ဒေသနာကျမ်း နိဒါန်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်


၁။ စံတော်မိဝိသေသလက္ခဏ

ကျမ်းစာသည် သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် အလွန်ထူးခြားသော ကျမ်းစာစောင်ဖြစ်သည်။ အကြောင်းအရာပါသမျှသည် လူတိုင်းနှင့်ရင်းနှီး တွေ့မြင်နေကြ ဖြစ်သောကြောင့် မေးခွန်းထုတ်စရာ ရှိမည်မဟုတ်။ ဥပမာအားဖြင့် ကျမ်းရေးသူ ရေးသည့်ကာလ ရည်ရွယ်ချက်၊ အယူအဆစသည်များ ငြင်းစရာရှိမည်မဟုတ်။

ဘုရားသခင်၏ နုတ်ကပတ်တော်နှင့်အညီ ရေးသားခြင်းဖြစ်သောကြောင့် လူသားအားလုံးနှင့် သက်ဆိုင်သည်။ “တစ်ခုတည်းသော နေမင်း​ကြီး၏အလင်းရောင်အောက်မှာ” ဟု သုံးနှုန်းထားသဖြင့် လူတိုင်းနှင့် အကျုံးဝင်သည်” နေရောင်ခြည်အောက်မှာ” ဟူသော စကားရပ်သည် ဤကျမ်းစာ၏ တစ်ခုတည်းသော သော့ချက် ဝေါဟာရဖြစ်သည်။ ထို့ကြောင့် (၂၉)ကြိမ် ထပ်ခါတလဲလဲ သုံးဆွဲထားသည်။ ဆိုလိုသည်မှာ ကမ္ဘာမြေ၊ ကမ္ဘာသူ၊ ကမ္ဘာသားများကို ရည်ညွှန်းသည်။ လောကသားများ လူ့ဘဝ ဇာတ်ခုံပေါ်တွင် ဂျွမ်းထိုးမျောက်ခုံ ပြောင်းပြန်လှန်ကြပုံကို အဖြေရှာသည်။ လူ့ဘဝမေးခွန်းများကို စာရေးသူ ရှောလမုန်မင်းက သူ့ပင်ကို အတွေးဖြင့် ဖြေထား သည်။ ဘုရားသခင်၏ အကူအညီမပါပါ။

”တစ်ခုတည်းသော နေရောင်ခြည်အောက်မှာ”သော့ချက်စကားကို အဓိပ္ပါယ် ကောက်လွဲစရာ မဟုတ်။ ထိုသို့ ကောက်ချက်မှားလျှင် အခက်အခဲ့ပြဿနာ တောင်ပုံယာပုံသွားမည်။ သမ္မာကျမ်းစာ၏ ဆိုလိုရင်းနှင့် ချော် တောငေါ့သွားမည်။အယူအဆလမ်းလွဲပြီးမေးခွန်းပြဿနာပေါင်းသောင်းခြောက်ထောင်ပေါ်သွားမည်။

သို့သော် ဒေသနာကျမ်းကို လူ့ဘဝ၏ အနှစ်ချုပ်ကို တိုရင်းလိုရှင်း ရေးသားခြင်းဖြစ်ကြောင်း သိရှိထား ရမည်။ ဘုရားသခင်၏ အသိဉာဏ် ပညာမပါ။ သို့ကြောင့် အချို့သည် တစ်ဝက်တပြတ်မှန်၍ အချို့သည် သမ္မာတရာနှင့် လုံးဝ ကိုက်ညီကြောင်း တွေ့ရမည်။

ဥပမာ ယူကြည့်ကြပါစို့။​ ဒေ၁၂:၁သည် မှန်ကန်သည်။ လူငယ်လူရွယ်များသို့ အကြုံပြုချက်ဖြစ်သည်။ သို့သော် အသက်အရွယ် အားလုံးနှင့်သက်ဆိုင်သည်။ ထိုသူများ၏ ငယ်ရွယ်နုပျိုစဉ် ကာလကိုလည်း ဘုရားသခင် ပေးသနားရာဖြစ်ကြောင်း သတိရကြမည်။  ၁:၄သည် တစ်ဝက်သာမှန်သည်။ ”မျိုးတဆက်ပြီးလျှင် အခြားမျိုးဆက်သစ် ရောက်လာသည်။ ”ထိုအထိမှန်သည်။ ” မြေကြီးမူကား တည်၏ ” ဟူသောစကားသည် မမှန်တော့ပါ။ (ဆာ ၁၀၂:၂၅-၂၆၊ ၂ပေ ၃:၇-၁၀ ကိုကြည့်ပါ။) အောက်တွင် ဆက်ကြည့်ပါ။ လုံးဝ မမှန်ကြောင်း တွေ့ရမည်။ “စားသောက်ခြင်းငှား၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံး ပျော်မွေ့ခြင်းငှာ၎င်း၊ လူ၌ ကောင်းသောအခွင့်မရှိ။  ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ထိုသို့သော အခွင့်အရေးရနိုင်သည်ဟု ငါမြင်၏ ”(၂:၂၄)။ (အင်္ဂလိပ်ကျမ်းစာတွင်” လူအတွက် စားခြင်း၊ သောက်ခြင်းထက် ကောင်းသောအရာမရှိ သူ၏ ကောင်းမှုကုသိုလ် ရေတွက်ခြင်းလည်း ဝိညာဉ်ချမ်းသာစရာမရှိ”ဟု ဆိုထားသည်။) “လူသား တွေ့ကြုံတတ်သော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏” (၃:၁၉)။ ထို့အပြင် “သေသောသူမူကား အဘယ်အရာမှ မသိ” (၉:၅) ဟူသော ကျမ်းပိုဒ်များဖြစ်သည်။

