နဠကပါနသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ နဠကပါနရွာ ပေါက်ပင်တော၌ သီတင်းသုံးတော်မူစဉ် ထင်ရှားကုန် ထင်ရှားကုန်သော(အလွန်ထင်ရှားကုန်သော) သာသနာတော်တွင် ဝင်ရောက်ရဟန်းပြုကြကုန်သော အရှင်အနုရုဒ္ဓါအစရှိသော ရဟန်းတော်များအား

-သဒ္ဓါတရားသက်သက်ဖြင့် လူဘောင်မှထွက် ရဟန်းပြုကြ, မြတ်သောအကျင့် (သာသနာတော်)၌ မွေ့လျော်ပျော်ပိုက်ခြင်းသည် ကောင်းမြတ်လှပုံ၊

-မင်း, ခိုးသူ, ဘေးရန်, ကြွေးမြီ နှိပ်စက်မှု, အသက်မွေး ကြပ်တည်းမှု တစ်ခုခုကြောင့် ရဟန်းပြုခဲ့ကြသည် မဟုတ်ပုံ၊

ပဋိသန္ဓေနေခြင်း အစရှိသော ဆင်းရဲအစု ကုန်ဆုံးအောင် ရဟန်းပြုလာခဲ့ကြပုံ၊

-အဘိဇ္ဈာအစရှိသော တရားဆိုး (၇)ပါးတို့ ကုသိုလ်စိတ်ကိုကုန်အောင် သိမ်းယူခံရသောသူသည် ဈာန်ချမ်းသာတို့ထက် သာလွန် မွန်မြတ်သောချမ်းသာကို မရနိုင်ပုံ၊

-ငါဘုရားသည် အာသဝေါတရားတို့ကို ထန်းပင်ငုတ်တိုကဲ့သို့ အကြွင်းမဲ့ ပယ်ပြီး ခြင်းကြောင့် ပဋိသန္ဓေနေမှုစသည် မရှိတော့ပုံ၊ အချို့ကို ဆင်ခြင်၍ မှီဝဲပုံ၊ အချို့ကို ဆင်ခြင်၍ သည်းခံနိုင်ပုံ၊ အချို့ကို ဆင်ခြင်၍ ရှောင်ကြဉ်နိုင်ပုံ၊ အချို့ကို ဆင်ခြင်၍ ပယ်ဖျောက်နိုင်ပုံ၊

-လူအများအံ့ဩစေရန်, ချီးမွမ်းစေရန်, လာဘ်ပူဇာသက္ကာရဖြစ်စေရန် ထင်ရှားကျော်ကြားစေရန်အတွက် ကွယ်လွန်ပြီးသော သာဝကတို့ အကြောင်းကို မဟောကြားပုံ၊

-ဤသာသနာတော်၌ ကွယ်လွန်ပြီးသော အရိယာသာဝက, သူတော်စဉ်တို့၏ တမလွန်ဘဝအကြောင်းကို ငါဘုရားဟောတော်မူအပ်သော စကားတော် ကြားသိရသော ပုဂ္ဂိုလ်သည် ထိုပုဂ္ဂိုလ်တို့၏ သဒ္ဓါ သီလ သုတ စာဂ ပညာ အရိယဂုဏ် ရည်တို့ကို အောက်မေ့ပြီး ထိုပုဂ္ဂိုလ်တို့ကဲ့သို့ဖြစ်စေရန် မိမိ၏စိတ်ကို ညွတ်စေ ခြင်းသည် ထိုရဟန်း, ရဟန်းမ, ဥပါသိကာ, ဥပါသိကာမတို့ ရှည်မြင့်စွာသော ကာလပတ်လုံး ချမ်းသာစွာနေရခြင်းသည်ဖြစ်၏ဟု အသီးအသီး အကျယ်အားဖြင့် အရှင်အနုရုဒ္ဓါ အစရှိသော သာဝကတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ နဠကပါနရွာ၏အကြောင်းနှင့်တကွ သိသင့်သော အချက်အလက်တို့ကို ဖွင့်ဆိုထားပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံအတွင်း ဒေသစာရီကြွတော်မူနေသောအခါ နဠကပါနနိဂုံး ပေါက်တော်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်၏ တာဝန်ပေးချက်အရ ကုသိုလ်တရားတို့၌ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာမရှိသူသည် လဆုတ်ပက္ခ လကဲ့သို့ နေ့တိုင်း နေ့တိုင်း ကုသိုလ်တရားတို့မှ ဆုတ်ယုတ်နေပုံ၊ အသဒ္ဓ, အဟိရိက, အနောတ္တပ္ပီ, ကုသီတ, ဒုပ္ပည, ကောဓန, ဥပနာဟီ, ပါပိစ္ဆ, ပါပမိတ္တ, မိစ္ဆာဒိဋ္ဌိ ပုရိသပုဂ္ဂလတို့သည် ဆုတ်ယုတ်နေသောပုဂ္ဂိုလ်တို့ဖြစ်ပုံနှင့် ယင်းဒေသနာတော်၏ သုက္ကပက္ခဒေသနာတော်ကို အရှင်သာရိပုတ္တရာက ရဟန်းတို့အား ဟောတော်မူပုံ၊ ယင်းဒေသနာတော်ကို ဘုရားရှင် အတည်ပြုတော်မူပုံကို ပြဆိုသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံတော်အတွင်း ဒေသစာရီ လှည့်လည်တော်မူသောအခါ နဠကပါနနိဂုံး ပေါက်တော်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်၏ တာဝန်ပေး ချက်အရ ကုသိုလ်တရားတို့၌ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာ, သောတာဝဓာန, ဓမ္မဓာရဏာ, အတ္ထူပပရိက္ခာ, ဓမ္မာနုဓမ္မပဋိပတ္တိ, အပ္ပမာဒ-မရှိသောပုဂ္ဂိုလ်သည် လဆုတ်ပက္ခလဗိမာန်ကဲ့သို့ ကုသိုလ်တရားတို့၌ ဆုတ်ယုတ်ပုံ၊ ကြီးပွားမှုမရှိပုံနှင့် သုက္ကပက္ခအားဖြင့် ကုသိုလ်တရားတို့၌ ကြီးပွားတိုးတက်ပုံ၊ ဆုတ်ယုတ်မှုမရှိပုံတို့ကို အရှင်သာရိပုတ္တရာက ရဟန်းတော်တို့အား ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာထေရ်၏ ဟောကြားချက်ကို ဘုရားရှင်က ထပ်ဆင့် ဟောကြား၍ အတည်ပြုပုံကို ပြဆိုသည့်သုတ်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၁၂၅-၁၃၂။ မ၊မြန်၊၂၊၁၃၅-၁၄၂။ မ၊၃၊၁၂၄-၇။ မ၊ဋီ၊၃၊၈၁-၂။ မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၂-ဘိက္ခုဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -အံ၊၃၊၃၅၃-၆။ အံ၊မြန်၊၃၊၃၅၁-၃။ အံ၊ဋ္ဌ၊၃၊၃၁၈။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက။ (၇) ၂-ယမကဝဂ္ဂ၊ သတ္တမသုတ်။
  3. -အံ၊၃၊၃၅၆-၈။ အံ၊မြန်၊၃၊၃၅၃-၅။ -အင်္ဂုတ္တရနိကာယ၊ ... အဋ္ဌမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