နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ

ဝီကီပီးဒီးယား မှ

(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂။)

၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်

(၂ဝ၁၂ ခုနှစ်၊ ဩဂုတ်လ ၁ဝ ရက်)

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ

နိဒါန်း[ပြင်ဆင်ရန်]

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကို ပို၍ကောင်းမွန်စေရန်နှင့် နိုင်ငံတော်၏ လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကိုဖြစ်ပေါ်စေမည့် ပြည်ပစီးပွားဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။


အခန်း(၁)အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်[ပြင်ဆင်ရန်]

၁။ဤဥပဒေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေဟုခေါ်တွင်စေရမည်။

၂။ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်-

(က)နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ)နိုင်ငံခြားငွေ ဆိုရာတွင် နိုင်ငံခြားငွေသားဖြစ်သော ဒင်္ဂါးများ၊ ငွေစက္ကူများ၊ စာတိုက်ငွေလွှဲလွှာများ၊ ချက်လက်မှတ်များ၊ ငွေလွှဲလက်မှတ်များ၊ခရီးသွားချက်လက်မှတ်များ၊ ငွေလွှဲ စာတမ်းများ၊ ငွေပေးအမိန့်လက်မှတ်များနှင့် ငွေပေးကတိ စာချုပ်များ ပါဝင်သည်။

(ဂ)နိုင်ငံခြားသုံးငွေ ဟူသော စကားရပ်တွင် အောက်ပါတို့ပါဝင်သည် -

( ၁ )နိုင်ငံခြားငွေ ငွေသား၊

( ၂ )နိုင်ငံခြားငွေ ငွေသားဖြင့်ပေးချေရမည့် သို့မဟုတ် ပြည်ပတွင် ပေးချေရမည့် စာချုပ်စာတမ်းများ၊

( ၃ )နိုင်ငံတကာအစိုးရငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားရှိဗဟိုဘဏ်များ၊ ငွေတိုက်များနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များတွင် ထားရှိသော အပ်ငွေများ၊

( ၄ )ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားရှိသည့် ငွေစာရင်းများ၊

( ၅ )နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရ ငွေရေးကြေးရေး အဖွဲ့အစည်းများက ထုတ်ဝေသော သို့မဟုတ် အာမခံထားသည့် နိုင်ငံခြားငွေဖြင့် သတ်မှတ်ထားသော ငွေချေးသက်သေခံ လက်မှတ်များ နှင့် စာချုပ် စာတမ်းများ။

(ဃ)ပုဂ္ဂိုလ် ပုဂ္ဂိုလ်ဆိုင်ရာတွင် ဥပဒေအရ ဖွဲ့စည်းထားသည်ဖြစ်စေ၊ မဖွဲ့စည်းထားသည်ဖြစ်စေ ကော်ပိုရေးရှင်း၊ တရားဝင်တည်ထောင် ထားသောအဖွဲ့၊အဖွဲ့အစည်း၊ မဝါယမအသင်း၊ အစုစပ်လုပ်ငန်းနှင့် အခြားအဖွဲ့အစည်းတစ်ခုခု၊ အစည်းအရုံး၊ အသင်းအဖွဲ့ သို့မဟုတ် လူတစ်စုနှင့်လူတစ်ဦးဦးတို့ ပါဝင်သည်။

(င)ပြည်တွင်း၌နေထိုင်သူ ဆိုရာတွင် အောက်ပါတို့ပါဝင်သည် -

( ၁ )နိုင်ငံခြားတိုင်းပြည်များမှ သံရုံးဝန်ထမ်းများနှင့် အလားတူ တာဝန် ထမ်းဆောင်နေသော နိုင်ငံခြားသားဝန်ထမ်း များမှအပ လွန်ခဲ့သည့်၁၂ လတာကာလအတွင်း နိုင်ငံတော်တွင် အနည်းဆုံး ရက်ပေါင်း၁၈၃ ရက် နေထိုင်ခဲ့သူများ သို့မဟုတ် ယင်းသို့နေထိုင်ခြင်း မရှိ သော်လည်း မိမိ၏ အဓိကလုပ်ငန်းဌာနရှိသူများ၊

