ဒွေဓာဝိတက္ကသုတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

၉- ဒွေဓာဝိတက္ကသုတ်[ပြင်ဆင်ရန်]

၂၀၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏၊ “အသျှင်ဘုရား” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊

ရဟန်းတို့ အရဟတ္တမဂ်ကို မရမီ (သစ္စာတရားကို) ထိုးထွင်း၍ မသိမြင်သေးသော ဘုရားလောင်းမျှသာ ဖြစ်နေသော ငါ့အား “ငါသည်ကြံစည်ခြင်း ‘ဝိတက်’တို့ကို နှစ်မျိုး နှစ်မျိုးပြု၍ နေရမူ ကောင်းပေမည်” ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ခဲ့၏၊ ရဟန်းတို့ ငါသည် ကာမဝိတက် ‘ကာမနှင့်စပ်သောကြံစည်ခြင်း’၊ ဗျာပါဒဝိတက် ‘သတ်ဖြတ်လိုမှုနှင့်စပ်သောကြံစည်ခြင်း’၊ ဝိဟိံသဝိတက် ‘ညှဉ်းဆဲမှုနှင့်စပ်သောကြံစည်ခြင်း’တို့ကို တစ်မျိုးပြုခဲ့၏၊ နေက္ခမ္မဝိတက် ‘ကာမမှထွက်မြောက်မှုနှင့်စပ်သောကြံစည်ခြင်း’၊ အဗျာပါဒဝိတက် ‘မသတ်ဖြတ်လိုမှုနှင့်စပ်သောကြံစည်ခြင်း’၊ အဝိဟိံသဝိတက် ‘မညှဉ်းဆဲ့မှုနှင့်စပ်သောကြံစည်ခြင်း’တို့ကို ဒုတိယတစ်မျိုး ပြုခဲ့၏၊

၂၀၇။ ရဟန်းတို့ ဤသို့ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍ နေဆဲဖြစ်သော ငါ့အား ကာမနှင့်စပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာ၏၊ “ငါ့အားဤကာမနှင့် စပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာခဲ့ပြီ၊ ထိုကာမနှင့် စပ်သောကြံစည်ခြင်းသည်ကားမိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှါ ဖြစ်၏၊ ပညာကို တားမြစ်တတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့လည်း ရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင်” ဟု ငါသည် ခွဲခြား၍ သိ၏၊

ရဟန်းတို့ ‘မိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှါ ဖြစ်၏’ ဟူ၍ ဆင်ခြင်သောအခါ၌လည်း ငါ့အား (ကာမဝိတက်သည်) ချုပ်ခြင်းသို့ ရောက်၏၊ ‘ရဟန်းတို့ ပညာကို တားမြစ်တတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့လည်း ရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင်” ဟူ၍ဆင်ခြင်သော အခါ၌လည်း ငါ့အား (ကာမဝိတက်သည်) ချုပ်ခြင်းသို့ ရောက်၏၊ ရဟန်းတို့ ငါသည်ဖြစ်တိုင်း ဖြစ်တိုင်းသော ကာမနှင့်စပ်သောကြံစည်ခြင်းကို ပယ်စွန့်သည်သာတည်း၊ ပယ်နှုတ်သည်သာတည်း၊ ထို ကာမနှင့်စပ်သောကြံစည်ခြင်းကို ကုန်ဆုံးအောင် ပြုခဲ့သည်သာလျှင်တည်း။

၂၀၈။ ရဟန်းတို့ ဤသို့ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍ နေဆဲဖြစ်သော ငါ့အား သတ်ဖြတ်လိုမှုနှင့် စပ်သောကြံစည်ခြင်းသည်ဖြစ်ပေါ်လာ၏၊ပ။ ညှဉ်းဆဲမှုနှင့် စပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာ၏၊ “ငါ့အားဤညှဉ်းဆဲမှုနှင့်စပ်သောကြံစည်ခြင်း သည် ဖြစ်ပေါ်ခဲ့ပြီ။ ထိုညှဉ်းဆဲမှုနှင့်စပ်သောကြံစည်ခြင်းသည်ကားမိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှါ ဖြစ်၏၊ ပညာကို တားမြစ်တတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့လည်း ရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင်” ဟု ငါသည် ခွဲခြား၍ သိ၏၊

