နာအိုမီ အိုဆာကာ

ဝီကီပီးဒီးယား မှ

နာအိုမီ အိုဆာကာသည် ကမ္ဘာ့တင်းနစ်လောကတွင် သမ္ဘာရင့်သည့် ဆရီနာဝီလျံကို ၆-၂, ၆-၄ ဖြင့် နှစ်ပွဲဖြတ်ကာ ယူအက်စ်အိုးပင်း ချန်ပီယံဆုကြီးအား ဆွတ်ခူးခဲ့သူ ဖြစ်သည်။ သူမသည် ဂျပန်နိုင်ငံသူဖြစ်ပြီး ဆုရရှိချိန်တွင် အသက် (၂၀)သာ ရှိသေးသည်။

အသက် (၂၀)အရွယ် ယူအက်အိုးပင်း တင်းနစ်ချန်ပီယံဆုရရှိထားသော ဂျပန်နိုင်ငံသူ နာအိုမီ အိုဆာကာ

ငယ်ဘဝ[ပြင်ဆင်ရန်]

နာအိုမီ အိုဆာကာကို ၁၉၉၇-ခုနှစ်၊ အောက်တိုဘာ (၁၆)ရက်နေ့၌ အိုဆာကာမြို့၊ ချိုကူအရပ်တွင် မွေးဖွားသည်။ ဖခင်သည် ဟေလီနိုင်ငံသား ဖြစ်ပြီး လီယိုနတ် ဆန်ဖရန်ဆွာဟု ခေါ်သည်။ မိခင်မှာ ဂျပန်နိုင်ငံသူဖြစ်ပြီး တာမာကီ အိုဆာကာဟု ခေါ်သည်။ နာအိုမီတွင် အစ်မတစ်ယောက်ရှိပြီး မာရီဟု ခေါ်သည်။ အစ၌ သူတို့ မိသားစုသည် ဂျပန်နိုင်ငံတွင် နေထိုင်ကြသည်။ ဖခင်သည် ဟေတီနိုင်ငံတွင် မွေးဖွားပြီး ဂျပန်ကို ရောက်မလာမီက နယူးယောက် တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ ထို့နောက် တာမာကီနှင့် တွေ့ဆုံကာ လက်ထပ်ပြီး ဂျပန်နိုင်ငံကို ပြောင်းရွှေ့လာသူဖြစ်သည်။

နာအိုမီ၏ အဖိုးဖြစ်သူသည် မိခင်က လူမည်းတစ်ယောက်ကို အိမ်ထောင်ပြုလိုက်ကြောင်း သိလိုက်ရသည့် အခါတွင် စိတ်ဆိုးဒေါသထွက်ကာ သမီးဖြစ်သူကို အဆက်အသွယ် မပြုလုပ်တော့သဖြင့် (၁၀)နှစ်ခန့် မိသားစုနှင့် အဆက်အသွယ်ပြတ်ခဲ့ရသည်။ နာအိုမီ (၃)နှစ်သမီးအရွယ်တွင် မိသားစုသည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ကြသည်။ Elmont Alden Terrace မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ Broward Virtual အထက်တန်းကျောင်းမှ ကျောင်းပြီးသည်။ လက်ရှိတွင် ဖလော်ရီဒါတွင် နေထိုင်ကြသည်။ နာအိုမီတို့ မိသားစုသည် ဂျပန် အမေရိကန် နိုင်ငံသားများအဖြစ် ခံယူထားသော်လည်း သူမမှာ ဂျပန်စကား လုံးဝပြောဆိုနိုင်ခြင်း မရှိပေ။

တင်းနစ်လောကသို့ ဝင်ရောက်လာပုံ[ပြင်ဆင်ရန်]

