နာဂသိန်းလှိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
နာဂသိန်းလှိုင်
မွေးဖွားသိန်းလှိုင်
(၁၉၃၃-၁၁-0၇) နိုဝင်ဘာ ၇၊ ၁၉၃၃ (အသက် ၈၆)
သထုံမြို့၊ မွန်ပြည်နယ်
အခြား အမည်များEdward Thomson Hoke Wan, ရွှေဓားဗိုလ်
လူမျိုးတရုတ်ကပြား
မိခင်ကျောင်းမော်လမြိုင် စိန်ဂျိုးဇက်ကွန်ဗင့်၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်(ဆေးသိပ္ပံ)
အလုပ်အကိုင်ဆရာဝန်
ကျော်ကြားမှုအရင်းခံမေ့ဆေးမပါပဲ ထုံဆေးဖြင့် လည်ပင်းကြီးရောဂါများအားခွဲစိတ်ခြင်း
အိမ်ထောင်ဖက်(များ)ဒေါ်အုန်းအုန်း
မိဘ(များ)ဦးတန်ဟုတ်ဝမ်၊ ဒေါ်နန်းကြင်သုန်

ဒေါက်တာသိန်းလှိုင် သို့မဟုတ် နာဂသိန်းလှိုင် သည် ဆရာဝန်တစ်ဦးဖြစ်ပြီး နာဂတောင်တန်းရှိ လူနာများအား မေ့ဆေးမပါပဲ ထုံဆေးဖြင့် လည်ပင်းကြီးရောဂါများအား ခွဲစိတ်ခြင်းဖြင့် ထင်ရှားသော ဆရာဝန်တစ်ဦးဖြစ်သည်။

ဆေးကျောင်းသားဘဝ[ပြင်ဆင်ရန်]

၁၉၅၇ ခုနှစ်တွင် ဆေးကောလိပ်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ တွင် မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA)ကို တည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ကာ အလုပ်သင်ဆရာဝန်ဘဝတွင် အစိုးရထောက်ပံ့ကြေးမရသည့် အလုပ်သင်ဆရာဝန်များအတွက် ဦးဆောင်သပိတ်မှောက်ခဲ့သည်။ ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သည့်အတွက် လက်တွေ့ဆင်းနေရခြင်းကို ဖြုတ်ခံရသည်။[၁]

ဆရာဝန်ဘဝ အစောပိုင်း[ပြင်ဆင်ရန်]

ဒေါက်တာသိန်းလှိုင်သည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းဌာနတွင် သင်္ဘောဆရာဝန်အဖြစ် တစ်နှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မြိတ်မြို့နယ် လက်ထောက် ဆရာဝန်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အဆောင် (၃/၄)၏ တာဝန်ခံဆရာဝန်၊ ဆရာကြီး ပါမောက္ခဒေါက်တာဦးဘသန်း၏ ပထမ လက်ထောက်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရှေ့ဘက်ခွဲစိတ်ဆောင်ကြီးကြပ်သူ စသဖြင့် တစ်နှစ်စီဆောင်ရွက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြစ်ပေးသည့် အနေဖြင့် ဒေါက်တာသိန်းလှိုင်ကို ခန္တီးအရပ်ဒေသသို့ ပို့ခဲ့သည်။[၁]

နာဂသိန်းလှိုင်ဟု ကျော်ကြားခြင်း[ပြင်ဆင်ရန်]

ထိုစဉ်က နာဂတောင်တန်းဒေသတွင် အဖြစ်များနေသည့် လည်ပင်းကြီးရောဂါနှင့် အခြားခွဲစိတ်လူနာများကို အောင်မြင်အောင်ခွဲစိတ်ပေးနိုင်ခဲ့သည်။ ဆရာကြီးသည် နာဂတောင်တန်းတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ပြီး ခွဲစိတ်ကုသမှုကို လက်မခံလိုသည့် နာဂလူမျိုးများကို သဘောပေါက်နားလည်စေရန် ပြောဆိုရှင်းပြစည်းရုံးခဲ့ရသည်။ လူနာခွဲစိတ်မှုကို လက်မခံလိုကြသဖြင့် ကိုယ့်အသက်ကိုယ် အပေါင်ထားကာ ကုသပေးခဲ့ရသည်။

ထိုစဉ်က နာဂတောင်တန်းတစ်ခွင်မှာ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ လည်ပင်းကြီးရောဂါဖြစ်နေကြသည်။ နာဂတိုင်းရင်းသားများမှာ နတ်ကိုးကွယ်သည့်ဓလေ့ရှိကြသဖြင့် ရောဂါတစ်ခုခုဖြစ်တိုင်း နတ်ဆရာထံ သွားရောက်ကာ နတ်ပသခြင်း၊ ယဇ်ပူဇော်ခြင်းတို့ ပြုလုပ်ကုသလေ့ရှိကြသည်။ နတ်များက ကုသမပေးနိုင်သည့် လည်ပင်းကြီးရောဂါကို ဒေါက်တာသိန်းလှိုင်က ပျောက်အောင် ကုသပေးနိုင်ခဲ့သဖြင့် "နာဂနတ်" ခေါ်ဆိုကြကာ နာဂတိုင်းရင်းသားများက နတ်တစ်ပါးပမာ ကိုးကွယ်ခဲ့ကြသည်။[၂]