ရဟန်းတို့ ‘မိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှါ ဖြစ်၏’ ဟူ၍ ဆင်ခြင်သောအခါ၌လည်း ငါ့အား (ဝိဟိံသဝိတက်သည်) ချုပ်ခြင်းသို့ ရောက်၏၊ ရဟန်းတို့ ပညာကို တားမြစ်တတ်၏၊ ပင်ပန်း ဆင်းရဲခြင်းအဖို့လည်း ရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင်” ဟူ၍ ဆင်ခြင်သော အခါ၌လည်း ငါ့အား (ဝိဟိံသဝိတက်သည်) ချုပ်ခြင်းသို့ ရောက်၏၊ ရဟန်းတို့ ငါသည် ဖြစ်တိုင်းဖြစ်တိုင်းသော ညှဉ်းဆဲမှုနှင့် စပ်သောကြံစည်ခြင်းကို ပယ်စွန့်သည်သာတည်း၊ ပယ်နှုတ်သည်သာတည်း၊ ထိုညှဉ်းဆဲမှုနှင့်စပ်သောကြံစည်ခြင်းကို ကုန်ဆုံးအောင် ပြုခဲ့သည်သာလျှင်တည်း။

ရဟန်းတို့ ရဟန်းသည် အကြင်အကြင်ကြံစည်ခြင်းစဉ်းစားခြင်းကို ကြိမ်ဖန်များစွာပြု၏၊ ထိုထိုကြံစည်ခြင်း စဉ်းစားခြင်းအားဖြင့် စိတ်၏ ညွတ်ခြင်းသည် ဖြစ်၏၊ ရဟန်းတို့ ရဟန်းသည် အကယ်၍ကာမနှင့်စပ်သော အကြံကို အကြိမ်များစွာကြံစည်စဉ်းစားအံ့၊ (ကာမမှ) ထွက်မြောက်မှုနှင့် စပ်သောအကြံကို ပယ်စွန့်ပြီးဖြစ်၏၊ ကာမနှင့်စပ်သော အကြံကို အကြိမ်များစွာ ပြုပြီးဖြစ်၏၊ ထိုရဟန်း၏ စိတ်သည် ကာမနှင့် စပ်သောကြံစည်ခြင်းငှါသာ ညွတ်၏၊ ရဟန်းတို့ ရဟန်းသည် အကယ်၍ သတ်ဖြတ်လိုမှုနှင့် စပ်သော အကြံကို။ပ။ ရဟန်းတို့ ရဟန်းသည် အကယ်၍ ညှဉ်းဆဲမှုနှင့် စပ်သောကြံစည်ခြင်းကို အကြိမ်များစွာကြံစည်စဉ်းစားအံ့၊ ညှဉ်းဆဲမှုနှင့် မစပ်သော အကြံကို ပယ်စွန့်ပြီးဖြစ်၏၊ ညှဉ်းဆဲမှုနှင့်စပ်သော အကြံကို အကြိမ်များစွာ ပြုပြီးဖြစ်၏၊ ထိုရဟန်း၏ စိတ်သည် ညှဉ်းဆဲမှုနှင့် စပ်သောကြံစည်ခြင်းငှါ ညွတ်၏၊

ရဟန်းတို့ ဥပမာသော်ကား မိုးရာသီ၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလ၌ ကောက်ပင်တို့ဖြင့်ကျဉ်းမြောင်းရာအရပ်ဝယ် နွားတို့ကို စောင့်ထိန်းသော နွားကျောင်းသားသည် ထိုနွားတို့ကို ထိုထိုအရပ်မှ တုတ်ဖြင့် တည့်တည့် ရိုက်ရာ၏၊ ကန့်လန့် ရိုက်ရာ၏၊ ပိတ်ပင်တားမြစ်ရာ၏၊ ထိုသို့ပြုခြင်းသည်အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုနွားကျောင်းသားသည် ကောက်ပင်ကို စားခြင်းဟူသော အကြောင်းကြောင့် သတ်ခြင်းဘေးကိုသော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဘေးကိုသော်လည်းကောင်း၊့ဆုံးရှုံးခြင်းဘေးကို သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဘေးကိုသော်လည်းကောင်း၊ မြင်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ငါသည် အကုသိုလ်တရားတို့၏ အပြစ်ယုတ်ညံ့ခြင်း ညစ်ညူးခြင်းကိုလည်းကောင်းကုသိုလ်တရားတို့၏ (ကာမမှ) ထွက်မြောက်ခြင်း၌ ဖြူစင်ခြင်းအဖို့ရှိသည့် အကျိုးဆက်ကိုလည်းကောင်းမြင်ခဲ့၏၊

