ဒေလီ တက္ကသိုလ်
ဒေလီ တက္ကသိုလ် (University of Delhi)သည် အိန္ဒိယနိုင်ငံ ရှိ အာရှထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်သည်။[၁] ၁၉၂၂ ခုနှစ် တွင် စတင်တည်ထောင်ခဲ့၍ အာရှဒေသတွင်း သက်တမ်းရှည်သည့် တက္ကသိုလ်များထဲ တစ်ခုအနေဖြင့် ထည့်သွင်းမှတ်တမ်းတင်ခံခဲ့ရသည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဒေလီ တက္ကသိုလ် (University of Delhi) သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ တွင် တည်ရှိပြီး၊ အိန္ဒိယနိုင်ငံအနေဖြင့် ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံတစ်ခုအဖြစ် ရှိနေစဉ် ၁၉၂၂ ခုနှစ်၌ ဗြိတိသျှ အိန္ဒိယအစိုးရက ထူထောင်ပေးခဲ့သည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။အစပိုင်းတွင် ဗြိတိသျှအိမ်ရှေ့စံ ချားလ်စ် အမည်ကို ဂုဏ်ပြုသည့် အနေဖြင့် ပရင့်စ် ချားလ်စ် တက္ကသိုလ် (Prince Charles University)ဟု အမည်ပေးရန် စဥ်းစားခဲ့ကြသော်လည်း အငြင်းပွားမှုများကြောင့် ဒေလီ တက္ကသိုလ် ဟူ၍သာ အမည်တွင်ခဲ့ရသည်။
ဒေလီ တက္ကသိုလ်ကို လက်အောက်ခံ ကောလိပ် ၃ ခု နှင့် စတင် ဖွဲ့စည်းခဲ့သည်။ ၁၈၈၁ ခုနှစ် တွင် စိန့် စတီဖင် ကောလိပ် (St. Stephen's College)၊ ၁၈၉၉ ခုနှစ် တွင် ဟင်ဒူ ကောလိပ် (Hindu College) နှင့် ၁၉၁၇ ခုနှစ် တွင် ရမ်ဂျပ်စ် ကောလိပ် (Ramjas College) တို့ကို တစ်ခုပြီးတခု တည်ထောင်ဖွဲ့စည်းခဲ့ပြီးမှ ဒေလီ တက္ကသိုလ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၁၉၃၀ ခုနှစ် နောက်ပိုင်းတွင် ဆာ မောရိုက်စ် ဂိုင်ယာ (Sir Maurice Gwyer) သည် ဗြိတိသျှ အိန္ဒိယ ၏ တရားသူကြီးချုပ် ဖြစ်လာပြီး ၊ဒေလီ တက္ကသိုလ် ၏ ဒု တိယ အဓိပတိအဖြစ်လည်း ခန့်အပ်ခံရသည်။ထို လက်ထက် တွင် ဘွဲ့လွန် သင်တန်းများ၊ ဓာတ်ခွဲခန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။ ဆာ မောရိုက်စ် ဂိုင်ယာ သည် ဒုတိယ အဓိပတိအဖြစ် ၁၉၅၀ ခုနှစ် အထိ တာဝန်ယူခဲ့ပြီး၊ တက္ကသိုလ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူအဖြစ် ဒေလီတက္ကသိုလ်သမိုင်း တွင် အသိအမှတ်ပြုခံခဲ့ရသည်။
ဒေလီ တက္ကသိုလ် ၏ ငွေရတုနှစ်ဖြစ်သည့် ၁၉၄၇ ခုနှစ်သည် အိန္ဒိယ လွတ်လပ်ရေး ရသည့် နှစ်နှင့် တိုက်ဆိုင်ခဲ့သည်။သို့သော်လည်း ထိုနှစ်တွင် ဒေသအချို့သည် အိန္ဒိယမှ ခွဲထွက်ရန် ကြိုးပမ်းမှုများကြောင့်၊နိုင်ငံရေးမတည်ငြိမ်၍ ဘွဲ့နှင်းသဘင် မကျင်းပနိုင်ဘဲ ၁၉၄၈ ခုနှစ်ကျမှ ကျင်းပခဲ့ရသည်။ အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး၊ လော့ဒ် မောင့်ဘက်တန် နှင့် ဇနီး စသည်တို့ တက်ရောက်ခဲ့ကြသည်။ ၁၉၇၃ ခုနှစ် တက္ကသိုလ်၏ ရွှေရတုနှစ်တွင် အိန္ဒိယ ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီ၊ အမ်ရီတာ ပရီတမ် စသူတို့ တက်ရောက်ခဲ့ကြသည်။