အကယ်၍ ဘုရားသခင်၏ ဖွင့်ပြချက်များ မပါရှိလျှင် စာရှုသူများလည်း ထိုအခြေအနေများ၌ နိဂုံးချုပ်မှာ သေချာသည်။

ဒေသနာကျမ်းနှင့်ဝိညာဉ်တော်မှုတ်သွင်းခြင်း

“တစ်ခုတည်းသော နေရောင်ခြည်အောက်မှာ “ဟူသော စကားလုံးကို ကိုင်ဆွဲ၍ ကျမ်းချက်ပါ အချို့ အကြောင်းအရာများသည် တချို့တစ်ဝက် မှန်ကန်၍ အချို့ကျမ်းချက်များသည် လုံးဝ မမှန်ကန်ဟုဆိုလျှင် ဤဒေသနာကျမ်းသည် ဝိညာဉ်တော်တန်ခိုး မှုတ်သွင်းသော ကျမ်းစကားအဖြစ် လက်ခံနိုင်ပါတော့မည်လား။ မေးခွန်းစကားက လေးနက်ခိုင်မာ သောကြောင့် လုံလောက်သော အားရကျေနပ်ဖွယ် အဖြေရရန် ခက်ခဲပါသည်။

ဤကျမ်းသည် တချို့ ဝိညာဉ်တော်တန်ခိုး သွင်းထားသော နှုတ်ကပတ်တော် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုး ပါရှိသောကြောင့် သမ္မာကျမ်းစာတွင် ပါဝင်သည်။ ဒေသနာကျမ်းသည် ဝိညဉ်တော်တန်ခိုး အပြည့်အစုံ မှုတ်ထားသဖြင့် သမ္မာကျမ်းစာဖြစ်သည်ဟု နှုတ်ဖြင့် ဆုတ်ကိုင်ထားသူများလည်း ရှိသည် (ဓမ္မဟောင်းကျမ်း မိတ်ဆက်ကို ကြည့်ပါ)။

သမ္မာကျမ်းစာကို ဝိညာဉ်တော် မှုတ်သွင်းထားသည် ဆိုသော်လည်း တခါတရံ စာတန် သို့မဟုတ် လူ့အတွေး၊ ဆွမ်း ဆန်ထဲက ကြွက်ချေးပါလာတတ်သည်။ က၃:၄တွင်စာတန်ကဧဝအားဥယျာဉ် အလယ်ရှိသစ်ပင်၏အသီးကိုစားလျှင် တကယ်မသေပါဟု လိမ်ညာခဲ့ကြောင်းတွေ့ရသည်။ ထိုစကားသည် မုသားစကား ဖြစ်သည်။ ထိုစကားက ကမ္ဘာဦးအစမှ စ၍သာ စကားရှိကြောင်း သင်ခန်းစာပေးပါသည်။ Dr.Chafer ကဤသို့မြင်သည်။

စာတန်၏ မုသားစကားကိုလည်း ဝိညာဉ်တော်က မှတ်တမ်းတင်ခိုင်းသည်။ သို့သော်လည်း ထိုမုသာ လိမ်ညာခြင်းကို အတုယူဖို့မဟုတ်။ အဆိုးနှင့် အကောင်း။ မုသာနှင့် သမ္မာစကား ခွဲခြား သိမြင်တတ်ဖို့ ဖြစ်သည်။၃

