နိုင်ငံတော်အခြေခံမူများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) အတွင်းမျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မာတိကာ

အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) စာအုပ် စာမျက်နှာ (၃-၁၂)၊ အခန်း(၂)၊ နိုင်ငံတော်အခြေခံမူများ အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ လိုတိုရှင်း သိသာလွယ်ရန်အတွက် ကောက်နုတ် တင်ပြခြင်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဥပဒေကြောင်းအရ ဒွိဟဖြစ်စရာကြုံလာပါက မူရင်း အခြေခံဥပဒေစာအုပ်ပါ ပြဋ္ဌာန်းချက်များနှင့် တိုက်ဆိုင် စစ်ဆေး၍ အတည်ပြုရန်သာ ဖြစ်ပါသည်။ ထို့အပြင် ဥပဒေကြောင်းအရ အဓိပ္ပါယ် ဆိုလိုရင်း လွဲမှားနေသည့်အချက်များ၊ နားလည်မှုလွဲ၊ အတွေးလွဲစေ နိုင်သည့် အချက်များ ပါရှိနေပါကလည်း ယင်း မူရင်း အခြေခံ ဥပဒေစာအုပ်ကိုသာ ကိုးကားညှိနှိုင်း အတည်ယူကြရန် နှင့် ဤဆောင်းပါးပါ အချက်အလက်များကို ပိုမိုမှန်ကန်ပြည့်စုံအောင် စီရင်တည်းဖြတ်ပေးကြရန် ဖြစ်ပါသည်။

နိုင်ငံတော်၏အဓိပ္ပါယ်[ပြင်ဆင်ရန်]

အခန်း(၁)၏ ပုဒ်မ(၁)မှ ပုဒ်မ(၅)အထိတွင် နိုင်ငံတော် ဟူသော အဓိပ္ပါယ်ကို အောက်ပါအချက် (၅)ချက်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

အခြေခံမူများ[ပြင်ဆင်ရန်]

အခန်း(၁)၏ ပုဒ်မ(၆)မှ ပုဒ်မ(၄၈)အထိတွင် နိုင်ငံတော်၏ အခြေခံမူများကို ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်၏ ဦးတည်ချက်များနှင့် ပတ်သက်၍ ပုဒ်မ(၆)တွင် နိုင်ငံတော်သည် အောက်ပါ ဦးတည်ချက်(၆)ရပ်ကို အစဉ်တစိုက်ဦးတည်ကြောင်း ဖော်ပြထားသည်။

  • ၆။(က) ပြည်ထောင်စုမပြိုကွဲရေး
  • ၆။( ခ ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး
  • ၆။( ဂ ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
  • ၆။(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး
  • ၆။( င ) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး
  • ၆။( စ ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး

ထို့ပြင် နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြောင်း၊ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ကြောင်း၊ ရှိရင်းစွဲတိုင်း(၇)တိုင်းကို တိုင်းဒေသကြီး(၇)ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲ ပြည်နယ်(၇)ပြည်နယ်ကို ပြည်နယ်(၇)ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြား သတ်မှတ်ကြောင်း၊ ထိုတိုင်းဒေသကြီး(၇)ခုနှင့် ပြည်နယ်(၇)ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြကြောင်း ပုဒ်မ (၇) မှ ပုဒ်မ (၉) အထိတွင် ဖော်ပြထားသည်။ နိုင်ငံတော်၏ နယ်မြေမှန်သမျှ နိုင်ငံတော်မှ ခွဲထွက်ပိုင်ခွင့် မရှိကြောင်းကိုလည်း ပုဒ်မ (၁၀)တွင် အောက်ပါအတိုင်း အတိအလင်းဖော်ပြထားသည်။

၁၀။ နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများစသည့် နိုင်ငံတော်၏နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ။

အာဏာသုံးရပ်ခွဲဝေမှု[ပြင်ဆင်ရန်]

နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာအုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုကြောင်း၊ နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းကြောင်း၊ ပြည်ထောင်စုလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်ကြောင်း၊ လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိကြောင်း ပုဒ်မ (၁၁)မှ ပုဒ်မ (၁၅) အထိ တွင် ပြဋ္ဌာန်းထားသည်။ ပုဒ်မ(၁၆) အရ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ကြောင်းပြဋ္ဌာန်းထားသည်။ ပုဒ်မ(၁၇) နှင့် ပုဒ်မ (၁၈) တို့တွင် အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာတို့ကို အဆင့်ဆင့်ခွဲဝေပေးကြောင်း ပြဋ္ဌာန်းထားသည်။ ပုဒ်မ(၁၉) တွင် တရားစီရင်ရေးမူများအဖြစ် အောက်ပါအချက်သုံးချက်ကို ပြဋ္ဌာန်းထားသည်။

