ဒု-သ-န-သော

ဝီကီပီးဒီးယား မှ

ဒု-သ-န-သော သည် လင်ရှိမယားကို ပြစ်မှားဖျက်ဆီးကာ ပရဒါရကံကို ကျူးလွန်ခဲ့သည့် မင်းသားလေးယောက်တို့၏ လောဟကုမ္ဘီအမည်ရှိသည့် ငရဲအိုးတွင်းမှ အော်သံဖြစ်၏။ ထိုအသံကို မကောင်းသော အလိုဆိုးများ နှိပ်စက်ကာ အိပ်မပျော်ဖြစ်နေသော ကောသလမင်းကြီးသည် ကြားရခြင်း ဖြစ်၏။[၁]

အသံတို့ကို ကြားရပုံ[ပြင်ဆင်ရန်]

ကောသလမင်းကြီးသည် တစ်ခုသော နက္ခတ်သဘင်တွင် အလွန်တရာ ချောမောလှပသော တောတွင်းသူတစ်ဦးကို တွေ့လေရာ စွဲလမ်းခြင်းသည် ပြင်းစွာဖြစ်လေသည်။ ထိုအခါ မင်းကြီးသည် တောတွင်းသူကလေးကို ရရှိအောင် ကြံစည်၏။ ပထမဦးစွာ ထိုတောတွင်းသူလေးတွင် ကာမပိုင်လင် ရှိ၊ မရှိကို စုံစမ်းစေသည်။ လင်ရှိသည်ကို သိရသောအခါ မင်းကြီးသည် တောတွင်းသူကို ရရန်အလို့ငှါ ကြံစည်လေ၏။ လင်ဖြစ်သူကို သက်တော်စောင့်ရာထူး ခန့်၏။ မိန်းမဖြစ်သူ တောတွင်းသူလေးကိုမူ မိမိ၏ အနီးအပါးတွင် ခစားစေသည်။ မင်းကြီးသည် တောတွင်းသူလေးအား အပြီအပိုင် သိမ်းပိုက်လိုသောကြောင့် မင်းတို့၏ ပရိယာဖြင့် ကြံစည်လေသည်။ ထိုအကြံမှာ လင်ဖြစ်သူ ကိုယ်ရံတော်သက်တော်စောင့်ကို ကိစ္စတစ်ခုအတွက် အဝေးသို့ စေလွှတ်လိုက်၏။ နေ့ချင်းပြန် အချိန်မီ ပြန်ရောက်ရန်လည်း အမိန့်ပေးလိုက်လေသည်။ အကယ်၍ အချိန်မီ ပြန်မရောက်လာပါက ကွပ်မျက်ခြင်း ခံရမည် ဖြစ်သည်။ လင်ဖြစ်သူမှာ မိမိ၏ မယားကို စိတ်မချသော်လည်း မင်း၏ အမိန့်ကို မလွန်ဆန်နိုင်သဖြင့် ခရီးထွက်သွားလေရာ ဇနီးဖြစ်သူမှ မျက်ရည်စက်လက်ဖြင့် ကျန်ရစ်ခဲ့၏။

ကောသလမင်းကြီးသည် နံနက်မိုးလင်းချိန်တွင် တောရွာမှ ချောကညာကို သူ့မယားအဖြစ် သိမ်းပိုက်မည့် အကြောင်းကို တွေးတောကာ တဏှာရာဂတို့သည် သောင်းကျန်းလျက် အိပ်၍မျှပင် မပျော်နိုင်ဘဲ ရှိလေသည်။ ထိုသို့ အိပ်မပျော်ဘဲ မကောင်းသောစိတ်တို့ဖြင့် တွေးတောရင်း အချိန်သည် ညသန်းခေါင်းယံထိ ရောက်သွားတော့သည်။ ညသန်းခေါင်းရောက်သည်နှင့် မိုးကြိုးပစ်ချလိုက်သကဲ့သို့ "ဒု၊ သ၊ န၊ သော" ဟူသော အသံကြီး လေးမျိုးကို ကြားရသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ် ခဲ့ရသည်။[၁]