( ၂ )ပြည်တွင်းဥပဒေတစ်ရပ်ရပ်အရ တရားဝင် ဖွဲ့စည်းထား သောကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် ရုံးများ၊ နိုင်ငံခြား ဥပဒေတစ်ရပ်ရပ်အရနိုင်ငံတော်တွင် တရားဝင်ဖွဲ့ စည်းထားသော ကုမ္ပဏီ၊ အဖွဲ့အစည်း၊ရုံးများနှင့် ယင်းတို့၏ ရုံးခွဲများ၊

( ၃ )နိုင်ငံခြားတိုင်းပြည်များတွင် နိုင်ငံတော်က တာဝန်ပေး ခန့်အပ်ထားသော သံရုံးဝန်ထမ်းများ သို့မဟုတ် အခြားဝန်ထမ်းများ။

(စ)ပြည်ပတွင်နေထိုင်သူ ဆိုသည်မှာ ပုဒ်မခွဲ(င)ပါ အဓိပ္ပာယ်ဖွင့်ဆိုချက် တွင်အကျုံးမဝင်သူများကို ဆိုသည်။

(ဆ)ဗဟိုဘဏ် ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုသည်။

(ဇ)နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ ဆိုသည်မှာ နိုင်ငံခြားသုံးငွေနှင့် စပ်လျဉ်း၍ လက်ခံခြင်း၊ လဲလှယ်ခြင်း၊ ဝယ်ယူခြင်း၊ရောင်းချခြင်း၊ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပနှင့်သော်လည်းကောင်း လွှဲပြောင်းခြင်း၊ ပေးချေခြင်းစသည့် လုပ်ငန်းတစ်ရပ်ရပ်ကိုဆောင်ရွက်လုပ်ကိုင်ရန် ဗဟိုဘဏ်က ထုတ်ပေးသောလိုင်စင်တစ်မျိုးမျိုးကိုရရှိသည့် ပုဂ္ဂိုလ်ကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံခြားငွေများဝယ်ယူရောင်းချ လဲလှယ်ပေး ခွင့်လိုင်စင်ရရှိသူ၊ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူနှင့် ဗဟိုဘဏ်ကအခါအားလျော်စွာ သတ်မှတ် ပေးသည့် လုပ်ငန်းလိုင်စင်ရရှိသူများ ပါဝင်သည်။

(ဈ)နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရရှိသူ ဆိုသည်မှာနိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ရာတွင် နိုင်ငံခြားငွေ ငွေသားနှင့်ခရီးသွားချက်လက်မှတ်များကိုသာလက်ခံဝယ်ယူရောင်းချခွင့်ရှိသူကိုဆိုသည်။

(ည)နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူဆိုသည်မှာ နိုင်ငံခြားသုံးငွေ လုပ်ငန်းအပါအဝင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ဘဏ်ကိုဆိုသည်။