  • ၁၉။(က) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး
  • ၁၉။(ခ) ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး
  • ၁၉။(ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး

တပ်မတော်[ပြင်ဆင်ရန်]

တပ်မတော်သည် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်ကြောင်း တို့ကိုလည်း ပုဒ်မ (၂၀) တွင် ဆိုထားသည်။

နိုင်ငံသားအခွင့်အရေးများ[ပြင်ဆင်ရန်]

နိုင်ငံသားအခွင့်အရေးများနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းသည် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့် ရှိကြောင်း၊ နိုင်ငံသားတစ်ဦးကို တရားရုံး၏ ခွင့်ပြုချက်မပါပဲ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိကြောင်း တို့ကို ပုဒ်မ (၂၁) တွင် ပြဋ္ဌာန်းထားသည်။ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည် ဖြစ်ကြေင်း၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေးကျန်းမာရေးစီးပွားရေးလမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း တို့ကို ပုဒ်မ (၂၂) တွင်ပြဌာန်ထားသည်။ ထို့ပြင် တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အသိပညာရှင်အတတ်ပညာရှင်များ နှင့် နိုင်ငံ့ဝန်ထမ်းများ ကို ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ပုဒ်မ (၂၃၊ ၂၄၊ ၂၅၊ ၂၆) တို့တွင် ဖော်ပြထားသည်။ ပုဒ်မ (၂၆) တွင် ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း၊ နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ဖြည့်ဆည်းမည် ဖြစ်ကြောင်း၊ အလုပ်လက်မဲ့နည်းပါးစေရန် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ပုဒ်မ (၂၈၊ ၂၉၊ ၃၀၊ ၃၁) တို့တွင် ဖော်ပြထားသည်။

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့်ပတ်သက်၍ ပုဒ်မ (၃၄) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

၃၄။ ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်။

စီးပွားရေးစနစ်[ပြင်ဆင်ရန်]

နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ကြောင်း၊ လက်ဝါးကြီးအုပ်ခြင်း နှင့် ဈေးကစားခြင်းများကို ခွင့်မပြုကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုကြောင်း၊ တရားမဝင်ငွေကြေးအဖြစ် ကြေညာမည်မဟုတ်ကြောင်း ပုဒ်မ (၃၅၊ ၃၆) တို့တွင် ဖော်ပြထားသည်။

တရားဝင်အာဏာသိမ်းခွင့်[ပြင်ဆင်ရန်]

အရေးပေါ်အခြေအနေများတွင် တပ်မတော်မှ တရားဝင် အာဏာသိမ်းခွင့်ရှိကြောင်း ပုဒ်မ (၄၀၊ဂ) တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်။

၄၀။ (ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့် ရှိသည်။

နိုင်ငံခြားရေးဝါဒ[ပြင်ဆင်ရန်]

နိုင်ငံခြားရေးဝါဒနှင့်ပတ်သက်၍ ဘက်မလိုက်နိုင်ငံခြားရေးဝါဒ ကို ကျင့်သုံးကြောင်း၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းကြောင်း ပုဒ်မ (၄၁) တွင်ပြဋ္ဌာန်းထားသည်။ ထို့ပြင် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမပြုကြောင်း၊ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုကြောင်း တို့ကိုလည်း ပုဒ်မ (၄၂) တွင်ပြဋ္ဌာန်းထားသည်။

ပြစ်မှုဆိုင်ရာ[ပြင်ဆင်ရန်]

မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန်အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိကြောင်း၊ လူ့သိက္ခာညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့် မရှိကြောင်း တို့ကို ပုဒ်မ (၄၃၊၄၄) တို့တွင် ပြဋ္ဌာန်းထားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး[ပြင်ဆင်ရန်]

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည် ဖြစ်ကြောင်း ပုဒ်မ (၄၅) တွင် ပြဋ္ဌာန်းထားသည်။

ဥပဒေပြုရေးဆိုင်ရာ[ပြင်ဆင်ရန်]

ပုဒ်မ (၄၆) တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ဖော်ပြထားသည်။ အခြေခံမူများ အခန်း၏ နိဂုံးတွင် အခြေခံကျသော လမ်းညွှန်များ ဖြစ်ကြောင်း ပုဒ်မ (၄၈) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

၄၈။ နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုရေးလွှတ်တော်များက ဥပဒပြေဋ္ဌာန်းရာတွင် လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့်လမ်းညွှန်များ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၃-၁၂)။

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]