နက္ခတ္တဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၅။ အတ္ထကာမဝဂ် -၄၉- နက္ခတ္တဇာတ်။ ။ မြို့နေသတို့သား၏ မင်္ဂလာကို နက္ခတ်မကောင်းဟု ပြောဆို၍ ဖျက်ဆီးသော အာဇိဝက အကြောင်း

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဆရာ့အမျက် မင်္ဂလာပျက်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်နေသတို့သမီး မိဘများထံ ဇနပုဒ် သတို့သား မိဘများ လာရောက်၍ မိမိတို့သားနှင့်ထိမ်းမြားလက်ထပ်ရန် နေ့၊ ရက်ကို ချိန်းဆိုသတ်မှတ်ပြီးလျှင် ပြန်လာကြကုန်၏။

ချိန်ဆိုသတ်မှတ်သည့်နေ့၊ ရက်သို့ ရောက်လတ်သော် သတို့သား မိဘတို့သည် မိမိတို့ဆရာ အာဇိဝကအား “အရှင် ...ယနေ့ သတို့သားအတွက် ထိမ်းမြားမင်္ဂလာ ပြုလိုပါသည်၊ နက္ခတ်ကောင်းပါ၏လော” ဟုမေးမြန်းကြကုန်၏။ ဆရာ အာဇိဝကလည်း “ရှေးဦးစွာ ငါ့ကို မပြောကြားဘဲ နေ့၊ ရက်ချိန်းဆို သတ်မှတ်ပြီးမှ ပြောကြားကြကုန်သည်” ဟု အမျက်ထွက်၍ မင်္ဂလာပွဲကို ဖျက်ဆီးမည်ကြံစည်လျက် “ယနေ့ နက္ခတ်မကောင်းပါ၊ ဘယ်မင်္ဂလာမှ မပြုလုပ်ကြနှင့်၊ ပြုလုပ်ပါလျှင် အကြီးအကျယ်ပျက်စီးမည်” ဟု ဟောလေ၏။ သတို့သား မိဘတို့လည်း ဆရာအာဇိဝက စကားကို ယုံကြည်လျက်မသွားဘဲ နက်ဖြန်မှ သွားမည်ဟု ဆိုင်းငံ့ကာ နေကြကုန်၏။

သမီးမရပြန်ခဲ့ရ[ပြင်ဆင်ရန်]

မြို့နေ သတို့သမီးမိဘတို့လည်း မင်္ဂလာပွဲ ပြုလုပ်ရန် အခမ်းအနားကို အသင့်စီမံ၍ စောင့်ဆိုင်းနေကြရာဇနပုဒ်နေ သတို့သားမိဘတို့ မလာရောက်ကြသဖြင့် တခြား သတို့သား တစ်ယောက်နှင့်ထိမ်းမြား လက်ထပ်ကြကုန်၏။

နက်ဖြန်ဇနပုဒ်သားတို့ လာလတ်သော် သာဝတ္ထိပြည်သားတို့သည် ဇနပုဒ်သား တို့အား “သင်တို့ကားကိုယ်တိုင် နေ့၊ ရက် ချိန်းဆို သတ်မှတ်ပြီးမှ မလာကြကုန်၊ ငါတို့ကို မထီမဲ့မြင်ပြုကြသည်၊ သူယုတ်မာများ ဖြစ်သည်၊ သင်တို့ မလာသည့်အတွက် ငါတို့သမီးကို တခြား သတို့သား တစ်ယောက်နှင့်ထိမ်းမြားလက်ထက်ပြီးပြီ၊ သင်တို့ ပြန်ကြကုန်” ဟု ပြောဆို၍ လွတ်ကြ၏။ဇနပုဒ်သားတို့လည်း သတို့သမီးကို မရသဖြင့် မကျေမနပ်ဖြစ်၍ ပြန်ကြကုန်၏။