ပုရောဟိတ်တို့နှင့် တိုင်ပင်ခြင်း[ပြင်ဆင်ရန်]

ကောသလမင်းကြီးသည် ထိုကြောက်မက်ဖွယ် အော်သံတို့သည် မိမိအတွက်လား၊ မိဖုရားအတွက်လား၊ နိုင်ငံတော်အတွက်လား ဟူ၍ နိမိတ်ဆိုးများအကြောင်း တွေးတောပူပန်နေသည်။ မင်းကြီးလည်း ချက်ချင်း ပုရောဟိတ် ပုဏ္ဏားတို့ကို ခေါ်ကာ တိုင်ပင်၏။ ပုရောဟိတ်တို့သည် ယဇ်ပူဇော်ရမည်ဟု ပြော၏။ ပူဇော်ရာတွင် ဆင်၊ မြင်း၊ နွားလား၊ နို့စားနွားမ၊ ကြက်၊ ဝက်၊ ဆိတ်၊ လုလင်ပျို၊ သမီးပျို စသည်တို့ကို တစ်ရာစီဖြင့် ပူဇော်ရမည် ဖြစ်၏။ ထိုယဇ်ပူဇော်ပွဲ ပြုလုပ်ရန်အတွက် နန်းတော်တွင် စီစဉ်သူတို့ဖြင့်လည်းကောင်း၊ ငိုယိုသူတို့ဖြင့် လည်းကောင်း အုတ်အုတ်ကျက်ကျက် ဆူညံလျက်ရှိ၏။[၁]

မြတ်စွာဘုရားထံ သွားရောက်မေးမြန်းခြင်း[ပြင်ဆင်ရန်]

ထိုသို့သော ဆူညံသံများကို ကြားရသူ မိဖုရားကြီး မလ္လိကာဒေဝီသည် မင်းကြီးထံ ပြေးလာ၏။ မည်သည့်အတွက်ကြောင့် ရုတ်ရုတ်သဲသဲ ဆူဆူညံညံ ဖြစ်ရသည်ကို မေးမြန်း၏။ မင်းကြီးက ပြန်လည်ဖြေကြားသော အခါ မိဖုရားက ဘုရားရှင် ရှိပါလျက် ပုဏ္ဏားတို့နှင့် မတိုင်ပင်သင့်ပေ။ ယခုပင် ဘုရားရှင်ထံ သွားရောက်မေးမြန်းရအောင်ဟုဆိုကာ မင်းကြီးနှင့်အတူ သွားလေ၏။

ဘုရားရှင်ထံသို့ ရောက်သော် မိဖုရားကြီးသည် အကျိုးအကြောင်းကို လျှောက်ထား၏။ ထိုအခါ ဘုရားရှင်က ထိုအသံတို့မှာ ဒုစရိုက်မှုကို ကျူးလွန်သော မင်းသားလေးပါးတို့၏ ဝေဒနာကို မခံမရပ်နိုင်ဖြစ်ကာ အော်စ်သည့် အသံသာ ဖြစ်ကြောင်း ဖြေကြား၏။ ထိုအသံတို့ကြောင်း မင်းကြီး၌သော်လည်းကောင်း၊ မိဖုရား၌သော်လည်းကောင်း၊ တိုင်းပြည်၌သော်လည်းကောင်း မည်သည့်အန္တရာယ်မှ မရှိနိုင်ပေ။[၁]

မင်းသားလေးဦး[ပြင်ဆင်ရန်]

ကဿပမြတ်စွာဘုရားသည် ဗာရာဏသီပြည်တွင် ရဟန်းများခြံရံလျက် ဒေသစာရီ ကြွချီတော်မူလျက်ရှိ၏။ ထိုအခါ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် လှူကြတန်းကြ ဒါနပြုကြကာ အာဂန္တုကဝတ် ကို ပြုကြ၏။ သို့သော် သူဌေးသားလေးဦးတို့သည် အပျော်အပါး၌သာ အချိန်ကုန်ကာ နေကြလေသည်။