အကောက်မှားစရာဒေသနာစကား

       ဘာသာရေးသမားများက အယူလွဲ မိစ္ဆာ အယူဝါဒီများက ဒေသနာကျမ်း၏ သော့ချက်စကား “တစ်ခုတည်းသော နေမင်းကြီး၏ အလင်းရောင်အောက်မှာ” ဟူသောစကားရပ်ကို အကြောင်းအမျိုးမျိုးသို့ လိုရာဆွဲ တွေးကြသည်။ အထူးသဖြင့် ထိုသူများ၏ ဘုရားတရား ယုံကြည်မှုအတွက် သက်သေ အထောက်အထားအဖြစ် ကိုးကားကြသည်။ အယူလွဲခြင်း၊ သေခြင်းနှင့် သေခြင်း၏ နောက်ဘဝ အယူအဆ များတွင် ဆွဲယူကြသည်။ ဥပမာအားဖြင့် လူသေလွန်သောအခါ ဝိညာဉ်အိပ်ပျော်ခြင်းဟူသော ကျမ်းပိုဒ်များနှင့် မတရားသူ သေလွန်သောအခါ ပျက်စီးသွားသည့် အကြောင်းများကို ထောက်ပြကြသည်။ ဝိညာဉ်သေခြင်းမရှိ၊ ငရဲမီးတွင် ထာဝရ ဆင်းရဲဒုက္ခ ခံရမည့်အကြောင်းများကို မေးခွန်းထုတ်ကြသည်။

သို့သော် သော့ချက်ကို တံခါးဝတွင် မထားကြပါ။ မသိ နားမလည်သော တရားရှာပရိသတ်တို့အား ဒေသနာကျမ်းက လူ့တွေးဆချက် ဉာဏ်ပညာသက်သက်သာ ဖြစ်ကြောင်း၊ ခရစ်ယာန်ယုံကြည်ခြင်းသည် အခြေအမြစ်မရှိ၊ မမှန်ကြောင်း မပြောရဲကြ၊ တရားရှာပရိသတ်ကိုလည်း အခြားသော လမ်းမှန်သို့ မပို့ဆောင်ပေးနိုင်ကြ။

၂။ ကျမ်းရေးသူ

       အေဒီ ၁၇ ရာစုနှစ်တိုင်အောင် ယုဒလူမျိုးနှင့် ခရစ်ယာန်များက ဒေသနာကျမ်းကို ရှောလမုန် စီရင် ရေးသားသည်ဟု ခံယူသိမှတ်ကြသည်။ ထို့မတိုင်မီ ရာစုနှစ်တစ်ခုအလွန်က သာမန်ရှေးရိုးဝါဒီ ဆိုရမည့် မာတင်လူသာက ရှောလမုန်၏ လက်ရာမဟုတ်ဟု ငြင်းဆိုခဲ့သည်။ သို့သော် ခြွင်းချက်အဖြစ် ထားလိုက်ပါမည်။

ယနေ့ခေတ်ကာလတွင်လည်း အချို့ ကျမ်းစာပညာရှင်များ (ရှေးရိုးဝါဒီများအပါအဝင်)က ရှောလမုန်၏ လက်ရာမဟုတ်ကြောင်း ကြိုးကြားကြိုးကြား စကားထွက်လာကြသည်။ စာပေရှုထောင့်အရ ဆန်းစစ်လျှင် ရှောလမုန်၏ အရိုးထည်ဖြစ်သည်မှာ သေချာသည်။ ယုံမှားသံသယ ဖြစ်ဖွယ်ရာမရှိ။

ရှောလမုန်၏လက်ရာပြဿနာ

အဓိက အငြင်းပွားစရာအချက်မှာ ဝေါဟာရ အသုံးနှုန်းဖြစ်သည်။ ရှောလမုန်သည် စာပေကျမ်းဂန် အဋ္ဌ ကထာအဖြာဖြာကို ထုံးလိုမွှေ၊ ရေလိုနှောက် တကယ့်ကျမ်းတတ် ပုဂ္ဂိုလ်ရှင်ဖြစ်သည်။ စကားလုံး အသုံးနှုန်းများနှင့် သဒ္ဒါအရေးအသား ဝါကျဖွဲ့ထုံးမျိုး ဗာဗုလုန်သို့ ဖမ်းဆီးခံကြရသည့်အချိန်ထိ၎င်း မရှိဟု ထောက်ပြကြသည်။

ဧဝံဂေလိ ဆရာအများစုကမူ၊ ကျမ်းစာတအုပ်လုံးသည် ရှောလမုန် နှုတ်ထွက်စကားဟန်ဖြင့် အနောက်ပိုင်း ယုံကြည်သူများမှ ဖန်တီးခြင်းဖြစ်သည်ဟု ဆိုကြသည်။