၂၀၉။ ရဟန်းတို့ ဤသို့ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သောစိတ်ရှိသည် ဖြစ်၍ နေဆဲဖြစ်သော ငါ့အား ကာမမှ ထွက်မြောက်မှုနှင့် စပ်သောကြံစည်ခြင်းသည်ဖြစ်ပေါ် လာ၏၊ “ငါ့အား ဤကာမမှ ထွက်မြောက်မှုနှင့်စပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာခဲ့ပြီ၊ ထိုကာမမှ ထွက်မြောက်မှုနှင့် စပ်သောကြံစည်ခြင်းသည်ကား မိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်းနှစ်ဦးလုံးဆင်းရဲ ဲခြင်းငှါမဖြစ်၊ ပညာကို ဖြစ်ပွားစေ တတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိ၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် ဖြစ်စေနိုင်၏” ဟု ငါသည် ခွဲခြား၍ သိ၏၊

ရဟန်းတို့ တညဉ့်ပတ်လုံးလည်း အကယ်၍ ထို (ကာမမှ) ထွက်မြောက်မှုနှင့်စပ်သော အကြံကိုကြံစည်စဉ်း စားငြားအံ့၊ ထိုအကြောင်းကြောင့် ဘေးကို မမြင်။ ရဟန်းတို့ တနေ့ပတ်လုံးလည်း အကယ်၍ ထို (ကာမမှ) ထွက်မြောက်မှုနှင့် စပ်သော အကြံကိုကြံစည်စဉ်းစားငြားအံ့၊ ထိုအကြောင်းကြောင့်ဘေးကို မမြင်။ ရဟန်းတို့ နေ့ညဉ့်ပတ်လုံးလည်း အကယ်၍ ထို (ကာမမှ) ထွက်မြောက်မှုနှင့်စပ်သောအကြံကိုကြံစည်စဉ်းစားငြားအံ့၊ ထိုအကြောင်းကြောင့် ဘေးကို မမြင်။ သို့သော်လည်းအလွန်ကြာမြင့်စွာကြံစည်စဉ်းစားသည်ရှိသော် ငါ၏ ကိုယ်သည် ပင်ပန်းရာ၏၊ ကိုယ်ပင်ပန်းသည်ရှိသော်စိတ်ပျံ့လွင့်ရာ၏၊ စိတ်ပျံ့လွင့်သည်ရှိသော် စိတ်တည်ကြည်ခြင်းမှ ကင်းဝေးရာ၏ဟု (ငါသည် ခွဲခြား၍သိ၏)။ ရဟန်းတို့ ငါသည် မိမိသန္တာန်၌သာလျှင် စိတ်ကို ကောင်းစွာ ထား၏၊ ကောင်းစွာငြိမ်ဝပ်နေစေ၏၊ တစ်ခုတည်းသော အာရုံရှိသည်ကို ပြု၏၊ ကောင်းစွာတည်ထား၏၊ ထိုသို့ပြုခြင်းသည်အဘယ်အကြောင်းကြောင့်နည်း၊ ငါ၏ စိတ်သည် မပျံ့လွင့်ပါစေလင့်ဟု နှလုံးသွင်းခြင်းကြောင့်တည်း။