ဌာနများနှင့် တက္ကသိုလ် ပရဝုဏ်များ
[ပြင်ဆင်ရန်]ဒေလီတက္ကသိုလ်သည် အိန္ဒိယ၏ အကြီးဆုံးတက္ကသိုလ်များထဲမှ တစ်ခုအဖြစ် ကြီးထွားဖွံ့ဖြိုးခဲ့သည်။ မဟာဌာန ၁၆ ခု၊ ဌာန ၈၆ ခု၊ ကောလိပ် ၇၇ ခု နှင့် အသိအမှတ်ပြု အင်စတီကျူ ၅ ခု အထိ ရှိလာခဲ့ပြီး၊ ဘွဲ့ကြို ကျောင်းသူကျောင်းသား ၁ သိန်း ၁ သောင်းကျော် နှင့် ဘွဲ့လွန် ကျောင်းသား ၁ သောင်း ၇ ထောင်ကျော် အထိ တက်ရောက်သင်ကြားခဲ့ကြသည်။
ဒေလီမြို့တလွှားရှိ ကောလိပ်ပေါင်း ၇၇ ခုသည် ဒေလီ တက္ကသိုလ်နှင့် ချိတ်ဆက်ထားကြသည်။ ဒေလီ တက္ကသိုလ် တွင် အဓိက ပရဝုဏ် ၂ ခုရှိပြီး မြောက်ပိုင်း ပရဝုဏ် နှင့် တောင်ပိုင်း ပရဝုဏ် တို့ ဖြစ်ကြသည်။
မြောက်ပိုင်း ပရဝုဏ် တွင် တက္ကသိုလ်တည်စက ကောလိပ်ဟောင်း ၃ ခု အပါအဝင် ကောလိပ် ၉ ခုရှိသည့်အပြင်၊ မြောက်ပိုင်း ပရဝုဏ် ၌ ဒေလီ စီးပွားရေးကျောင်းလည်း ရှိသည်။ တောင်ပိုင်း ပရဝုဏ်ကို ၁၉၇၃ ခုနှစ်တွင် စတင်တိုးချဲ့ပြီး ၆၉ ဧကအထိ ကျယ်ဝန်းသည်။ ဝိဇ္ဇာမဟာဌာန၊ အသုံးချသိပ္ပံ နှင့် အက်စ် ပီ ဂျိန်း စီမံခန့်ခွဲမှု လေ့လာရေး စင်တာတို့ ပါဝင်သည်။
ဒေလီ တက္ကသိုလ် နှင့် တွဲထားသည့် ကောလိပ်ထဲတွင် LSR ဟု အတိုကောက်ခေါ်သည့် လေဒီ ရှရီ ရမ် အမျိုးသမီး ကောလိပ် (Lady Shri Ram College for Women) လည်း ပါဝင်သည်။ထိုကောလိပ်သည် ၂၀၁၄ ခုနှစ် တွင် အိန္ဒိယ၏ အကောင်းဆုံး ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ ကောလိပ်အဖြစ် သတ်မှတ်ခြင်း ခံရသည်။ လေဒီ ရှရီ ရမ် ကောလိပ် သည် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က ကျောင်းတက်ခဲ့ဖူးပြီး၊ထိုကောလိပ်မှ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။
မဟာဌာနများ
[ပြင်ဆင်ရန်]ဒေလီ တက္ကသိုလ် တွင် အသုံးချ လူမှု သိပ္ပံနှင့် လူမှုဘာသာရပ် မဟာဌာန၊ ဝိဇ္ဇာဘာသာရပ် မဟာဌာန၊ ကုန်သွယ်ရေးနှင့် စီးပွားရေး မဟာဌာန၊ ပညာရေး မဟာဌာန၊ အသုံးချ သိပ္ပံ မဟာဌာန၊ ဥပဒေ မဟာဌာန၊ စီမံခန့်ခွဲမှု လေ့လာရေး မဟာဌာန၊ သင်္ချာ မဟာဌာန၊ ဆေးပညာ မဟာဌာန စသည်ဖြင့် မဟာဌာနများ ရှိသည်။
တွဲဖက် အင်စတီကျူးရှင်းများ အနေဖြင့် စစ်ဆေးရုံ၊ ကျန်းမာရေးဆိုင်ရာ ဗဟိုဗြူရို၊ ဂျီ ဘီ ပန့် ဆေးရုံ၊ ဟင်ဒူ ရာအို ဆေးရုံ၊ အပြုအမှုဆိုင်ရာနှင့် ဆက်စပ်သိပ္ပံ လေ့လာရေး အင်စတီကျူ့၊ နူကလီးယား ဆေးပညာနှင့် ဆက်စက် လေ့လာရေး အင်စတီကျူ့၊ ကက်စတာဘာ ဆေးရုံ၊ ကျန်းမာရေးနှင့် မိသားစု ရေးရာ အမျိုးသား အင်စတီကျူ့တို့ လည်း ရှိကြသည်။
ဒေလီ တက္ကသိုလ် သည် ဘာသာရပ်ပေါင်း ၇၅ ခုသင်ကြားပြီး ဘွဲ့ကြိုတန်းသည် ၃ နှစ် ဖြစ်သည်။ ဆေးပညာ၊ စက်မှုဘာသာရပ်တို့သည် နှစ်ပိုကြာသည်။ ဘွဲ့လွန် ဘာသာရပ် ၇၀ ရှိပြီး၊အသိအမှတ်ပြု သင်တန်း ၉၀ ကျော် နှင့် ဒီပလိုမာတန်း ၂၈ ခု ရှိသည်။