ထိုသူဌေးသားလေးဦးတို့အနက် တစ်ဦးသောသူမှာ သူတစ်ပါးတို့၏ ဘုရားကိစ္စအတွက် ဆောင်ရွက်နေခြင်းသည် မိမိတို့ အလုပ်မဟုတ်၊ အရက်ကောင်းကောင်းသောက်ကာ လျှောက်လည်ကြရန် ပြော၏။ နောက်တစ်ယောက်သည် သလေးထမင်းကောင်းကောင်းကို ချက်၍ စားကြရန် ပြော၏။ နောက်ထပ်တစ်ယောက်ကမူ မုန့်ပဲသွားရည်စာ စားကာ လျှောက်လည်ကြရန် အကြံပေး၏။ နောက်ဆုံးတစ်ယောက်သည် မိန်းမတို့နှင့် ပျော်ကြပါးကြရန် အကြံပေး၏။ ထိုအခါ မင်းသားလေးယောက်တို့သည် ငွေမျက်နှာဖြင့် ရှေ့တန်းတင်ကာ သားပျိုသမီးပျို၊ လင်ရှိမယားတို့ကို စိတ်ရှိတိုင်း ပြစ်မှားကျူးလွန်ကြလေသည်။ သူဌေးသားတို့၏ ဖျက်ဆီးမှုကြောင့် သမီးအပျို၊ လင်ရှိမယားများစွာတို့သည် ပျက်စီးခြင်းသို့ ရောက်ကြရလေသည်။

ထိုမင်းသားတို့သည် သေလွန်သည့်အခါ ကျူးလွန်ခဲ့သည့် ပရဒါရကံ သူတစ်ပါးသားမယားကျူးလွန်စော်ကားခြင်း၏ အကျိုးကို ခံစားရကာ အဝီစိငရဲသို့ ရောက်ရ၏။ ဘုရားတစ်ဆူ ပွင့်တော်မူရာ ကြားကာလအတွင်း နှစ်ပေါင်းများစွာ အဝီစိငရဲ၌ ကျခံရ၏။ အဝီစိငရဲကျခံပြီးသော် လောဟကုမ္ဘီအမည်ရှိသော ငရဲအိုးအတွင်း၌ ကျခံရ၏။ လောဟကုမ္ဘီငရဲသည် ယူဇနာပေါင်း ခြောက်ဆယ်အကျယ်ရှိ၏။ လောဟကုမ္ဘီငရဲ တွင် ကျခံနေရသူတို့သည် နှစ်ပေါင်းခြောက်သောင်းကြာမှ တစ်ကြိမ် ခေါင်းဖော်ခွင့် ရကြသည်။ ထို့နောက် မကြာမီပင် မြုပ်သွားကြရသည် ဖြစ်၏။ ထိုသို့ ပေါ်လာသည့်အခါ မင်းသားလေးယောက်တို့သည် တွေ့ဆုံခိုက် စကားပြောကြရာ ဆုံးအောင်ပင် မပြောနိုင်ဘဲ တစ်ယောက်လျှင် စကားလုံးတစ်လုံးကျစီသာ ပြောနိုင်၏။ မကြာမီ နစ်မြုပ်သွားလေသည်။ ကောသလမင်းကြီးလည်း ဘုရားရှင်၏ စကားကို နားထောင်နေရင်း မိမိ၏ တောသူလေးအပေါ် မှားယွင်းမှုကို တွေးတောကာ ကြက်သီးများ ထလာလေသည်။[၁]

အသံတို့၏ အဓိပ္ပာယ်[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ထို့နောက် မင်းသားတို့၏ စကားပြောသံ ဒု-သ-န-သော ၏ အဓိပ္ပာယ်တို့ကို ရှင်းပြလေသည်။