အငြင်းပွားချက်များသည်။ ရှည်လျားထွေပြားသည်။ အကျိုးအပြစ်များသည်။ သို့ကြောင့် ထိုအရှုပ်တော် ပုံထဲသို့ စာဖတ်သူများအား မဆွဲခေါ်လို။ ရှောလမုန်၏လက်ရာ ဟုတ်/ မဟုတ်ကြောင့် ရှင်းပြလိုခြင်း မဟုတ်။ စောဒကတက်သူများရှိကြောင်း အသိပေးခြင်းသက်သက်ဖြစ်သည်။ ရှောလမုန်လက်ရာအဖြစ် လူသိများ ထင်ရှားခဲ့သည်။ ကျမ်းစာပညာရှင် Gleason Archer က ယနေ့ထက်တိုင် ရှောလမုန်၏ လက်ရာအဖြစ် နာမည် ရှင်သန်နေပါသည်။”ဟု ဆိုသည်။

ရှောလမုန်လက်ရာအထောက်အထား

ထုံးတမ်းစဉ်လာ ဝါဒီများက ရှောလမုန်၏ လက်ရာမဟုတ်ကြောင်း၊ ငြင်းဆန်ကြသော်လည်း လုံလောက်သော သက်သေအထောက်အထား မတင်ပြနိုင်ကြ။ မည်သို့ပင် အငြင်းပွားစေကာမူ၊ ရှောလမုန်၏ လက်ရာဟူသော ခံယူချက်သည် ဘေးအန္တရာယ်ကင်း၍ လုံခြုံမှု အကောင်းဆုံးဖြစ်သည်။

တိုက်ရိုက်စကား မဟုတ်သော်လည်း အထောက်အထားတင်ပြရလျှင် ၁:၁-၁၂တွင် ဒါဝိဒ်၏သားတော် ယေရုရှလင် မင်း “ဟု ဆိုထားသည်။ “သားတော်”ဟူသော စကားလုံးသည် ဒါဝိဒ်မင်း၏ အရိုက်အရာ ဆက်ခံသူ ရှောလမုန်မင်းဖြစ်ကြောင်း ရာဇဝင်မှာ ပေါ်လွင်ထင်ရှားသည်။

ထို့အပြင် စာသားများတွင် “ဘုရင်ဘဝက” ဟူသောစကားလုံးကို ထောက်ခြင်းဖြင့် နှစ်ပေါင်းကြာရှည် ဘုရင်အဖြစ် မစိုးစံဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ရှောလမုန်သည် ဘုရင်ဘဝဖြင့် နတ်ရွာစံခဲ့သည်။ သို့သော် ဤစကားသည် လုံလောက်သော သက်သေအထောက်အထားမဟုတ်၊ အိုမင်းရွယ်လွန် ဘဝနေညို စောင်းချိန်မှာ ရေးသားခြင်းဖြစ်သောကြောင့် မင်းပျိုမင်းလွင်ဘဝကို ပြန်လည်ရည်ညွှန်း တင်စားခြင်း ဖြစ်နိုင်သည်။

ခပ်ရှင်းရှင်းပြောရလျှင် ဤဒေသနာကျမ်း ရေးသားသူသည် ပညာရှိသုခမိန် ရှောလမုန်ဘုရင်နှင့်သာ ထိုက်တန်သည်။ ရှောလမုန်မှတစ်ပါး စီရင်ရေးသားနိုင်သူမရှိ။

ရှောလမုန်သည် ယေရုရှလင်မင်းသား တစ်ပါးဖြစ်သည့်အပြင် (၁) ပါရမီ ဉာဏ်ကြီးရှင် (၁:၁၆)၊ (၂) မဟာကြွယ်ဝချမ်းသာသူ (၂:၈)၊ (၃) သုခချမ်းသာ အစစ်ရှာမတွေ့သူ (၂:၃)၊ (၄)အစေခံကျွန်၊ အခြွေအရံပိုင်ရှင် (၂:၇)၊ (၅) ကောင်ပေ့ တင့်တယ်ပေ့ ဗိမာန်တော်နှင့် ပျော်ရွှင်စရာ အစီစဉ်ကောင်းများရှိသူ (၂:၄-၆) ဖြစ်သည်။

ယုဒအစဉ်အလာ ဝါဒီများက၎င်း၊ ရာစုအဆက်ဆက် ကျမ်းစာပညာရှင်များက၎င်း၊ ယနေ့ခေတ် ကာလတိုင်အောင် ဒေသနာကျမ်းသည် ရှောလမုန်လက်ရာဟု ခံယူကြသည်။

ရှောလမုန်လက်ရာမဟုတ်ကြောင်း ငြင်းဆန်သူများကမူ ဝေါဟာရ အသုံးအနှုန်းများကို ထောက်ပြကြ သည်။ ဟေဗြဲဘာသာစကား ကျွမ်းကျင်သူများက သဲသဲမဲမဲ ငြင်းပယ်ကြသည်။ ထိုသို့ငြင်းပယ်ခြင်းသည် ယုဒခရစ်ယာန်များ၏ သဘောထား အမြင်သာဖြစ်သည်။