ဒေလီ တက္ကသိုလ် သို့ ဝင်ခွင့်ရရှိရေးအတွက် ဘွဲ့ကြိုသင်တန်းဖြစ်စေ၊ မဟာသင်တန်းဖြစ်စေ၊ ပါရဂူစာမေးပွဲဖြစ်စေ ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုကြရသည်။ဝင်ခွင့်စာမေးပွဲများကိုလည်း ဘွဲ့သင်တန်းများအလိုက် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည်။
ဒေလီတက္ကသိုလ် ကျောင်းသားများသည် ဒေသတွင်းနှင့် နိုင်ငံတွင်းရှိ လူမှုရေးလှုပ်ရှားမှုများတွင် မပါမနေရအနေဖြင့် ပါဝင်လှုပ်ရှားကြရသည်။ထို့အပြင် ကျောင်းတွင်း လှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ကြရသည်။ ကျောင်းတွင်းသတင်းစာ၊ စာစောင်များ၌ သတင်းဆောင်းပါးများရေးသားသူဖြစ်ပါက ကိုယ်ရေးရမှတ်ကောင်းများ ပေးအပ်ခံရသည်။
တက္ကသိုလ် အဆင့်
[ပြင်ဆင်ရန်]ဒေလီတက္ကသိုလ်သည် တစ်ချိန်ကတော့ အိန္ဒိယ၏ နံပါတ်၁ တက္ကသိုလ်တစ်ခု ဖြစ်ခဲ့သော်လည်း၊နောက်ပိုင်းတွင် နည်းပညာတက္ကသိုလ်များက ရှေ့ဆုံးမှဦးဆောင်သွား၍ ဒေလီတက္ကသိုလ်သည် နံပါတ်၅ နေရာသို့ လျော့ကျသွားခဲ့သည်။ သို့သော်လည်း အာရှဒေသတွင်းတွင်မူ နံပါတ်၁၀ အတွင်း ရှိနေခဲ့သည်။ နိုင်ငံတကာမှ ကျောင်းသားများသည် အာရှဒေသတွင်း တက္ကသိုလ်ထဲမှာ ဂျပန်နိုင်ငံမှ တိုကျိုတက္ကသိုလ်၊ တောင်ကိုရီးယားမှ ဆိုးလ်အမျိုးသားတက္ကသိုလ်၊ စင်္ကာပူမှ စင်္ကာပူအမျိုးသား တက္ကသိုလ် ပြီးလျှင် ဒေလီတက္ကသိုလ်ကို စိတ်ဝင်စားကြသည်။
ဒေလီ တက္ကသိုလ် ၏ အစဉ်အလာအရ အိန္ဒိယ သမ္မတ သည် ဂုဏ်ထူးဆောင် ဧည့်သည် ဖြစ်ပြီး၊ အိန္ဒိယ ဒု သမ္မတ သည် ဒုတိယ အဓိပတိ၊ အိန္ဒိယ တရားသူကြီးချုပ်သည် အရံ အဓိပတိ အဖြစ်ဆောင်ရွက်ကြရသည်။
ထူးခြားထင်ရှားသူများ
[ပြင်ဆင်ရန်]အစဉ်အလာ ကြီးမားသည့် ဒေလီတက္ကသိုလ်သည် နာမည်ကျော်များစွာကို မွေးထုတ်ပေးခဲ့သည်။ထိုထဲ နိုင်ငံအကြီးအကဲ ၇ ဦး နှင့် နိုဘယ်ဆုရ ၂ ဦး တို့ ပါဝင်သည်။ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ုဒြာ မိုဒီ (Narendra Modi)၊ ပါလီမန် အမတ် ရာအူး ဂန္ဒီ (Rahul Gandhi)၊ ပဉ္စမမြောက် အိန္ဒိယ သမ္မတ ဖာခရူဒင် အလီ အာမက် (Fakhruddin Ali Ahmed) တို့သည် ဒေလီတက္ကသိုလ်ကျောင်းဆင်းများ ဖြစ်ကြသည်။
ပြည်ပမှ ထင်ရှားသူများထဲမှ မာလာဝီ သမ္မတ ဘင်ဂူ ဝါ မူသာရီကာ (Bingu wa Mutharika) ၊ ဆဋ္ဌမမြောက် ပါကစ္စတန် သမ္မတ မိုဟာမက် ဇီယာ အူ ဟက် (Muhammad Zia-ul-Haq) ၊ နီပေါ ဝန်ကြီးချုပ် ဂီရီဂျာ ပရာဆတ် ကိုအီရာလာ (Girija Prasad Koirala) ၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် တို့ သည် ဒေလီတက္ကိသိုလ် ကျောင်းဆင်းများဖြစ်ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Ministry of Human Resources and Development, Government of India။ 8 January 2020 တွင် ပြန်စစ်ပြီး။
- ↑ S.N၊ Vijetha။ "Delhi University's grand inheritance from British India"၊ The Hindu၊ 12 December 2011။