၂၁၀။ ရဟန်းတို့ ဤသို့ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သောစိတ်ရှိသည် ဖြစ်၍ နေဆဲဖြစ်သော ငါ့အား သတ်ဖြတ်လိုမှုနှင့် မစပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာ၏၊ပ။ ညှဉ်းဆဲမှုနှင့် မစပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်လာ၏၊ “ငါ့အား ညှဉ်းဆဲမှုနှင့် မစပ်သောကြံစည်ခြင်းသည် ဖြစ်ပေါ်ခဲ့၏၊ ထိုညှဉ်းဆဲမှုနှင့် မစပ်သောကြံစည်ခြင်းသည်ကား မိမိဆင်းရဲခြင်းသူတစ်ပါးဆင်းရဲခြင်း နှစ်ဦးလုံးဆင်းရဲခြင်းငှါ မဖြစ်၊ ပညာကို ဖြစ်ပွားစေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့မရှိ၊ နိဗ္ဗာန်ကို (မျက်မှောက်ပြုရန်) ဖြစ်စေနိုင်၏” ဟု ငါသည် ခွဲခြား၍ သိ၏၊

ရဟန်းတို့ တညဉ့်ပတ်လုံးလည်း အကယ်၍ ထိုညှဉ်းဆဲမှုနှင့် မစပ်သော အကြံကိုကြံစည်စဉ်းစားငြားအံ့၊ ထိုအကြောင်းကြောင့် ဘေးကို မမြင်။ ရဟန်းတို့ တနေ့ပတ်လုံးလည်း အကယ်၍ ထိုညှဉ်းဆဲမှုနှင့် မစပ်သော အကြံကိုကြံစည်စဉ်းစားငြားအံ့၊ ထိုအကြောင်းကြောင့် ဘေးကို မမြင်။ ရဟန်းတို့နေ့ညဉ့်ပတ်လုံးလည်း အကယ်၍ ထိုညှဉ်းဆဲမှုနှင့် မစပ်သော အကြံကိုကြံစည်စဉ်းစား အားထုတ်ငြားအံ့၊ ထိုအကြောင်းကြောင့် ဘေးကို မမြင်။ သို့သော်လည်း အလွန်ကြာမြင့်စွာကြံစည်စဉ်းစားသည်ရှိသော်ငါ၏ ကိုယ်သည် ပင်ပန်းရာ၏၊ ကိုယ်ပင်ပန်းသည်ရှိသော် စိတ်ပျံ့လွင့်ရာ၏၊ စိတ်ပျံ့လွင့်သည်ရှိသော်စိတ်တည် ကြည်ခြင်းမှ ကင်းဝေးရာ၏ဟု (ငါသည် ခွဲခြာ်၍ သိ၏)။ ရဟန်းတို့ ငါသည်မိမိသန္တာန်၌သာလျှင် စိတ် ကို ကောင်းစွာ ထား၏၊ ကောင်းစွာငြိမ်ဝပ်နေစေ၏၊ တစ်ခုတည်းသောအာရုံရှိသည်ကို ပြု၏၊ ကောင်း စွာ တည်ထား၏၊ ထိုသို့ပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ငါ၏ စိတ်သည် မပျံ့လွင့်ပါစေ လင့်ဟု နှလုံးသွင်းခြင်းကြောင့်တည်း။

ရဟန်းတို့ ရဟန်းသည် အကြင် အကြင်ကြံစည်ခြင်း စဉ်းစားခြင်းကို ကြိမ်ဖန်များစွာပြု၏၊ ထိုထိုကြံစည်ခြင်း စဉ်းစားခြင်းအားဖြင့် စိတ်၏ ညွတ်ခြင်းသည် ဖြစ်၏၊ ရဟန်းတို့ ရဟန်းသည် အကယ်၍့ (ကာမမှ) ထွက်မြောက်မှုနှင့် စပ်သော အကြံကို အကြိမ်များစွာကြံစည်စဉ်းစားအံ့၊ ကာမနှင့် စပ်သောကြံစည်ခြင်းကို ပယ်စွန့်ပြီးဖြစ်၏၊ (ကာမမှ) ထွက်မြောက်မှုနှင့် စပ်သော အကြံကို အကြိမ်များစွာ ပြုပြီးဖြစ်၏၊ ထိုရဟန်း၏ စိတ်သည် (ကာမမှ) ထွက်မြောက်မှုနှင့် စပ်သောကြံစည်ခြင်းငှါသာ ညွတ်၏၊ ရဟန်းတို့ ရဟန်းသည် အကယ်၍ သတ်ဖြတ်လိုမှုနှင့်မစပ်သော အကြံကို။ပ။ ရဟန်းတို့ ရဟန်းသည်အကယ်၍ ညှဉ်းဆဲလိုမှုနှင့်မစပ်သော အကြံကို အကြိမ်များစွာကြံစည်စဉ်းစားအံ့၊ ညှဉ်းဆဲမှုနှင့် စပ်သောအကြံကို ပယ်စွန့်ပြီးဖြစ်၏၊ ညှဉ်းဆဲလိုမှုနှင့် မစပ်သော အကြံကို အကြိမ်များစွာ ပြုပြီးဖြစ်၏၊ ထိုရဟန်း၏ စိတ်သည် ညှဉ်းဆဲမှုနှင့် မစပ်သောကြံစည်ခြင်းငှါသာ ညွတ်၏၊