(ဋ)ငွေချေးသက်သေခံလက်မှတ် ဟူသော စကားရပ်တွင် အောက်ပါတို့ပါဝင်သည်-

( ၁ )ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ အစိုးရဌာနကဖြစ်စေ၊ အဖွဲ့ အစည်းတစ်ခုခုကဖြစ်စေ ထုတ်ဝေသည့် သို့မဟုတ် ထုတ်ဝေရန်တာဝန်ယူထားသည့် ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ဒီဘင်ချာများ၊ ( ၂ )အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံခြား အစိုးရများက ထုတ်ဝေသည့် ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ငွေချေးစာချုပ်များနှင့် ဒီဘင်ချာများ၊ ( ၃ )အများနှင့်သက်ဆိုင်သော ကုမ္ပဏီများက ထုတ်ဝေသည့် ရှယ်ယာများ၊ စတော့များ၊ ငွေချေးစာချုပ်များနှင့် ဒီဘင်ချာများ၊ ( ၄ )ရှယ်ယာများ၊ စတော့များ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများနှင့်စပ်လျဉ်းသည့် ရပိုင်ခွင့်များနှင့် ငွေထုတ်ခွင့်များ။ (၅)သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများသာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများဆိုသည်မှာ ငွေလုံးငွေရင်း စာရင်းပိုင်း ဆိုင်ရာ လွှဲပြောင်းပေးချေမှုများ မဟုတ်သည့် ပေးချေမှုများဖြစ်ပြီး ယင်းစကားရပ်တွင် အောက်ပါတို့ ပါဝင်သည်-( ( ၁ )ကုန်သွယ်မှု၊ ဝန်ဆောင်မှု အပါအဝင် သာမန်စာရင်းပိုင်း ဆိုင်ရာလွှဲပြောင်းပေးချေမှုများနှင့် ကာလတို ဘဏ်ချေးငွေ များအတွက်ပေးချေမှုများ၊ ( ၂ )ချေးငွေအပေါ်ပေးရသည့် အတိုးများနှင့် ရင်းနှီးမြှုပ်နှံမှုမှ အသားတင် ဝင်ငွေများ၊ ( ၃ )ချေးငွေအတွက် အရစ်ကျပြန်လည်ပေးဆပ်မှုများ သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် တန်ဖိုး လျော့ခြင်းများ၊ ( ၄ )မိသားစုနေထိုင်မှုစရိတ်အတွက် ပြည်တွင်း သို့မဟုတ် ပြည်ပမှ ငွေလွှဲပေးပို့မှုများ။

(ဍ)ငွေလုံးငွေရင်း စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ ဆိုသည်မှာ ပုဒ်မခွဲ(ဌ)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် သာမန်စာရင်း ပိုင်းဆိုင်ရာပေးချေမှုများမှအပ ငွေလုံးငွေရင်းလွှဲပြောင်းမှုအတွက် ပေးချေမှုများကို ဆိုသည်။

အခန်း(၂)ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

၃။ ဗဟိုဘဏ်သည်

( က )နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မူဝါဒများ ချမှတ်ဆောင်ရွက်ရမည်။

( ခ )ဈေးကွက်ငွေလဲလှယ်နှုန်းကို အခြေခံ၍ သတ်မှတ်သည့် ရည်ညွှန်းငွေလဲလှယ်နှုန်းအား နေ့စဉ်ထုတ်ပြန်ကြေညာရမည်။

၄။( က )ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေလုပ်ငန်းများနှင့် စပ်လျဉ်း၍သုံးလထက်မပိုသော အရေးပေါ်ကာလတစ်ရပ်ကို သတ်မှတ်နိုင်သည်။ ထို့ပြင် လိုအပ်ပါက ယင်းကာလကို တစ်ကြိမ်လျှင် သုံးလထက် မပိုစေဘဲထပ်မံသတ်မှတ်နိုင်သည်။ ( ခ )ပုဒ်မခွဲ(က)အရ အရေးပေါ်ကာလ သတ်မှတ်ပါက ဗဟိုဘဏ်သည် အရေးပေါ် အခြေအနေကို ဖြေရှင်းရန် နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူတို့၏ လုပ်ငန်းများအပေါ် ယာယီကန့်သတ်ချက်များ သတ်မှတ်နိုင်သည်။

၅။ ဗဟိုဘဏ်သည် ဘဏ်များအကြား ငွေကြေးဈေးကွက်လုပ်ငန်းများ စနစ်တကျနှင့်ချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ပံ့ပိုးဆောင်ရွက်ရမည်။ ထို့ပြင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုတွင် ပါဝင်ဆောင်ရွက်နိုင်သည်။

အခန်း(၃)နိုင်ငံခြားသုံးငွေလုပ်ငန်းများ[ပြင်ဆင်ရန်]

၆။ဤဥပဒေနှင့်သက်ဆိုင်သော နိုင်ငံခြားသုံးငွေလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

( က )နိုင်ငံတော်အတွင်း၌ နိုင်ငံခြားငွေဖြင့် ပေးချေမှုများ၊

( ခ )နိုင်ငံတော်အတွင်း၌ နိုင်ငံခြားသုံးငွေဖြင့် အခြားသောပေးချေမှုများ

( ဂ )နိုင်ငံခြားသုံးငွေဖြင့် နိုင်ငံတကာပေးချေမှုနှင့် လွှဲပြောင်းမှုများ၊

( ဃ )နိုင်ငံတော်အတွင်း၌ နိုင်ငံခြားငွေနှင့် အခြားနိုင်ငံခြားသုံးငွေများ ဝယ်ယူ၊ရောင်းချမှုများ။

