နီဂရိတိုလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကမ္ဘာ့လူများကို အမျိုးအစားခွဲခြားရာ၌ အေ၊ စီ၊ ဟတ်ဒန်သည် သိုးမွေးကဲ့သို့သော ဆံပင်ရှိသည့် ယူလော့ထရိခိုင်အိုရီယင်တလီခေါ် ကမ္ဘာ့အရှေ့ဖျားရှိ ဆံပင်လိပ်ကောက်သော လူမျိုးများကို ပထမအဓိကအမျိုးအစားအဖြစ် ခွဲခြားဖော်ပြထားသည်။ ဤအမျိုးတွင် နီဂရိတိုအစုနှင့် ပါပူယန်အစုတို့ပါဝင်ကြသည်။ နီဂရိတိုတို့သည် အရပ်အမောင်သပု၍ အသားရောင် မဲသည်။

ယခုအခါ၌ နီဂရိတိုများကို တကျွန်းခေါ် အန္ဒမန်ကျွန်းစု၊ မလ္လာယုကျွန်းဆွယ်အလယ်ပိုင်း၊ ဖိလစ်ပိုင်ကျွန်းစုအပါအဝင် လူဇုန်ကျွန်းနှင့် အခြားကျွန်းများ၊ နယူးဂင်နီကျွန်းအပါအဝင် နယ်သာလန်တောင်ပိုင်းဒေသများတွင် တွေ့ရသည်။ အန္ဒမန်ကျွန်းနေ နီဂရိတို့မှာ အန္ဒမန်ကျွန်းသား မလ္လာကျွန်းဆွယ်အလယ်ပိုင်းနေ နီဂရိတိုတို့မှာ ဆေမန်၊ နယူးဂင်နီကျွန်းတွင် တပိရို၊ ဖိလစ်ပိုင်ကျွန်းတွင် အအီတဟု အသီးသီးတွင်ကြသည်။ နီဂရိတိုတို့ ပြောဆိုသော ဘာသာစကားမှာ ပင်လယ်ပိုင်းတွင် ပြောဆိုသော တောင်ပိုင်းအစုငယ် (ဆလုံ၊ မလေးဘာသာစကားများ)၊ ကုန်းပိုင်းတွင်ပြောဆိုသော တောင်ပိုင်းအစုငယ်(မွန်ခမာဘာသာစကားများ)နှင့် လုံးဝမတူချေ။ ယင်းတို့ပြောဆိုသောဘာသာစကားများသည် တစုသက်သက်ဖြစ်သည်။ သို့ရာတွင် အစုဝင်အသီးသီးတို့ ပြောသော စကားများသည် တစ်ခုနှင့်တစ်ခုနီးစပ်သည်ဟု ဆိုနိုင်သည်။ သို့သော ယင်းသို့ နီးစက၏ပ်ကြောင်းကို အသံဥပဒေအရ သက်သေပြရန် လိုသည်။ ထိုဘာသာစကားတို့၌ တခေတ်ကျွန်းဆွယ်ဒေသ၌ နီဂရိတိုတို့ ပြောဆိုခဲ့သော ဘာသာစကားများမှ ကြွင်းကျန်ရစ်သော ဝေါဟာရစကားများပါဝင်နေသည်ကိုကား သံသယဖြစ်စရာ မရှိချေ။ အန္ဒမန်ကျွန်းငယ်နှင့် အန္ဒမန်ကျွန်းကြီးတို့တွင် အန္ဒမန်ကျွန်းသားတို့နေထုင်ကြ၍ လူမျိုးစုကလေး ၁၂ စုရှိသည်။ ယင်းတို့ပြောဆိုသော ဘာသာစကားများကိုလိုက်၍ မြောက်ပိုင်းအစု၊ တောင်ပိုင်းအစုနှင့် အပြင်အစုဟူ၍ အုပ်စု၃ စု ခွဲခြားပေးနိုင်သည်။ ထင်ပေါ်သော လူမျိုးစုများမှာ ဗီလူမျိုးစုတို့အပါအဝင်ဖြစ်သော ဗိုဂျိငိဂျီခေါ် တောင်ပိုင်းအစုဝင်များ၊ ယေရေဝများအပါအဝင်ဖြစ်သော မြောက်ပိုင်းအစုဝင်များ၊ အန္ဒမန်ကျွန်းငယ်၌ နေသော အွန်ဂေ၊ ရတ်တလန်နှင့် တောင်ပိုင်း အန္ဒမန်ကျွန်းတို့၌နေထိုင်သော ဂျရဝတို့ပါဝင်သည့်ပြင် အစုဝင်များဖြစ်သည်။ အန္ဒမန်ကျွန်းကြီးများ၏ လူဦးရေမှာ ၂၀၀၀ မျှရှိ၏။(1956 ခုနှစ်) ဂျရဝလူဦးရေမှာ ၁၀၀၀ မှ ၁၅၀၀၀ အထိရှိသည်။