ရဟန်းတို့ ဥပမာသော်ကား နွေရာသီ၏ နောက်ဆုံးလ၌ ကောက်စပါး အားလုံးတို့ကို ရွာအနီးသို့ဆောင်ယူလတ်သော် နွားတို့ကို စောင့်ထိန်းသော နွားကျောင်းသားသည် သစ်ပင်ရင်း၌ တည်သည်ဖြစ်စေ၊ လွင်တီးခေါင်၌ တည်သည်ဖြစ်စေ ဤသည်တို့ကား နွားတို့တည်းဟု သတိပြုရုံသာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ဤသည်တို့ကား တရားတို့တည်းဟု သတိပြုရုံသာ ဖြစ်၏၊

၂၁၁။ ရဟန်းတို့ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါအား) မေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပြီ။ ရဟန်းတို့ ထိုငါသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွ ဖြစ်သော၊ ပိတ်ပင်ခြင်း ‘နီဝရဏ’ကင်းခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမစျာန်သို့ ရောက်၍ နေခဲ့ပြီ။

ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယစျာန်သို့ ရောက်၍နေခဲ့ပြီ။

နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’နှင့်ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာ ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစားခဲ့ပြီ၊ အကြင် (တတိယစျာန်) ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ ထိုငါသည် ထိုတတိယစျာန်သို့ ရောက်၍နေခဲ့ပြီ။

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်သို့ ရောက်၍နေခဲ့ပြီ။

၂၁၂။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေ နိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း။ပ။ ဤသို့ အခြင်း အရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့ ခဲ့ပြီ။

ရဟန်းတို့ ငါသည် ညဉ့်ဦး ‘ပဌမ’ ယာမ်၌ ဤပဌမဖြစ်သော အသိ ဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော သူအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိ ဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍့အသိ ဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ။

၂၁၃။ ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ။ပ။ အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’နှင့်ပြည့်စုံကုန်၏၊ပ။ ဤသို့ အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ အဆင်းလှ သောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါမကောင်းသော လားရာ ရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအား လျော်စွာ ဖြစ်ပေါ်သောသတ္တဝါတို့ကို သိ၏၊

ရဟန်းတို့ ငါသည် သန်းခေါင် ‘မဇ္ဈိမ’ယာမ် ၌ ဤဒုတိယဖြစ်သော အသိ ဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော သူအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိ ဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍အသိ ဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

၂၁၄။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါစိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် “ဤကား ဆင်းရဲဒုက္ခ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း ဒုက္ခသမုဒယ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကားဆင်းရဲချုပ် ရာ (နိဗ္ဗာန်) ဒုက္ခနိရောဓ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ” ဟုဟုတ်မှန်သောအတိုင်းသိခဲ့ပြီ။ “ဤကား ယိုစီးခြင်း အာသဝတို့” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကားယိုစီးခြင်းအာသဝတို့ ဖြစ်ပေါ်ခြင်း၏အကြောင်း အာသဝသမုဒယ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ယိုစီးခြင်းအာသဝတို့ ချုပ်ရာ (နိဗ္ဗာန်) အာသဝနိရောဓ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်းအာသဝတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့် အာသဝနိရောဓဂါမိနီပဋိပဒါ” ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ။ ဤသို့သိသော ဤသို့မြင်သော ထိုငါဘုရား၏ စိတ်သည်ကာမာသဝမှလည်း လွတ်မြောက်ပြီ၊ ဘဝါသဝမှလည်း လွတ် မြောက်ပြီ၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ” ဟု အသိ ဉာဏ် ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ” ဟု သိခဲ့ပြီ။