၇။ နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြား နိုင်ငံခြားငွေ ငွေသား၊ ပေးချေမှုစာချုပ်စာတမ်းများနှင့် ငွေချေးသက်သေခံလက်မှတ်များအား လက်ရောက်လွှဲပြောင်းခြင်း ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်သည်။

၈။ ပုဒ်မ ၇ ပါ လက်ရောက်လွှဲပြောင်းခြင်းမှအပ နိုင်ငံခြားငွေဖြင့် ပေးချေခြင်းနှင့်လွှဲပြောင်းမှုများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရရှိသူများမှတစ်ဆင့် ဆောင်ရွက်ရမည်။

၉။ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့် ရှိသည်။ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် ရရှိသူများသည်နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိသည်။


အခန်း(၄)နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်း၊ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်းနှင့် အသုံးပြုခြင်း[ပြင်ဆင်ရန်]

၁ဝ။ ပြည်တွင်း၌ နေထိုင်သူများသည် သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားငွေပမာဏတစ်ရပ်ကို ကာလတစ်ခုအတွင်း ကိုင်ဆောင်ခွင့်ရှိသည်။ ယင်းသတ်မှတ်ချက်များ အရ မိမိတို့ ပိုင်ဆိုင်သော နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူတို့ထံ ဈေးကွက်ပေါက်ဈေးနှုန်းဖြင့် လဲလှယ်အပ်နှံနိုင်သည်။

၁၁။ နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ထားသော မည်သူမဆို မိမိပိုင်ဆိုင်သော နိုင်ငံခြားငွေအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရရှိသူများထံတွင်သာ ဘဏ်ငွေစာရင်းဖွင့်လှစ်အပ်နှံနိုင်သည်။

၁၂။ ပြည်တွင်း၌ နေထိုင်သူများသည် ပြည်ပတွင်ရရှိသော နိုင်ငံခြားသုံးငွေဖြင့် ဝင်ငွေများကို သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်းသို့ ပြန်လည်ပေးပို့ရမည်။ ထိုဝင်ငွေများကိုနိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူထံတွင်ဘဏ်ငွေစာရင်း ဖွင့်လှစ်အပ်နှံရမည်။

၁၃။ ပြည်တွင်း၌ နေထိုင်သူဖြစ်စေ၊ ပြည်ပ၌ နေထိုင်သူဖြစ်စေ နိုင်ငံတော်အတွင်း မိမိတို့၏ နိုင်ငံခြားသုံးငွေများ ရောင်းချခြင်းမှ ရရှိသည့် ကျပ်ငွေကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူထံတွင် ကျပ်ငွေစာရင်း ဖွင့်လှစ်အပ်နှံနိုင်သည်။ ထိုကျပ်ငွေစာရင်းလက်ကျန်ကို နိုင်ငံခြားသုံးငွေ ပြန်လည် ဝယ်ယူရန်အသုံးပြုနိုင်သည်။

၁၄။ ပြည်တွင်း၌ နေထိုင်သူများသည် ပြည်ပနိုင်ငံ တစ်ခုခုတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အောက်ပါကိစ္စရပ်များအတွက် အသုံးပြုနိုင်သည်- ( က ) ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတို့ဖြင့် သယ်ယူပို့ဆောင်ခြင်း၊အာမခံထားရှိခြင်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်းဆောင်ရွက်ခြင်း၊ အလုပ်သမားများစေလွှတ်ခြင်းနှင့် ပြည်ပတွင် ဆောက်လုပ်ရေး စီမံကိန်းများကန်ထရိုက်ယူဆောင်ရွက်ခြင်း၊ ( ခ )ပြည်ပချေးငွေများအတွက် ကြွေမြီပေးဆပ်ခြင်း၊ ( ဂ )ပြည်ပတွင် ရုံးခွဲ သို့မဟုတ် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်အရ ပြည်ပတွင် နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ခြင်း၊ ( ဃ )သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ဗဟိုဘဏ်က ခွင့်ပြုသည့် အခြားလုပ်ငန်းများဆောင်ရွက်ခြင်း။