အန္ဒမန်ကျွန်းသားတို့၏ ယဉ်ကျေးမှုသည် ရှေးဟောင်းယဉ်ကျေးမှုဖြစ်သည်။ သူတို့၏အကြောင်းကို ခရစ် ၉ ရာစုခန့်ကတည်းက အာရပ်ကုန်သည်တို့ မှတ်တမ်းရေးခဲ့ကြသည်။ ထိုအချိန်က သူတို့၏ ယဉ်ကျေးမှုအခြေအနေနှင့် ယခုခေတ်အခြေအနေမှာ များစွာမကွာခြားချေ။ ထို့ကြောင့်သူတို့၏ ယဉ်ကျေးမှုလည်း မတိုးတက်ဟုဆိုရပေမည်။

အိုရန်ဥတန်(ဝါ) မလေးတောတွင်းသားများဟုတွင်သော ဆေမန်တို့ကို မလ္လာယုကျွန်းဆွယ် ကေဒါ၊ ပတာနီ၊ ပေရတ်၊ ကေလန်တန်နှင့် ပဟန်းခရိုင်တို့ရှိ တောနက်ဒေသများတွင် တွေ့ရသည်။ ယဉ်ကျေးမှုအရာ၌ ယင်းတို့သည် အန္ဒမန်ကျွန်းသားများဖြစ်သော အွန်ဂေ၊ ဂျရဝတို့နှင့် များစွာတူသည်။ ယင်းတို့သည် အန္ဒမန်ကျွန်းသားတို့ကဲ့သို့ပင် အခြေတစိုက်နေထိုင်ခြင်းမရှိ၊ လှည့်လည်နေထိုင်သူများသာဖြစ်သည်။ ယင်းတို့၏ အဓိက လက်နက်မှာ အန္ဒမန်ကျွန်းသားတို့ကဲ့သို့ပင် လေးနှင့်မြားဖြစ်သည်။ သို့သော်လည်း ယခုအခါ ပြောင်းကို ပိုမိုအသုံးပြုလျက်ရှိ၍ လေးနှင့်မြားပျောက်ကွယ်လုမတတ်ရှိသည်။ ပြောင်းဟူသည်မှာ အရင်း၌ ငှက်မွေးတပ်ထားသော မြားကို ဝါးလုံးခေါင်းတွင်းထည့်၍ မှုတ်ရသော ကိရိယာဖြစ်သည်။ ဆေမန်တို့သည် အလွန်ပုသောလူများဖြစ်သည်။ ယောက်ျားတို့၏ အရပ်မှာ ပျမ်းမျှ ၄.၉ ပေခန့်ရှိ၍ မိန်းမတို့၏ အရပ်မှာ ပျမ်းမျှ ၃.၉ ပေခန့်သာရှိသည်။

ယဉ်ကျေးမှုမတိုးတက်သေးသော်လည်း နီဂရိတိုတို့သည်(အထူးသဖြင့် ဆေမန်နှင့်အန္ဒမန်ကျွန်သားတို့သည်) မိမိတို့ကိုယ်ပိုင် ကိုးကွယ်ယုံကြည်မှုရှိကြပြီးဖြစ်သည်။ လူသေလျှင်သင်္ချိုင်းပေါ်၌ စားသောက်ဖွယ်ရာတို့ကိုထား၏။ သေသောဒေသမှ ချက်ချင်းစွန့်ခွာသွားကြ၏။ သို့သော် အခြားမဲ့၌ ဘဝရှိသေးသည်ကိုလည်း ယုံကြည်ကြသည်။ အန္ဒမန်ကျွန်းသားတို့သည် ဖန်ဆင်းသော ပုလုဂနတ်ကို ယုံကြည်ကြ၏။ ဆေမန်တို့၌လည်း မိုးကြိုးနတ် ကအေရီနှင့် ဖန်ဆင်းသူ တပေဒုနတ်တို့ရှိကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)