ရဟန်းတို့ ငါသည် မိုးသောက် ‘ပစ္ဆိမ’ယာမ် ၌ ဤတတိယဖြစ်သော အသိ ဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအားမသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိ ဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိ ဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

၂၁၅။ ရဟန်းတို့ ဥပမာသော်ကား တောအုပ်ကြီး၌ နိမ့်ရှိုင်းသော ညွန်အိုင်ကြီးကို များစွာသောသားသမင်အပေါင်းသည် မှီ၍ နေရာ၏၊ ထိုသားသမင် အပေါင်း၏ အကျိုးမဲ့ကိုလည်းကောင်း၊ အစီးအပွားမဲ့ကိုလည်းကောင်း၊ ဘေးမကင်းခြင်းကိုလည်းကောင်း အလိုရှိသော တစ်စုံတစ်ယောက်သောယောကျ်ား သည်ရှိသည် ဖြစ်ရာ၏၊ ထိုယောကျ်ားသည် ကောင်းကျိုးချမ်းသာကိုလည်းကောင်း၊ နှစ်သက်ခြင်းကိုလည်း ကောင်း ဖြစ်စေတတ်သည့် ဘေးရန်ကင်းသော လမ်းကို ပိတ်လျက်မကောင်းသော လမ်းကို ဖွင့်ထားပြီးလျှင် တည်သမင်ဖို တည်သမင်မကို ထားရာ၏၊ ရဟန်းတို့ဤသို့လျှင် ထိုများစွာသော သားသမင် အပေါင်းသည် နောက်အခါ၌ အကျိုးမဲ့ ပျက်စီးခြင်းသို့ရောက်ရာ၏၊ ရဟန်းတို့ ထိုသားသမင်အပေါင်း၏သာလျှင် အကျိုးကိုလည်းကောင်း၊ အစီးအပွားကိုလည်းကောင်း၊ ဘေးကင်းခြင်းကိုလည်းကောင်း အလိုရှိ သည့် တစ်စုံတစ်ယောက်သောယောကျ်ားသည် ရှိသည်ဖြစ်ရာ၏၊ ထိုယောကျ်ားသည် ကောင်းကျိုးချမ်း သာကိုလည်းကောင်း၊ နှစ်သက်ခြင်းကိုလည်းကောင်း ဖြစ်စေတတ်သည့် ဘေးရန်ကင်းသော လမ်းကို ဖွင့်လျက် မကောင်းသောလမ်းကို ပိတ်ထားပြီးလျှင် တည်သမင်ဖိုကို ဖယ်ရှား၍ တည်သမင်မကို ဖျောက်ဖျက်ရာ၏၊ ရဟန်းတို့ဤသို့လျှင် ထိုများစွာသော သားသမင်အပေါင်းသည် နောက်အခါ၌ ကြီးပွားခြင်း စည်ပင်ခြင်းပြန့်ပြောခြင်းသို့ ရောက်ရာ၏၊ ရဟန်းတို့ ငါသည် အနက်သဘောကို ထင်ရှား စေခြင်းငှါ ဤဥပမာကိုပြု၏၊ ဤဆိုလတ္တံ့သည်ကား ဤဥပမာ၌ (မှတ်သားဖွယ်ရာ) အနက်သဘော ပေတည်း။