၁၅။ ပုဒ်မ ၁၄ ပါပြဋ္ဌာန်းချက်နှင့်အညီ ပြည်ပတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားရှိသော ပြည်တွင်း၌ နေထိုင်သူများသည် ယင်းနိုင်ငံခြားငွေစာရင်း အသုံးပြုမှုအား သတ်မှတ်ချက်များနှင့်အညီ ဗဟိုဘဏ်သို့ အစီရင်ခံတင်ပြရန် တာဝန်ရှိသည်။

၁၆။ နိုင်ငံခြားငွေဖြင့် ဘဏ်ငွေစာရင်းဖွင့်လှစ်ထားသော ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများသည် ဗဟိုဘဏ်ကတောင်းခံသည့် ယင်းငွေစာရင်းများ အသုံးပြုမှုနှင့် စပ်လျဉ်းသော သတင်းအချက်အလက်များကို တင်ပြရမည်။


အခန်း(၅)ကျပ်ငွေဖြင့် နိုင်ငံတကာပေးချေမှုများနှင့် လွှဲပြောင်းမှုများ[ပြင်ဆင်ရန်]

၁၇။ နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြား ငွေသားဖြင့် လက်ရောက်လွှဲပြောင်းမှု၊ပေးချေမှုနှင့် အခြားပေးချေမှု အပါအဝင် ကျပ်ငွေဖြင့် နိုင်ငံတကာပေးချေမှုများနှင့်လွှဲပြောင်းမှုများအား သတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက်နိုင်သည်။


အခန်း(၆)နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရသူများ[ပြင်ဆင်ရန်]

၁၈။ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူသည်-

( က )လုပ်ငန်းလိုင်စင်တွင် ပါရှိသည့် သတ်မှတ်လုပ်ငန်းများကိုသာ လုပ်ကိုင်ရမည်။

( ခ )ဤဥပဒေ၊ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်း များ ထိန်းချုပ်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေနှင့် သက်ဆိုင်သော အခြားတည်ဆဲဥပဒေများကို လိုက်နာရမည်။

၁၉။ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည်ပြည်တွင်း၌ နေထိုင်သူများအား သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားသုံးငွေဖြင့် ချေးငွေထုတ်ချေးနိုင်သည်။

၂ဝ။ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် အများပြည်သူထံမှ နိုင်ငံခြားသုံးငွေဖြင့် အပ်ငွေကို လက်ခံခြင်း၊ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားသုံးငွေဖြင့် ငွေချေးစာချုပ်များနှင့် ကာလတိုငွေစုလက်မှတ်များထုတ်ဝေခြင်းဖြင့် အများပြည်သူထံမှ ငွေကြေးကို စုစည်းနိုင်သည်။

၂၁။ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူ များသည်ဘဏ်များအကြား ငွေကြေးဈေးကွက်တွင် ပါဝင်ဆောင်ရွက်နိုင်သည်။ ထို့ပြင်သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားသုံးငွေကို အများပြည်သူနှင့် ရောင်းဝယ်မှုပြုနိုင်သည်။

၂၂။ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ နှင့်လုပ်ငန်းလိုင်စင် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရမည်။


အခန်း(၇)နိုင်ငံခြားသုံးငွေနှင့် လက်ဝတ်ရတနာများ ပြည်တွင်းပြည်ပသို့ ယူဆောင်ခြင်း[ပြင်ဆင်ရန်]

၂၃။ ပြည်တွင်း၌ နေထိုင်သူများနှင့် ပြည်ပ၌ နေထိုင်သူများသည် ကိုယ်ပိုင်သုံးရန် အတွက်နိုင်ငံခြားသုံးငွေနှင့် လက်ဝတ်ရတနာများကို နိုင်ငံတော်အတွင်းသို့ ယူဆောင်လာခြင်း၊ နိုင်ငံတော်အတွင်းမှ ပြည်ပသို့ ယူဆောင်သွားခြင်းတို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်သည်။