၃။အချိန်ကာလ

ရှောလမုန်ဘုရင် ရေးသားသည်ဟု ခံယူသိမှတ်ကြလျှင်၊ ဘီစီ၉၃၀ခန့်တွင် ဖြစ်မည်။ ဘဝသစ္စာ ဘဝအဓိပ္ပါနှင့် ဘဝဒဿန ရှာဖွေဆင်ခြင်သည့် အသက်တာ ရင့်ကျက်သည့် အရွယ်မှ ဖြစ်ပေမည်။

အကယ်၍ ရှောလမုန်မင်း မဟုတ်ဟု ငြင်းပယ်လျှင် The Preacher (Koheteth)က “လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ဖြစ်ပေမည်” ဟုဆိုသည်။ ဘီစီ၃၅၀-၂၅၀ခေတ်ကာလတွင် ဖြစ်မည်ဟုဆိုသည်။ အချို့ဧဝံဂေလိဆရာများက ပါရှန်းခေတ်နှောင်းပိုင်းကာလ(ဘီစီ၄၅၀-၃၅၀)ဟု ဆိုကြသည်။

အနီးစပ်ဆုံး ဖြစ်နိုင်ဖွယ်ရာ ရှိသည်မှာ ဘီစီ၂၅၀-၂၀၀ ဖြစ်သည်။ ကျမ်းပယ် (ဘီစီ ၁၉၀ ) နှင့် ပင်လယ်သေဒေသ၌ တွေ့ရှိသည့် စာလိပ်များ(ဘီစီ ၂ ရာစုနှစ် နောက်ပိုင်း) တို့က ထောက်ခံထားသည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ရှောလမုန်၏ ဒေသနာကျမ်းသည် လူ့ဘဝသမိုင်း နောက်ခံထား၍ ယုံကြည်ခြင်းကို အခြေတည်ထားသည်။

ဘဝဒေသနာရှာဖွေခြင်း

တချိန်သောအခါ ရှောလမုန်သည် လူ့ဘဝအဓိပ္ပာယ်၊ လူ့ဘဝဒဿနကို စဉ်းစားဆင်ခြင်မိပါလိမ့်မည်။ အတွေးနယ်ချဲ့သည်။ လူ့ဘဝအရသာကို အောင်မြင်စွာ ခံစားခဲ့သည်။ ဉာဏ်ပညာ ကြွယ်ဝလျက် လိုတရခဲ့သည်။ ကြိကြိတက် ချမ်းသာသည် (၃ရာ၁၀:၁၄-၂၅)၊ ၆ရာ၉:၂၂-၂၄) အကယ်၍ လူသည် လူ့ဘဝ၏ ပြီးပြည့်စုံခြင်း နိဂုံးကို ရှာဖွေတွေ့ရှိလျှင် ရှောလမုန်လည်း ထိုလူမျိုးထဲက တစ်ယောက် ဖြစ်ပေမည်။

သို့သော် ​ရှောလမုန်သည် ထိုသို့မတင်းတိမ် မခံယူနိုင်။ ထိုအတွေးသည် လူ့အတွေး၊ အတ္တအတွေးသက်သက် ဖြစ်သည်။ သူ့အသိဉာဏ်ပညာများသည် ပြည့်စုံလုံလောက်သည်ဟု ထင်မြင်ခဲ့သည်။ ဘုရားသခင်၊ ဝိညာဉ်ရေးရာမပါလျှင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘုရားသခင်၏ အကူအညီ အစောင့်အမ မပါဘဲ ရရှိနိုင်သည်ဟု ထင်မှတ်လောက်သည်။ “နေရောင်ခြည်အောက်မှာ” ပြီးပြည့်စုံသော လူသားတစ်ယောက် ဖြစ်ပါပေသည်။

ဘဝအဓိပ္ပာယ်ရှာဖွေတွေ့ရှိခြင်း

ရှောလမုန်တွေ့ရှိသော ဘဝအဓိပ္ပါယ်မှာ “နေအောက်မှာ တွေ့လေသမျှသော အမှုရာတို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု လေကိုကျက်စားသောအမှု” (၁:၄)ဖြစ်သည်။ ထိုဒဿနအရ နေရောင်ခြည်အောက်မှ လူ့ဘဝသည် ချမ်းသာခြင်း မဟုတ်။ ဂုဏ်ယူ မက်မောစရာမဟုတ်။ ထို့ထက် ပြီးပြည့်စုံသော ဘဝအဓိပ္ပါယ် ရှိဦးမည်။ ဥစ္စာဓန အလျှံပယ်ကြွယ်ဝလျက်၊ ပညာရှိသုခမိန် ဖြစ်သော်လည်း ဘဝသစ္စာ၊ ဘဝအဓိပ္ပါယ် အပြည့်အစုံ မခံစားပါ။