ရဟန်းတို့ နိမ့်ရှိုင်းသော ညွန်အိုုင်ကြီးဟူသော ဤအမည်သည် ကာမတို့၏ အမည်တည်း။ များစွာသော သားသမင်အပေါင်းဟူသော ဤအမည်သည် သတ္တဝါတို့၏ အမည်တည်း။ ရဟန်းတို့ အကျိုးမဲ့ကိုလည်းကောင်း၊ အစီးအပွားမဲ့ကိုလည်းကောင်း၊ ဘေးမကင်းခြင်းကိုလည်းကောင်း အလိုရှိသည့်ယောကျ်ားဟူသော ဤအမည်သည် ယုတ်မာသော မာရ်နတ်၏ အမည်တည်း။ ရဟန်းတို့ မကောင်းသော လမ်းဟူသော ဤအမည်သည် အင်္ဂါရှစ်ပါးရှိသော မှားသောမဂ်၏ အမည်တည်း။ ဤအင်္ဂါရှစ်ပါးရှိသော မှားသောမဂ်တို့ဟူသည် အဘယ်နည်း။ မှားသော အမြင်၊ မှားသောအကြံအစည်၊ မှားသောစကား၊ မှားသောပြုမှု၊ မှားသောအသက်မွေးမှု၊ မှားသောအားထုတ်ခြင်း လုံ့လ၊ မှားသောအောက်မေ့ခြင်း၊ မှားသောတည်ကြည်ခြင်းတို့တည်း။ ရဟန်းတို့ တည်သမင်ဖို ဟူသော ဤအမည်သည် နှစ်သက်တပ်စွန်းခြင်း ‘နန္ဒီရာဂ’၏အမည်တည်း။ ရဟန်းတို့ တည်သမင်မဟူသော ဤအမည်သည် အဝိဇ္ဇာ၏ အမည်တည်း။ ရဟန်းတို့အကျိုးကိုလည်းကောင်း၊ အစီးအပွားကိုလည်းကောင်း၊ ဘေးကင်းခြင်းကိုလည်းကောင်း အလိုရှိသည့်ယောကျ်ားဟူသော ဤအမည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်တည်း။ ရဟန်းတို့ ကောင်းကျိုး ချမ်းသာကိုလည်းကောင်း၊ နှစ်သက်ခြင်းကိုလည်းကောင်း ဖြစ်စေတတ်သည့် ဘေးရန်ကင်းသော လမ်းဟူသောအမည် သည် အင်္ဂါရှစ်ပါးရှိသော မြတ်သောမဂ်၏ အမည်တည်း။ ဤအင်္ဂါရှစ်ပါးရှိသောမြတ်သောမဂ်တို့ဟူ သည်ကား အဘယ်နည်း။ မှန်ကန်သော ဉာဏ်အမြင်၊ မှန်ကန်သောအကြံအစည်၊ မှန်ကန်သောစကား၊ မှန်ကန်သောအမှု၊ မှန်ကန်သောအသက်မွေးမှု၊ မှန်ကန်သောအားထုတ်ခြင်းလုံ့လ၊ မှန်ကန်သော အောက် မေ့ခြင်း၊ မှန်ကန်သောတည်ကြည်ခြင်းတို့တည်း။ ရဟန်းတို့ ဤသို့လျှင် ငါသည်ကောင်းကျိုးချမ်းသာ ကိုလည်းကောင်း၊ နှစ်သက်ခြင်းကိုလည်းကောင်း ဖြစ်စေတတ်သည့်ဘေးရန်ကင်းသော လမ်း ‘အရိယမဂ်’ ကို ဖွင့်၍ မကောင်းသောလမ်း ‘မိစ္ဆာမဂ်’ ကို ပိတ်ထားပြီးလျှင်တည်သမင်ဖို ‘နန္ဒီရာဂ’ကို ဖယ်ရှားလျက် တည်သမင်မ ‘အဝိဇ္ဇာ’ကို ဖျောက်ဖျက်ထားခဲ့လေပြီ။

ရဟန်းတို့ တပည့်သာဝကတို့၏ အကျိုးစီးပွားကို ရှာမှီးလိုလားလျက် အစဉ်သနားစိတ်ရှိသောဆရာသည် အစဉ်သနားစိတ်ကို စွဲ၍ ပြုသင့်ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ငါဘုရား ပြုပြီးပြီ။ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာဌာနတို့တည်း။ ရဟန်း့တို့ ကပ်၍ ရှုကြကုန်လော့၊ သတိမမေ့လျော့ကြကုန်လင့်၊ နောက်အခါ၌ နှလုံးမသာမဖြစ်ကြကုန်လင့်။ ဤကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏၊

ကိုးခုမြောက် ဒွေဓာဝိတက္ကသုတ်ပြီး၏၊

ကိုးကား[ပြင်ဆင်ရန်]