အခန်း(၈ )သာမန် စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ[ပြင်ဆင်ရန်]

၂၄။ သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများအတွက် နိုင်ငံတကာမှ ပြည်တွင်းသို့ ပေးချေမှုများနှင့် လွှဲပြောင်းမှုများအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေကန့်သတ်ချက်မပြုလုပ်ရ။

၂၅။ သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများအတွက် ပြည်တွင်းမှ နိုင်ငံတကာသို့ ပေးချေမှုများနှင့် လွှဲပြောင်းမှုများပြုလုပ်ရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကန့်သတ်ခြင်း မပြုလုပ်ရ။


အခန်း(၉)ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ[ပြင်ဆင်ရန်]

၂၆။ ဗဟိုဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော အရင်းငွေ၊ အတိုးငွေ၊အမြတ်ခွဲဝေမှုများနှင့် အခြားရငွေများကို ပြည်ပသို့ ပြန်လည်လွှဲပြောင်း ပေးပို့ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ထားသော ရန်ပုံငွေများကိုပြည်တွင်းသို့ အမှန်တကယ် ယူဆောင်လာခြင်း ရှိ မရှိ စိစစ်သုံးသပ်ရမည်။

၂၇။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ရန်ပုံငွေများကို ယူဆောင်လာသည့်အခါတိုင်းဗဟိုဘဏ်သို့ အထောက်အထားတို့ဖြင့် သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်။ ယင်းအထောက်အထားများကို တင်ပြနိုင်ခြင်းမရှိပါက ပြည်ပသို့ ယင်းရန်ပုံငွေများပြန်လည်လွှဲပို့ခြင်းကို ခွင့်ပြုရန် ဗဟိုဘဏ်က ငြင်းပယ်နိုင်သည်။

၂၈။ ရင်းနှီးမြှုပ်နှံမှုကာလကုန်ဆုံးသည့်အခါဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပိတ်သိမ်းသည့်အခါဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသည် မိမိရင်းနှီးမြှုပ်နှံငွေများအား မိခင်နိုင်ငံ သို့မဟုတ်တတိယနိုင်ငံသို့ လွှဲပြောင်းပေးပို့နိုင်သည်။

၂၉။ ပြည်တွင်း၌ နေထိုင်သူတစ်ဦးသည် ပြည်ပနိုင်ငံတစ်ခုတွင် တိုက်ရိုက် သို့မဟုတ်သွယ်ဝိုက်ရင်းနှီးမြှုပ်နှံလိုပါက သတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက်ရမည်။

၃ဝ။ ဗဟိုဘဏ်သည် စည်းမျဉ်းများထုတ်ပြန်၍ ငွေလုံးငွေရင်း စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများအပေါ် ကန့်သတ်ချက်များ သတ်မှတ်နိုင်သည်။ ယင်း

ကန့်သတ်ချက်များသည် အောက်ပါတို့နှင့် မသက်ဆိုင်စေရ- ( က )ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော ချေးငွေများအတွက် အရင်းပြန်လည်ပေးဆပ်မှု၊

( ခ )ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံခြားသို့ ကူညီထောက်ပံ့မှု၊

( ဂ )ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံမှု။

၃၁။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက်များက ပယ်ဖျက်သည် သို့မဟုတ် ြွခင်းချက်ပြုသည်ဟု မှတ်ယူခြင်းမပြုရ။ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့် ညီညွတ်ခြင်းမရှိပါက ယင်းပြဋ္ဌာန်းချက်သည် အကျိုး သက်ရောက်မှုမရှိစေရ။

အခန်း(၁ဝ)ဗဟိုဘဏ်၏ စီမံခန့်ခွဲပိုင်ခွင့်[ပြင်ဆင်ရန်]

၃၂။ ဗဟိုဘဏ်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ရာတွင်အောက်ပါလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်-

( က )နိုင်ငံခြားသုံးငွေလုပ်ငန်း တစ်မျိုးမျိုးကို လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ စိစစ်ပြီးလုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ ဖောက်ဖျက်သူများအား လုပ်ငန်းလိုင်စင် ရုပ်သိမ်းခြင်း၊

