်။ ထိုအခါ ဒေါ်ကေသည် စကားမပြောဘဲ တုဏှိဘောဖြင့် ခြောက်နှစ်မျှ စကားမပြောဘဲ နေခဲ့သည်။ နောင် ဦးရိုးသေမှ မိမိတို့ပြုခဲ့သော ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချအမျှဝေပေးခဲ့သည်ကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

နေနိုင်ပေ့ ဒေါ်ကေ[ပြင်ဆင်ရန်]

အောင်ရွှေသာမြေ ဂါမတွင်မှ၊ ဒါနအခြေပျိုးတဲ့၊ ဖေရိုးမယ်ကေတို့၊ ပုထိုးတွေစေတီနှစ်ဆူနှင့်၊ မဟေသီ ဂူလွှမ်းကာသတဲ့၊ ဂန္ဓကုဋီတိုက်တွင်မှ၊ ပန်းစိုက်၍အထွတ်တင်။

ဓဇဂ္ဂံ မြွက်ဟန်ပြတဲ့၊ ထမ္ဘတံခွန်တိုင်ငဲ့ပြင်၊ ကွန်ဇလိုင်၊ ပြွန်ဆိုင်သင်းတဲ့၊ ရေတွင်းရေကန်နှင့်၊ ဝေဇယန်စေနံပြတ်ပေကြ၊ ပြာသာဒ်ဆောင်ပါသာနှင့်၊ ဇရပ်ပါမလပ်ခြားနားရအောင်၊ စပ်ကြားမှာကုတင်တွေငဲ့ပြင်၊ ပလ္လင်ဘွေတွင်းမြေအနှံ့တဲ့၊ ခင်းဖြန့်ရက်ပင်။

ပျက်စီးကာ ခန္ဓာကွယ်နှင့်၊ အကြီးအငယ်သမီးနှစ်သွယ်ရပ်ကဲ့ပြင်၊ အလတ်မေဖန်နှင့်၊ အမွေဖန်နှင့်၊ အမွေခံစေနံစိမ့်တဲ့၊ ကိုချိန့်မောင်အရင်းငယ်တို့၊ ဆောင်ကြဉ်းကြ အလှူတွင်၊ ဖြူစင်တဲ့စေနာရေး။

တယောက်ပင်နောက်ကြင်သစ်ကယ်ကြောင့်၊ ခြောက်နှစ်လယ်မယ်မယ်ကေငဲ့၊ ငယ်မိတ်ဆွေအဖေရိုးငဲ့ကို၊ စိတ်ဆိုးမာန်မပြေဘိသော်ကြောင့်၊ တေမိသွင်းအချင်လုပ်ခဲ့ မရဏာခန္ဓာချုပ်ခါမှ၊ သားပုတ္တာညိုညိုစိမ့်နှင့်၊ ကိုချိန့်ကိုတိုင်ပင်လို့၊ မွေးမိခင်မာတာက၊ အဖြာဖြာလှူတာစုလို့၊ သာဓုခေါ်ရေစက်လောင်းတွင်မှ၊ ထက်ကောင်းကင်ဝတိမ်ဖျားက၊ ကြိမ်များစွာ အဖန်ဖန်ပ၊ စကားသံကို ကြားပြန်အုံးတော့၊ ဘုရားဒကာ သိကြားရွာကပြုံးပေလိမ့်၊ မအ ရှာပေါင်၊ ငါ့ကို မသဒ္ဓါတဲ့ နှလုံးငယ်နှင့်၊ မုန်းနှုတ်ပိတ်ဆွေး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဂါမ = ရွာ။

၂။ မဟေသီ = မြတ်ဘုရား။

၃။ ဂန္ဓကုဋီ = မြတ်ဘုရားကိန်းဝပ်သည့်ကျောင်း။

၄။ ဓဇဂ္ဂံ = ဓဇဂ္ဂ (ဝါ) တံခွန်။

၅။ ထမ္ဘ = တိုင်၊ သည်တိုင်(ပါ)။

၆။ ကွန်ဇလိုင် = ကွန်ပလိုင် (မွန်)၊ ရေတွင်းရေကန်ငယ်။

၇။ ဝေဇယန် = ဝေဇယန္တာနတ်နန်းတမျှကြီးကျယ်သောကျောင်း။

၈။ ပါသာ = ပါသာဒ (ပါ)၊ ပြဿာဒ်။

၉။ မသဒ္ဓါ = မကြည်ဖြူ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။