ထိုဘဝအတွေးသည် မှန်သည်။ အကယ်၍ လူ့ဘဝသည် ရောင်ခြည်၏ အထက်မှာ အဓိပ္ပါယ်ရှိသေးလျှင် နေရောင်ခြည်အောက်မှ လူ့ဘဝသည် အသေးအဖွဲ အချည်းနှီးမျှသာ ဖြစ်သည်။ အဓိပ္ပါယ်မပြည့်စုံ။ လူ့လောကရှိ ရုပ်ဝတ္ထများသည် လူ့သည်းခြေကြိုက်များ ဖြစ်သော်လည်း ကျေနပ်တင်းတိမ်မှု မပေးနိုင်။ ထိုအရာပင်လျှင် ပသခါသိုးက “လူ့နှလုံးသားကို ဘုရားသခင်က လိုချင်သည်။”ဟု ဆိုသည်။ Augustine က “ဘုရားသခင်၊ ကိုယ်တော်ဘုရားက ကျွန်ပ်တို့လူသားများကို ဖန်ဆင်းထားပါသည်။ သို့ကြောင့် စိတ်နှလုံးသားသည် ကိုယ်တော်ကိုသာ တမ်းတသည်” ဟု ဆိုသည်။

သို့ကြောင့် ရှောလမုန်၏ ဘဝအတွေ့အကြုံသည် ပြီးပြည့်စုံခြင်းမရှိ။ သခင်ယေရှုခရစ်တော်၏  “ဤရေကို သောက်သုံးသူသည် နောက်တဖန် ရေငတ်ကြဦးမည်”(ယော၄:၁၃) စကားအတိုင်းဖြစ်သည်။ လူ့လောကရေသည် နိစ္စထာဝရ ကာလအတွက် အငတ်မပြေနိုင်။

ရှောလမုန်ဘဝ အသက်တာတွင် ဘဝသစ္စာရှာဖွေခြင်းသည် တခဏသာဖြစ်ကြောင်း ကိုယ်ရေး အတ္ထုပတ္တိတွင် တွေ့ရသည်။ ဤဘဝအဓိပ္ပာယ် ဘဝသစ္စာ ရှာဖွေချိန်တွင် ရှောလမုန်၏ အသက်အရွယ် အသေအချာ မသိရပါ။ ဘဝစာမျက်နှာ ပြည့်စုံပြီး အသက်အရွယ် အိုမင်းရင့်ရော်မှ တွေးခေါ်ရေးသားခြင်းသည် (၁:၁၂၊၁၁:၉)။ နေရောင်ခြည်၏ အထက်မှာ အလင်းတွေ့မြင်သောအခါ သမ္မာကျမ်းစာပါဝင်သော  ကျမ်း(၃)စောင် ရေးသားပေးမည်။ သူ့ဘဝတွင် အပြစ်ဒုစရိုက်များ ကျဆုံးခြင်းများနှင့် တိမ်မဲညိုများ ဝေးလွန်းကုန်ဆုံးသည့်အရွယ်ကို တွေ့ရမည်။ ယုံကြည်သူများသည်လည်း ဖောက်ပြန်၍ မည်မျှ ဆိုးသွမ်း ခဲ့ကြစေကာမှု သခင်ယေရှုခရစ်တော်၌ အတောက်ပဆုံး အဖိုးတန် ရတနာများဖြစ်ကြောင်း ဆင်ခြင်အပ်သည်။

ရှောလမုန်နှင့်ဘုရားသခင်

ရှောလမုန်သည် ဘဝအဓိပ္ပာယ် ဘဝအလှပြည့်စုံဖို့ ရှာဖွေသောအခါ ဘုရားသခင်ဖြင့်သာ ပြည့်စုံ နိုင်ကြောင်း တွေ့ရှိသည်။ အကြိမ်(၄၀)ထက်မက ဒေသနာကျမ်းတွင် ရေးသားထားသည်။ သို့သော် ထိုကာလတွင် ရှောလမုန်သည် ဘုရားတရား ကိုင်းရှိုင်းသူအဖြစ် မယူဆနိုင်ပါ။ “ဘုရား”ဟူသော ဝေါဟာရသည်” ဖန်ဆင်းရှင် ဘုန်းတန်ခိုးကြီးမြတ်သော အရှင်ဘုရားကို ဆိုလိုသည်။ ယေဟောဝါ ဘုရားသခင်ကို တိုင်တည်ခြင်းမဟုတ်။ လူများနှင့် နှီးနွယ်ပတ်သက်သော ပဋိညာဉ်ပြုသော ဘုရားသခင်ကို ရည်ညွှန်းခြင်းမဟုတ်။