ဒေါက်တာသိန်းလှိုင်သည် နာဂတောင်တန်းတွင် အဆီအကျိတ်များ၊ အလုံးအကျိတ်မျိုးစုံ၊ အူကျခြင်းနှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသည့် အကျိတ်ပေါင်းစုံကို ခွဲစိတ်ကုသခဲ့ရသည်။ ဒေါက်တာသိန်းလှိုင်သည် မပြည့်စုံသည့် ဆေးဝါး၊ ပစ္စည်းကိရိယာများဖြင့် သူ့လူနာများကို မေ့ဆေးဖြင့် ခွဲစိတ်ခြင်းမဟုတ်ဘဲ ထုံဆေးပညာဖြင့်သာ ခွဲစိတ်ခြင်းဖြစ်သည်။

ဆရာဝန်ကြီးဒေါက်တာနာဂသိန်းလှိုင်သည် ထုံဆေးပညာသီးသန့်ဖြင့် မေ့ဆေးမသုံးဘဲ ခွဲစိတ်ခဲ့သည့် လူနာပေါင်းမှာ အနားယူချိန် ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း (၄၇)နှစ်အတွင်း ၂၈၉၅ ဦး ရှိခဲ့သည်။ လူနာများကို ခွဲစိတ်ရာတွင်လည်း သူ့ခွဲစိတ်မှုကြောင့် သေဆုံးသူတစ်ဦးမှမရှိခဲ့ဟု ဆိုသည်။ ထို့အပြင် လူနာကို ခွဲစိတ်နေရင်း အရေးပေါ် သွေးလိုအပ်ပါက မိမိနှင့် သွေးအုပ်စုတူသည့် လူနာကို မိမိသွေးဖောက်၍ ချက်ချင်းသွင်းပေးခဲ့သေးသည်။

လည်ပင်းကြီးရောဂါကို ထုံဆေးသက်သက်ဖြင့် ခွဲစိတ်နိုင်သည့်ပုဂ္ဂိုလ်မျိုး ဒေါက်တာနာဂသိန်းလှိုင်မှလွဲ၍ ကမ္ဘာ့ဆေးပညာသမိုင်းမှာမရှိသေးဟု သိရကြောင်း ပြင်ဦးလွင်မြို့ G.P ဆရာဝန်များအဖွဲ့မှ ဒေါက်တာကျော်ကျော်မင်းက ရေးသားထားသည်။[၁]

တောင်ပေါ်မှ မြေပြန့်သို့ပြောင်းရွှေ့ခြင်း[ပြင်ဆင်ရန်]

ဆရာကြီးသည် ၁၉၇၁ ခုနှစ်တွင် နာဂတောင်တန်းမှ ပြန်လည်ဆင်းသက်ခဲ့ရပြီး ဖြူးမြို့နယ်သို့ ဆေးရုံမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဒေါက်တာသိန်းလှိုင်သည် ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် ပုသိမ်မြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး (၁)အဖြစ် နမ့်ခမ်းမြို့သို့လည်းကောင်း၊ မီးရထားဆရာဝန်ကြီးအဖြစ် မန္တလေးမြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးအဖြစ် သာယာဝတီမြို့သို့လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် အစိုးရဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့သည်။[၁]

သူ့တွင် နတ်ဆရာဝန်၊ နာဂနတ်၊ နာဂသိန်းလှိုင်စသည့် အမည်များအပြင် "ရွှေဓားဗိုလ်" ဟူသည့် အမည်တစ်ခုလည်း တွင်ခဲ့သေးသည်။ ဖြူးမြို့နယ်မှ ပုသိမ်သို့ ပြောင်းရွှေ့စဉ်က ကျောင်းကုန်းမြို့နယ်ဆရာဝန် ခွင့်ယူထားသဖြင့် အစားဝင်ရောက်တာဝန်ထမ်းဆောင်စဉ် ကျောင်းကုန်းဆေးရုံတွင် ၂၄ နာရီထိုင် ခွဲစိတ်သောကြောင့် အခြားမြို့နယ်၊ ကျေးရွာများမှ လူနာများ တဖွဲဖွဲလာရောက်လျက်ရှိသည်။ လူနာတို့၏ ရောဂါပေါင်းစုံကို မနားတမ်းခွဲစိတ်နေသဖြင့် ရွှေဓားဗိုလ်ဟူ၍ နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။

အငြိမ်းစားယူပြီးနောက် ဒေါက်တာနာဂသိန်းလှိုင်သည် ပြင်ဦးလွင်မြို့တွင် ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်လှစ်နေထိုင်ခဲ့သည်။ တောင်ကြီးမြို့ ကမ္ဘောဇဆေးရုံ၌ ခွဲစိတ်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့ရှိ အောင်ရတနာဆေးခန်း၊ စိတ္တသုခဆေးခန်းတို့တွင်လည်း ကုသမှုများ ဆောင်ရွက်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဥက္ကာကိုကို; ဇွဲဉာဏ် (၈ အောက်တိုဘာ ၂၀၁၄). "ရွှေဓားဗိုလ်၏ ဓားမှတ်တမ်း". ၇ ရက် နေ့စဉ်သတင်းစာ အတွဲ ၁၃၊ အမှတ် ၃၁. Retrieved on ၂၅ ဇွန် ၂၀၁၆. 
  2. အောင်မြင်သူ (၄ မေ ၂၀၁၅)။ သံသယပျောက်ပြီး အမှန်ဘဝရောက်ဖို့။ Tomorrow Journal။ ၂၅ ဇွန် ၂၀၁၆ တွင် ပြန်စစ်ပြီး။