  • ပထမ ကြားရသောအသံသည် ဒု ဖြစ်၏။ ထိုမင်းသားပြောဆိုလိုသည့် စကားအပြည့်အစုံသည် ဒုဇ္ဇိဝိတ မဇီဝိမှ ဖြစ်၏။ အဓိပ္ပာယ်မှာ "အချင်းတို့ မိမိတို့သည် ရှေးကုသိုလ်ကံကြောင့် သူဌေးမျိုးတွင် ဖြစ်ပါသော်လည်း ဖြစ်ရကျိုး မနပ်ပေ။ ဘဝကို အလွဲသုံးစားပြုကာ လင်ရှိမယာတို့ကို ပြစ်မှားပျော်ပါးကာ မိုက်မဲစွာ အသက်မွေးမိ၏။ စီးပွားဥစ္စာများ သုံးမကုန်အောင်များသော်လည်း အနည်းငယ်မျှပင် မလှူဒါန်းခဲ့ပေ။ မိမိတို့ ကျူးလွန်ခဲ့သည့် ဒုစရိုက်ကံသည် ငါတို့အား အလင်းရောင်၌ နေခွင့်မပေး၊ အမှောင်၌ ချထားပါပြီတည်း" ဟူ၍ ဖြစ်၏။
  • ဒုတိယ ကြားရသောအသံသည် ဖြစ်၏။ မင်းသားပြောဆိုလိုသည့် စကားအပြည့်အစုံသည် သဋ္ဌိဝဿသဟဿာနိ ဖြစ်၏။ အဓိပ္ပာယ်မှာ "အချင်းတို့၊ ငါတို့သည် လင်ရှိမယားများကို ပြစ်မှားခဲ့ခြင်းကြောင့် လောဟကုမ္ဘီငရဲ၌ နေ့ညမလပ် တရစပ် ခံစားလာခဲ့ရသည်မှာ နှစ်ပေါင်း ခြောက်သောင်းပင် ပြည့်ခဲ့ပြီ။ မည်သည့်အခါမှ ဆင်းရဲဝဋ်က ကျွတ်မည်မသိ" ဟူ၍ ဖြစ်၏။
  • တတိယ ကြားရသောအသံသည် ဖြစ်၏။ မင်းသားပြောဆိုလိုသည့် စကားအပြည့်အစုံသည် နတ္ထိအန္တော ကုတော အန္တော ဖြစ်၏။ အဓိပ္ပာယ်မှာ "အချင်းတို့၊ ငါတို့သည် လူဖြစ်ခဲ့စဉ်က လင်ရှိမယားများကို ဖျက်ဆီးခဲ့၏။ ထိုအပြစ်ကြောင့် ယခု ငရဲခံနေရ၏။ ငရဲမှ လွတ်ရက်ဟူသည် အဘယ်နည်း။ ငရဲမှ လွတ်ရက်ဟူသည် မထင်ပါတကား" ဟူ၍ ဖြစ်သည်။
  • စတုတ္ထ ကြားရသောအသံသည် သော ဖြစ်၏။ မင်းသားပြောဆိုလိုသည့် စကားအပြည့်အစုံသည် သောဟံ နုန ဣတော ဂန္တာ ဖြစ်၏။ အဓိပ္ပာယ်မှာ "အချင်းတို့၊ မိုက်မဲသော ငါတို့သည် ငရဲမှ လွတ်မြောက်၍ လူ့ဘဝသို့ ပြန်ရောက်ခဲ့သော် ပညာရှိတို့၏ အဆုံးအမကို ခံယူအံ့။ ကိုယ်ကျင့်တရား ကောင်းသူဖြစ်အံ့။ အလှူအတန်းကို ရက်ရောစွာ လှူဒါန်းအံ့" ဟူ၍ ဖြစ်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ဒဂုန်ဦးစန်းငွေ။ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