ဤဒဿနသည် အလွန်အရေးကြီးသည်။ နေရောင်အောက်မှ လူသားသည်လည်း ဘုရားသခင်ကို သိကျွမ်းနိုင်ခွင့်ရှိကြောင်း ဆိုလိုသည်။ ပေါလုက ရော၁:၂၀တွင် ဤသို့ဆိုထားသည်။

“အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့် ထာဝရ တန်ခိုးတော်နှင့် ထာဝရအဖြစ်တော် တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည့် ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ”                                                                                                                                                                                                                                                                                                                                                                                                                                                                             

ဘုရားသခင်သည် အစ ကနဦးကပင် ဖန်ဆင်းရှင်သခင်ဖြစ်သည်။ မယုံကြည်ခြင်း၊ ဉာဏ်ပညာမဟုတ်၊ မမြင်ချင်၊ မယုံကြည်ဟန်ဆောင်ခြင်း မောဟတရားဖြစ်သည်။ အသက်ရှင်သမျှသော လူများအနက် ဉာဏ်ပညာ အကောင်းဆုံးဟု သတ်မှတ်ထားသော ရှောလမုန်ဘုရင်သည် သူ့ဉာဏ်ပညာကို ပြည့်စုံသည်ဟု မထင်။ ထို့ထက်ကြီးမြတ်သော အရှင်သခင်ရှိသည်ဟု ခံယူသည်။

Elohim ဘုရားရှင် အကြီးမြတ်ဆုံးသော ဘုရားကို သိရှိလျှင် အရာခပ်သိမ်း ဖန်ဆင်းရှင် ယေဟောဝါ ဘုရားသခင်လည်း သိရှိဖို့ နီးစပ်သည်။ ဤကျမ်းစာတွင်   Elohim ဘုရားအား အခေါက်ခေါက် အခါခါ သုံးခြင်းသည် ယေဟောဝါဘုရား သိကျွမ်းခြင်း မဟုတ်သေးပါ။ ဖန်ဆင်းရှင် ဘုရားသခင်ရှိကြောင်း သဲလွန်စ၊ ခြေရာ ဖော်ပြခြင်းဖြစ်သည်။ ဘုရားသခင်မရှိဟု  ငြင်းပယ်သူများသည် လူမိုက်များဖြစ်သည်(ဆာ၁၄:၁၊၅၃:၁)။

ဒေသနာကျမ်း၏အလို

       ထိုသို့ဖြင့် မေးစရာ မေးခွန်းပေါ်ပေါက်လာသည်။ “နေရောင်ခြည်အထက်သို့ မရောက်သော အကြောင်းအရာ ဤစာအုပ်ကို ဘုရားသခင်သည် အဘယ်​ကြောင့် ဘိသိက်ပေးထားသနည်း”။

ပထမဦးစွာ ရှောလမုန်ကဲ့သို့ လူ့ဘဝ အရသာခံစားသူများ၊ လူ့လောက​ အောင်မြင်သူ မရှိစဘူးပါ။ ထိုသူလူမျိုးက ဘဝအဓိပ္ပါယ်၊ ဘဝသစ္စာ၊ ရှာဖွေ မတွေ့ရှိပုံကို ဆင်ခြင်တက်ဖို့ဖြစ်သည်။

သာမန် လူသားတစ်ယောက်အနေဖြင့် လူ့လောကမှာ လူဖြစ်လာရခြင်းသည် ပျော်ရွှင်ဖို့ စည်းစိမ် ချမ်းသာစေဖို့၊ တနေရာပြီးတနေရာ လှည့်လည်သွားလာဖို့၊ မူးယစ်မြူးတူးဖို့၊ ကာမဂုဏ် ခံစားဖို့ဟု တွေးကောင်းတွေးနေမည်။ သာမန်လူသားများထက် ကြွယ်ဝချမ်းသာ၍ ဉာဏ်ပညာ ကဝိအကျော်အမော်  ရှောလမုန်သည် ထိုကဲ့သို့ လူ့ဘဝကို ရင်ဆိုင်ခဲ့သည်။ သို့သော် အဆုံး၌ လက်မြှောက်ရသည်။ ထို့ကြောင့် ဘဝအဓိပ္ပါယ်ကို ဦးနှောက်ခြောက်၊ ခေါင်းကိုက်ခံ၊ အိပ်ရေးပျက်အောင် အတွေးသံသရာ ချက်ဖို့မဟုတ်။ နေရောင်ခြည်အထက်မှာရှိသော သခင်ယေရှုခရစ်ဖြင့်သာ ပြည့်စုံနိုင်သည်။ လူ့ဘဝသည် အဓိပ္ပါယ်ရှိသလားဟု တွေးတောစရာမဟုတ်။ ရရှိသည့်ဘဝကို အကျိုးရှိစွာ အသုံးချဖို့ဖြစ်မည်။

သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဧဝံဂေလိတရားကို သိရှိကျွမ်းဝင်မှု ရှိသူအနေနှင့် ဤ အယူအဆကို လက်ခံချင်မှ လက်ခံမည်။ သိရှိချင်မှ သိရှိမည်။ ထိုအကြောင်းကို Dr.W.T.Davidson က ဤသို့ ဆိုထားသည်။

ဧဝံဂေလိတရာနှင့် ဒေသနာကျမ်းအကြားတွင် ဝိရောဓိတရား ရှာမတွေ့ပါ။ ဧဝံဂေလိ တရားသစ်တွင် ဉာဏ်ပညာ မလိုအပ်ဟု အစောပိုင်းဆရာများက ပြောစကား ပြောကောင်းပြောခဲ့ကြနိုင်သည်။ ထိုသို့ ပြောဆိုခြင်းသည် ထိုသူ၌ပင် ကိုယ့်အသိဉာဏ် အတွေးခေါ်သာ ဖြစ်သည်။ လူ့အတွေးခေါ်သည် သခင်ယေရှု ခရစ်တော် ခြေတော်ရင်းသို့ မရောက်သည့်အချိန် များစွာရှိတတ်သည်။ သို့ကြောင့် ထိုသူမျိုးသည် Koheleth ကျောင်းသို့ သွားသည်။ ဦးစွာ လူ့အသိနှလုံးထဲတွင် ဘာမှမကျန်ရှိအောင် အပြောင်ရှင်းထားရမည်။ ယနေ့ ခေတ်သစ်တရားဟောဆရာများသည် လူ့စိတ်နှလုံးထဲတွင် ရှိနေသော အမှိုက်များကို မဖယ်ရှင်းဘဲ၊ သင်ခန်းစာ အသစ် အတင်းထိုးတတ်ကြသည်။ အရင်ရှင်း ထားရမည်။ “ဘုရားသခင်ကို ချစ်ကြောက်၍ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ခရစ်တော်အဖြစ် လူ့ဘဝ ခံယူဆင်းသက်လာပြီး၊ လူသားများအား လူ့ဘဝပီပြင်စွာ ချိန်ယူဖို့ သွန်သင်ပေးသည်။ မြင့်မားသော သင်ခန်းစာ ပြတတ်သည်။ လူသားများ လျှောက်လှမ်းရမည့် ဘဝခရီးကိုလည်း ပြင်ဆင်ပေး သည်။

ပါဝင်သောအချက်များ

၁။ စကားချီး။ နေရောင်အောက်ရှိသမျှသည် အချည်းနှီး(၁:၁-၁၁)

၂။ အရာခပ်သိမ်းသည် အချည်းနှီးသက်သက် (၁:၁၂-၆:၁၂)

(က) အသိဉာဏ် ပညာရှာဖွယ်ခြင်းသည် အချည်းနှီး (၁:၁၂-၁၈)

(ခ) ပျော်ရွှင်ခြင်း၊ ဂုဏ်သိက္ခာနှင့် ကြွယ်ဝခြင်းသည် အချည်းအနှီး  (အခန်း၂)

(ဂ) ရှင်ခြင်း၊ သေခြင်း ဘဝသံသရာသည် အချည်းအနှီး (အခန်း၃)

(ဃ) လူ့ဘဝ မညီမျှသည်လည်း အချည်းအနှီး (အခန်း၄)

(င) ဘာသာရေးနှင့် နိုင်ငံရေးကျော်စောမှုသည် အချည်းအနှီး (အခန်း၅)

(စ) ကြွယ်ဝချမ်းသာခြင်းသည် အချည်းအနှီး (အခန်း၆)

၃။       နေရောင်ခြည်အောက်ရှိ လူသားများသို့ အကြုံပြုလျက် (၇:၁-၁၂:၈)

(က) နေရောင်ခြည်အောက်တွင် ကောင်းသောအမှုနှင့် သာ၍မြတ်သောအရာ (အခန်း၇)

(ခ) နေရောင်ခြည်အောက်က ဉာဏ်ပညာ (အခန်း၈)

(ဂ) နေရောင်ခြည်အောက်က ပျော်ရွှင်သောဘဝ (အခန်း၉)

(ဃ) နေရောင်ခြည်အောက်က ပညာရှိ လူမိုက်များ (အခန်း၁၀)

(င) နေရောင်ခြည်အောက်က မြတ်သောအမှု ပွားများခြင်း (၁၁:၁-၁၂၈)

၄။ နှုတ်ဆက်စကား။ နေရောင်ခြည်အောက်မှ အမြတ်ဆုံးသောအရာ(၁၂:၉-၁၄)

TAGS: ဒေသနာကျမ်း

ကိုးကား[ပြင်ဆင်ရန်]