အာဇီဝကသည် လူတို့မင်္ဂလာကို ဖျက်ဆီးသော အကြောင်းမှာ ရဟန်းတို့ဘောင်တွင် ထင်ရှားလျက် ရဟန်းတို့သည်တရားသဘင်ဝယ် စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူပြီးလျှင်“ရဟန်းတို့ ...ဤ အာဇိဝကကား ယခုအခါမှသာ အမျက်ထွက်၍ လူတို့မင်္ဂလာကို ဖျက်ဆီးသည် မဟုတ်၊ရှေးအခါကလည်း ဖျက်ဆီးဖူးပြီ” ဟု မိန့်တော်မူကာ အေက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မင်္ဂလာဖျက်ရန်သူ့အကြံ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဗာရာဏသီပြည်မြို့နေသတို့သားမိဘတို့သည် ဇနပုဒ်နေ သတို့သမီး မိဘများထံသွားကာ မိဘတို့ ဝတ္တရားရှိသည့်အတိုင်း ထိမ်းမြား လက်ထပ်ရန် ပြောဆိုကြောင်းလမ်းကာ မင်္ဂလာ အခမ်းအနားကိုပြုလုပ်ဧည့်ခံမည့် နေ့၊ ရက် အသေအချာ ချိန်းဆိုသတ်မှတ်ပြီး ပြန်လာကြကုန်၏။

မင်္ဂလာဆောင်ရန်နေ့၊ ရက် ရောက်လတ်သော် မြို့နေ သတို့သားမိဘတို့သည် မိမ်ိတို့ဆရာ အာဇီဝကအား “အရှင်ဘုရား ... သတို့သားအတွက် ယနေ့ပင် ထိမ်းမြားမင်္ဂလာ ပြုလိုပါသည်၊ နက္ခတ်ကောင်းပါ၏လော“ ဟုမေးမြန်းကြကုန်၏။ ဆရာအာဇိဝကသည် “ဤသူတို့ကား ငါ့ကို ရှေးဦးစွာ မပြောကြားဘဲမိမိတို့ အလိုအတိုင်း နေ့၊ ရက် သတ်မှတ်ပြီးမှ ပြောကြားလာကြသည်” ဟု အမျက်ဒေါသထွက်ကာ“သင်တို့မင်္ဂလာကို ငါ ဖျက်ဆီးမည်” ဟု အောက်မေ့ ကြံစည်လျက် “ဒါယကာတို့ ... ယနေ့အဖို့နက္ခတ်မကောင်းပါ၊ဘယ်မင်္ဂလာမှ မပြုလုပ်ကြပါနှင့်၊ အကယ်၍ မင်္ဂလာပြုလုပ်ပါလျှင်ပြုလုပ်သူတို့မှာ အကြီးအကျယ် ပျက်စီးမည်” ဟု ပြောလေ၏။

အလိမ်ဉာဏ်သုံးမယားဆုံး[ပြင်ဆင်ရန်]

မြို့နေသတို့သားမိဘတို့လည်း ဆရာအာဇီဝကစကားကို ယုံကြည်သဖြင့် “ ယနေ့အဖို့ မင်္ဂလာဆောင်မသွားလို၊ နက်ဖြန်မှ သွားကြမည်” ဟု ဆိုင်းငံ့ကာ နေကြလေ၏။

ဇနပုဒ်နေသတို့သမီး မိဘများလည်း လက်ထပ်မင်္ဂလာ ပြုလုပ်ရန် ချိန်းဆိုထားသော နေ့၊ ရက်သို့ရောက်သဖြင့် မင်္ဂလာ အခမ်းအနားကို ပြင်ဆင်ကာ ရောက်လာသမျှ ပရိသတ်တို့အားကျွေးမွေးဧည့်ခံရန် အသင့်ပြင်ဆင်ထားကြကုန်၏။ အာဇီဝက စကားကို ယုံစားကြသော မြို့နေသတို့သား မိဘတို့ကား ချိန်းဆိုထားသော နေ့၊ ရက်သို့ ရောက်သော်လည်း မလာကြကုန်။

ထိုအခါ သတို့သမီးမိဘတို့သည် “ဤမြို့သားတို့ကား ယခုတိုင် မလာရောက်ကြပေ၊ သူတို့ပင် နေ့၊ ရက်ကိုချိန်းဆိုသွားကြသည်၊ သူတို့ပင် မလာဘဲ ပျက်ကွက်ကြသည်၊ သင်းတို့ လာသော်လည်းအာအကျိုးရှိမည်နည်း၊ မလာသော်လည်း ဘာအရေးကြီးမည်နည်း” ဟု စိတ်ဆိုးကာစီရင်ထားမြဲတိုင်း မင်္ဂလာပွဲ အခမ်းအနားဖြင့်ပင် တခြား သတို့သား တစ်ယောက်နှင့်လက်ထပ်ထိမ်းမြား ပေးစားလိုက်လေ၏။