နာအိုမီနှင့် အစ်မဖြစ်သူ မာရီတို့ နှစ်ယောက်စလုံးသည် ပရော်ဖက်ရှင်နယ် တင်းနစ်အားကစားသမားများအဖြစ် ခံယူထားသည်။ ဖခင်သည် နာအိုမီကို Japan Tennis Association တွင် မှတ်ပုံတင်ပေးသည်။ ၂၀၁၃-ခုနှစ်လောက်က စတင်ပြီး တင်းနစ်လောကသို့ ဝင်ရောက်လာခဲ့ပြီး ၂၀၁၃၊ စက်တင်ဘာလတွင် ပရိုအဆင့်သို့ ရောက်ခဲ့ရသည်။ 2014 Bank of the West Classic ပွဲတွင် အယ်လာနှင့် ပီထရာမာတီ တို့ကို အနိုင်ရအောင် ရိုက်နိုင်ခဲ့သောကြောင့် အရည်အချင်းပြည့်မီသော တင်းနစ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံရသည်။ 2015 WTA ဖိုင်နယ်ပွဲစဉ်တွင် ကာရိုလင်း ဂါစီရာကို အနိုင်ရရှိခဲ့သည်။ နာအိုမီသည် ၂၀၁၈-ခုနှစ်တွင် အဆင့် (၆၈)ဝင် အားကစားသမား တစ်ယောက် ဖြစ်လာခဲ့သည်။ အဆင့်ဆင့် ကျော်ဖြတ်လာခဲ့ရပြီး နောက်ဆုံး၌ ယူအက်စ်အိုးပင်းတွင် အနိုင်ရကာ တင်းနစ် ချန်ပီယံဖြစ်ခဲ့သည်။[၁]

သူမ၏ အင်တာဗျူး[ပြင်ဆင်ရန်]

နာအိုမီ အိုဆာကာကို နာမည်ကျော် အယ်လင်က The Ellen De Geners Show တွင် ခေါ်ယူပြီး ရုပ်သံပွဲထုတ်သည်။ အယ်လင်က ပွင့်လင်းစွာဖြင့် မေးလိုက်သည်မှာ ဖိုင်နယ်ပွဲစဉ်တွင် ကြုံတွေ့ရသည့် အကြောင်းအရာများ ဖြစ်သည်။ (ဆရီနာဝီလျံ၏ တရားမဝင် ပြုမူပြောဆိုမှုများကြောင့် ဒဏ်ကြေးအဖြစ် ဒေါ်လာ ၁၇,၀၀၀ အရိုက်ခံရသည့် အကြောင်း၊ သူ့ကို စွပ်စွဲပြောဆိုချက်များအကြောင်း၊ တင်းနစ်ရက်ကက်ကို ရိုက်ချိုးခဲ့သည့်အကြောင်း၊ ဒိုင်နှင့် သူ၏နည်းပြတို့အပေါ် ပြစ်တင်ဝေဖန်ပြောဆိုမှုများ အကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်သည်။ )

အယ်လင်က သူ့ကို ကစားကွင်းအတွင်း ထူးခြားချက်များကို သတိမထားမိဘူးလားဟု မေးသည်။ နာအိုမီက ဖြစ်ပျက်နေသည်များကို သူ မကြည့်ကြောင်း ပြောသည်။ ငယ်စဉ်ကတည်းက ကိုယ့်ပြိုင်ဘက် ဒေါသထွက်နေသည်ဖြစ်စေ၊ တစ်ခုခု ဖြစ်နေသည် ဖြစ်စေ မကြည့်ရန် သွန်သင်ခြင်းခံထားရကြောင်း ပြောသည်။ ကိုယ်လုပ်ရမည့် အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်ထားသည်။ သူ ဘာဆက်လုပ်ရမည်ကိုတာ အာရုံထားသည်။ အလွန်စိတ်ဝင်စားစရာကောင်းသည့် စိတ်ဓာတ်မျိုး ဖြစ်သည်။ နာအိုမီက သူ့ကိုလူတွေက လှောင်ပြောင်ကြသော်လည်း သူ့အနေနှင့် ပရိသတ်ကိုပါ မည်သို့မှ သဘောမထားဘဲ လျစ်လျူရှုခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ အယ်လင်က သူမကို ကျားသစ်နက်မလေးဟု ထုတ်ဖော်ချီးကျူးခဲ့သည်။