( ခ )နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊

( ဂ ) နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများ လက်ဝယ်တွင်ထားရှိနိုင်သည့် နိုင်ငံခြားသုံးငွေ ရရန်ပိုင်ခွင့်များ၏ ပမာဏကို ကန့်သတ်သည့် စည်းမျဉ်းများ ချမှတ်ခြင်း၊

( ဃ )နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်သည့် ပုဂ္ဂိုလ်များ၏ အသားတင်နိုင်ငံခြားသုံးငွေပမာဏကို ကန့်သတ်မှုများ ပြုလုပ်ရာတွင် ငွေကြေး တစ်မျိုးချင်းသော်လည်းကောင်း၊ ငွေကြေးအားလုံး စုပေါင်း၍သော်လည်းကောင်း သတ်မှတ်ခြင်း၊ ထို့ပြင် ယင်းတို့၏ ပြည်ပကြွေးမြီ ပမာဏနှင့် အခြားလိုအပ်ချက်များကို ကန့်သတ်ခြင်း။

၃၃။ ဗဟိုဘဏ်သည် ဤဥပဒေကို ကျင့်သုံးအကောင်အထည်ဖော်ရာတွင် လိုအပ်သောသတင်းအချက်အလက်များကို နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိသူများထံမှ တောင်းယူခွင့် ရှိသည်။ ဗဟိုဘဏ်မှတာဝန်ရှိဝန်ထမ်းနှင့် ဗဟိုဘဏ်က တာဝန်ပေးအပ်ထားသည့် အရည်အချင်းပြည့်မီသော အခြားပြင်ပပုဂ္ဂိုလ်များအား နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ တစ်ဦးဦး၏ စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထားများနှင့် ဗဟိုဘဏ်က လိုအပ်သည်ဟု ယူဆသော အခြားမှတ်တမ်းများကို စစ်ဆေးစေနိုင်သည်။

၃၄။ ဗဟိုဘဏ်သည် အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါ ထုတ်ပေးထားသော နိုင်ငံခြားသုံးငွေ လုပ်ငန်းလိုင်စင်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်-

( က )လျှောက်ထားသူသည် လုပ်ငန်းလိုင်စင်ရယူရန် တင်ပြခဲ့စဉ်က အဆိုပြုတင်ပြသည့် အရာရှိများ၊ ဒါရိုက်တာများနှင့် အဓိက ရှယ်ယာပိုင်ဆိုင်သူများ၏ လုပ်ငန်းအတွေ့အကြုံ သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှုနှင့်စပ်လျဉ်း၍ မမှန်ကန်သော သတင်းအချက်အလက်များ တင်ပြခဲ့ကြောင်း သို့မဟုတ် လုပ်ငန်းလိုင်စင် လျှောက်လွှာနှင့် စပ်လျဉ်း၍ မမှန်ကန်သောစာရွက်စာတမ်းများ တင်ပြခဲ့ကြောင်း ပေါ်ပေါက်ခြင်း၊

( ခ )လုပ်ငန်းလိုင်စင်ရရှိထားသူက လုပ်ငန်းလိုင်စင် ရုပ်သိမ်းပေးပါရန် တင်ပြတောင်းခံလာခြင်း၊

( ဂ )ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါလိုက်နာရမည့် တာဝန်များကို ပျက်ကွက်ခြင်း၊

( ဃ )ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းသို့မဟုတ် ပုဒ်မ ၃၉ နှင့် ၄ဝ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊

( င )ငွေကြေးခဝါချမှု၊ အခွန်လိမ်လည်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်း၊

( စ )နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများသည် မိမိနှင့် လုပ်ငန်းဆက်သွယ်ဆောင်ရွက်သူများ၏ လိုအပ်ချက်ကိုလည်းကောင်း၊ သာမန်လုပ်ငန်းဆောင်ရွက်မှုတွင် မိမိဖြည့်ဆည်းရန် တာဝန်များကိုလည်းကောင်း ပျက်ကွက်ပြီး လုပ်ငန်းတွင် အရှုံးပေါ်ပေါက်၍လုပ်ငန်းဖျက်သိမ်းရဖွယ်ရှိသည်ဟု ခိုင်လုံသော အထောက်အထားများတွေ့ရှိရခြင်း။