လက်ထက်ရန်လာလွဲပြန်ရှာ[ပြင်ဆင်ရန်]

နက်ဖြန် ရောက်လတ်သော်မြို့နေ သတို့သား မိဘတို့သည် သတို့သမီး မိဘတို့ထံသို့ လက်ထပ်မင်္ဂလာ ပြုလုပ်ရန်လာကြကုန်၏။ ထိုအခါ ဇနပုဒ်သားတို့သည် မြို့သားတို့အား “ မြို့သားတို့ ... သင်တို့ကားအရှက်မရှိကြကုန်၊ စကားမတည်ကြကုန်၊ ငါတို့ကို မလေးမခန့် ပြုကြသည်၊ အလွန်ယုတ်မာကြသည်၊ ကိုင်တိုင် နေ့၊ ရက်လာ၍ချိန်းဆိုပြီးဖြစ်လျက် မလာကြကုန်၊ သင်တို့ မလာကြသည့်အတွက် ငါတို့မှာမင်္ဂလာပွဲပျက်ကာ အရှက်ကွဲမခံနိုင်၊ သို့အတွက် ပြုလုပ်စီမံပြီး ပွဲအခမ်းအနားဖြင့်ပင်တခြား သတို့သား တစ်ယောက်နှင့် ထိမ်းမြားလက်ထပ် ပေးစားလိုက်ပြီ၊ သင်တို့လာလမ်းအတိုင်း ပြန်ကြပေတော့” ဟု ပြောလေ၏။

ဆရာလိမ်အားကိုးပျက်စီးရိုး[ပြင်ဆင်ရန်]

မြို့သားတို့လည်းဇနပုဒ်တို့အား “ဇနပုဒ်သားတို့ ... ငါတို့အား သမီးကို ပေးကြကုန်၊ ငါတို့ မလာသည်မှာကတိဖျက်လို၍ မဟုတ်ပါ၊ ဆရာအာဇီဝကက နက္ခတ် မကောင်းဆိုသဖြင့် မလာရပါ” ဟု ပြောလေ၏။ဤသို့ ဇနပုဒ်သားတို့နှင့် မြို့သားတို့ အချင်းချင်း ခိုက်ရန်ဖြစ်နေကြစဉ် မြို့မှတစ်စုံတစ်ရာ ကိစ္စဖြင့် ဇနပုဒ်သို့ ရောက်နေသော ပညာရှိတစ်ယောက်သည် “ဆရာအာဇီဝကကနက္ခတ်မကောင်းဆို၍ မလာရပါ” ဆိုသောမြို့သားတို့ စကားကို ကြားလျှင် -

“အမောင်တို့... ကောင်းကင်ရှိ နက္ခတ်တို့ကား ဘာအကျိုးရှိသနည်း၊ နက္ခတ်ကောင်းကို စောင့်ဆိုင်းနေသည့်လူမိုက်မှာ သတို့သမီးကို ရရှိရန် အကျိုးထူးမှ လွဲခဲ့ပြီ လွန်ခဲ့ပြီ မဟုတ်လော၊အကျိုးကို အလိုရှိသူမှာ လိုအပ်သော အကျိုးကို ရခြင်းသာ နက္ခတ်ကောင်းဖြစ်သည်”

ဟု ပြောဆိုလေ၏။မြို့သားတို့လည်း ခိုက်ရန်ပြုကာ သတို့သမီးကို မရတော့ဘဲ မရှုံးပေးပြီးပြန်ခဲ့ကြရကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အာဇီဝကသည် - ယခုအခါ အာဇီဝက။

သာဝတ္ထိပြည်နေ အမျိုးသားသည် - ဇနပုဒ်နေ အမျိုးသား။

ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

[ပစ္စုပ္ပန်နှင့် အတိတ် ဝတ္ထုသွား တူသည်။]

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကောင်းကင်၌သွား၊ နက္ခတ်များ၊ ကျိုးကားမပြီးနိုင်။

(၂) နက္ခတ်စောင့်ငြား၊ လူမိုက်ကား၊ မယားဆုံး၍မှိုင်။

နက္ခတ္တဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