နာအိုမီသည် ဂျပန်နိုင်ငံ၏ အားကစားသမားဘဝကို ခံယူထားသော်လည်း အမေရိကန်တွင် သုံးနှစ်သမီးလောက်ကတည်းက လာရောက်နေထိုင်သူ ဖြစ်သည်။ သူ့အိမ်မှ ငါးမိနစ်လောက် စက်ဘီးစီးသွားလျှင် ရောက်နိုင်သည့် Evert Tennis Academy တွင် နေ့စဉ်လာရောက် လေ့ကျင့်သည်။ တစ်နေ့ လေးနာရီခန့် လေ့ကျင့်သည်။ အိမ်ပြန်ရောက်လျှင် အားလုံးကို မေ့ထားပြီး ဗီဒီယိုဂိမ်း ငါးနာရီလောက် ထိုင်ကစားချင်လည်း ကစားနေတတ်သည်။ Overwatch ဆိုသော ဂိမ်းကို အစ်မနှင့်အတူ ကစားခြင်းဖြစ်သည်။ အပစ်အခတ်ဂိမ်းမျိုးကို အလွန်စိတ်ဝင်စားပြီး ကစားရာတွင်လည်း တိုက်စစ်ထက် ခံစစ်ကို အားပြုကစားရခြင်းကို ပိုနှစ်သက်သည်ဟု ဆိုသည်။ ကျွန်မက အနိုင်ကစားဖို့ မကျွမ်းဘူး။ ဒါကြောင့် ခံစစ်နှင့် ကာပြီးကစားရတာ ပိုပြီး သဘောကျတယ် ဟု သူဂိမ်းကစားပုံနှင့် ယှဉ်ပြီးပြောသည်။ သူ့ကို အင်တာဗျူးသူက ကစားရာတွင် တစ်ဖက်သားကြောက်စရာကောင်းလောက်အောင် ရန်လိုပြီး မာန်ပါပါ ကစားတတ်သည်ဟု ထောက်ပြသည်။ သူက အဲ့ဒီလို ပြောကြတာပဲ ဟူ၍သာ ပြန်ပြောရှာသည်။

မည်သို့ဆိုစေ ဂျပန်နိုင်ငံအတွက် ဂျပန်တွင် မနေသော ဂျပန်တစ်ဦးက ဂုဏ်ဆောင်ပေးနိုင်ခဲ့လေသည်။ Grand Slam ပြိုင်ပွဲတွင် ဂျပန်နိုင်ငံအတွက် ပထမဆုံး ဂုဏ်ထူးဆောင် အားကစားသမားတစ်ယောက်လည်း ဖြစ်လာခဲ့သည်။ သို့သော် ဖိုင်နယ်ပွဲစဉ်တွင်ကား ကမ္ဘာ့နံပါတ်တစ် အဆင့်လောက်ရှိသူ၏ ပြဿနာရှာမှုပေါင်းများစွာ၊ ပရိသတ်၏ လှောင်ပြောင်ဘက်လိုက် အားပေးမှုများစွာကြားမှ နာအိုမီသည် စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် အနိုင်ရယူခဲ့သူလည်း ဖြစ်သည်။