၃၅။ ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူက ဤဥပဒေအခန်း(၆) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် အောက်ပါစီမံခန့်ခွဲရေး ဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ကျခံစေနိုင်သည်-

( က )သတိပေးခြင်း၊

( ခ )နိုင်ငံခြားသုံးငွေ လုပ်ငန်းဆောင်ရွက်ချက်များကို ကန့်သတ်ချက် အပါအဝင်ဖြစ်သည့် အမိန့်များချမှတ်ခြင်း၊

( ဂ )ဒဏ်ကြေးပေးဆောင်စေခြင်း၊

( ဃ )တာဝန်ရှိသူ သို့မဟုတ် သက်ဆိုင်ရာဝန်ထမ်းအား လုပ်ငန်းတာဝန်ထမ်းဆောင်ခြင်းမှ ယာယီ သို့မဟုတ် အမြဲတမ်းရပ်စဲခြင်း၊

( င )လုပ်ငန်းလိုင်စင် ဖျက်သိမ်းခြင်း။

၃၆။ ဗဟိုဘဏ်က ပုဒ်မ ၃၅ အရ ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကျေနပ်မှု မရှိသူသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သတ်မှတ်ချက် များနှင့်အညီ လျှောက်ထားနိုင်သည်။

၃၇။ဤဥပဒေအရ အရေးယူသည့် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များသည် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူခြင်းအပေါ် ပိတ်ပင်ခြင်းမရှိစေရ။

အခန်း(၁၁)တားမြစ်ချက်များ[ပြင်ဆင်ရန်]

၃၈။ မည်သူမျှ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ။

၃၉။ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ဗဟိုဘဏ်က ထုတ်ပေးသည့် လုပ်ငန်းလိုင်စင်တွင် သတ်မှတ်ခွင့်ပြုခြင်းမရှိသော နိုင်ငံခြားသုံးငွေလုပ်ငန်းများအား လုပ်ကိုင်ခြင်းမပြုရ။

၄ဝ။ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများသည် ဤဥပဒေပါ ပုဒ်မ၂ဝ အရ-

( က )ဗဟိုဘဏ်က တောင်းခံသော သတင်းအချက်အလက်များကို ပေးအပ်ရန်ပျက်ကွက်ခြင်း မရှိစေရ၊

( ခ )မိမိ၏စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထားများနှင့် အခြားမှတ်တမ်းများကို စစ်ဆေးမှုပြုရာတွင် စွက်ဖက်ခြင်း၊ ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရ။

၄၁။ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူမည်သူမဆို ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်ခြင်း မပြုရ။


အခန်း(၁၂)ပြစ်မှုနှင့် ပြစ်ဒဏ်[ပြင်ဆင်ရန်]

၄၂။ မည်သူမဆို ပုဒ်မ ၃၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်ပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။

၄၃။ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၃၉ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်ပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။

၄၄။ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၄ဝ သို့မဟုတ်၄၁ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၁၃)အထွေထွေ[ပြင်ဆင်ရန်]

၄၅။ဤဥပဒေပါ ပြစ်မှုများဖြင့် တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။

၄၆။ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၄၇။ ရုပ်သိမ်းလိုက်သည့် ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေ(The Foreign Exchange Regulation Act, 1947)အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သမျှ ကျင့်သုံးနိုင်သည်။

၄၈။ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေးအပ်သော တာဝန်ကို သဘောရိုးဖြင့် ဆောင်ရွက်သူကို ပြစ်မှု ကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်းအရေးယူခြင်းမပြုရ။

၄၉။ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်

( က )ဗဟိုဘဏ်သည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်း များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် သည်။

( ခ )ဗဟိုဘဏ်သည် လိုအပ်သော အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြား ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၅ဝ။ဤဥပဒေဖြင့် The Foreign Exchange Regulation Act, 1947 ကိုရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်