သူမအနေနှင့် ဖိုင်နယ်ရောက်မှ ဆရီနာဝီလျံနှင့် တွေ့ဖူးသည်မဟုတ်၊ ယခုနှစ်အတွင်း (၂၀၁၈) တစ်ကြိမ်တွေ့ပြီးနောက် အနိုင်ရိုက်ခဲ့ဘူးသေးသည်။ ထိုစဉ်က ဝီလျံသည် ကလေးမွေးပြီးနောက် တင်းနစ်လောကသို့ ပြန်ရောက်လာစဖြစ်သည်။ နာအိုမီအနေဖြင့် ဆရီနာဝီလျံကို အားကျဂုဏ်ယူပြီး သူလိုဖြစ်ချင်နေသည်မှာ တတိယတန်းကျောင်းသူအရွယ်ကတည်းက ဖြစ်သည်။ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် သူက မက်ဒီဆန်ကီးကို အနိုင်ရလိုက်သည့်အခါ ဖိုင်နယ်ပွဲစဉ်၌ သူလေးစား ကြည်ညိုရသည့် ဆရီနာနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ သို့သော် သူမသည် ပြိုင်ပွဲအတွက် တင်းနစ်ကွင်းကို ရောက်သည့်အခါ စိတ်ဓာတ်ကို မည်သို့ပြုပြင်ခဲ့ရကြောင်း ပွင့်လင်းစွာ ပြောပြသည်။ ကျွန်မကွင်းထဲကို ခြေချလိုက်ချိန်မှာ ကျွန်မကို ကျွန်မ ဆရီနာရဲ့ ပရိသတ်တစ်ယောက် မဟုတ်တော့ဘူး။ ကျွန်မဟာ ကျွန်မပြိုင်ဘက် ကစားသမားတစ်ယောက်လို့ စိတ်သွင်းရတယ်ဟု ဆိုသည်။

ငယ်စဉ်ကတည်းက ဆရီနာအပေါ်တွင် သဘောကျ အထင်ကြီး လေးစားခဲ့ရသူ ဖြစ်သည်။ အကယ်၍ ဆရီနာ၏ လွှမ်းမိုးမှုများကို သူဆက်ပြီး ခံယူထားလျှင် ငယ်ကြောက်လိုဖြစ်ပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ရန်ပင် ခက်ခဲသွားနိုင်သည်။ ထို့ကြောင့် သူ့ကို ငယ်စဉ်ကတည်းက သွန်သင်ခဲ့သော စကားများကို ပြန်ပြီးသတိရလိုက်သည်။ ဘေးမှ အားလုံးကို မေ့ထားလိုက်ရန် သာဖြစ်သည်။ နောက်ဆုံးပြိုင်ပွဲအပြီးမှာ သူနှင့်ကျွန်မ ဖက်လိုက်တော့လည်း ကျွန်မ ကလေးလေးလို ပြန်ဖြစ်သွားခဲ့ရ ပြန်ပါတယ်ဟု နာအိုမီက ဆိုသည်။ ပြိုင်ပွဲအပြီး ဆရီနာ ရှုံးသွားသည်။ သူတို့နှစ်ယောက်အလယ်ရှိ တင်းနစ်ပိုက်တွင် တွေ့ဆုံပြီး ဖက်ခဲ့သည့် အတွေ့အကြုံလေးကို သူက ပြန်ရှင်းပြနေခြင်း ဖြစ်သည်။

မည်သို့ဆိုစေ မျက်ရည်ကျပြီး ယူခဲ့ရသည့်ဆုမှာ သူမ၏ စိတ်ဓာတ်ခိုင်မာမှု၊ ဇွဲသတ္တိနှင့် ကြံ့ခိုင်မှုတို့ကြောင့် ဖြစ်ပေသည်။ ယူအက်စ်အိုးပင်းတွင် တင်းနစ်ချန်ပီယံကြီး ဆရီနာကို နိုင်လိုက်သည်သာ မဟုတ်၊ သူ့ဘဝ သူ့ဇာတိရှိ အဘိုးနှင့် အမေရိကားရှိ သူ့ပတ်ဝန်းကျင် လောကအားလုံးကို အနိုင်ရရှိသွားခြင်းလည်း ဖြစ်သည်။ နာအိုမီ၏ ဘဝရှေ့ရေးကား ပွင့်နေသည်။ နောက်ထပ် ယူအက်စ်အိုးပင်းမှ သူရလိုက်သည့် ဆုမှာ ဖလားတစ်လုံးအပြင် ဒေါ်လာ ၃.၈သန်းတန် ချက်လက်မှတ်တစ်စောင် ဖြစ်ပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Bustle, Popsugar, GQ, Independent, The Japan Times