မာတိကာသို့ ခုန်သွားရန်

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေ

ဝီကီပီးဒီးယား မှ

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်လာခဲ့သော်လည်း ကိုလိုနီခေတ် ဗျူရိုကရေစီယန္တရားသည် ဆက်လက်ကြီးထွားအားကောင်းနေဆဲ ဖြစ်သည်။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စရပ်များတွင် ဗြိတိသျှကိုလိုနီခေတ် စနစ်အတိုင်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ ဤအခြေအနေကြောင့် မြန်မာနိုင်ငံအစိုးရသစ်နှင့် နိုင်ငံသစ်အတွက် အုပ်ချုပ်ရေးစနစ်ကို ပြန်လည်ပြုပြင်ရန် လိုအပ်လာခဲ့သည်။

၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေကို ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ရုပ်သိမ်းခဲ့သည်။ []

အုပ်ချုပ်မှု ပြန်လည်ဖွဲ့စည်းရေး ကော်မတီ

[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် အုပ်ချုပ်မှု ပြန်လည်ဖွဲ့စည်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီ၏ ဥက္ကဋ္ဌမှာ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးလွန်းဘော် ဖြစ်ပြီး၊ ပြည်သူ့ချမ်းသာရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမောင် (၂) က အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ အဖွဲ့ဝင် ၇ ဦး ပါဝင်သော ထိုကော်မတီ၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • လုပ်ငန်းတာဝန်များ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး ဒီမိုကရေစီ မြန်မာနိုင်ငံသစ်နှင့် သင့်လျော်သော အုပ်ချုပ်ရေးစီမံကိန်းတစ်ရပ်ကို စီမံရေးဆွဲရန်။
  • ဤစီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ၊ အုပ်ချုပ်ရေး လုပ်ငန်းများကို မထိခိုက်စေဘဲ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် လက်ရှိ အုပ်ချုပ်ရေးစနစ်ကို ပြန်လည်ဖွဲ့စည်းရေးအတွက် အကြံဉာဏ်များ ပေးရန်။

ထိုကော်မတီသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် အစိုးရအဖွဲ့သို့ ကြားဖြတ်အစီရင်ခံစာနှင့်အတူ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေမူကြမ်းတစ်စောင်ကို ပူးတွဲတင်ပြခဲ့သည်။

၇ ဦး ကော်မတီ၏ အကြံပြုချက်များ

[ပြင်ဆင်ရန်]

၇ ဦး ကော်မတီ၏ ကြားဖြတ်အစီရင်ခံစာသည် မြန်မာနိုင်ငံ အုပ်ချုပ်ရေး၏ အခြေခံဖြစ်သော ကျေးရွာအုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် အကြံပြုချက်များ ပါဝင်သည်။ ကျေးရွာနှင့် ၎င်းအထက်ရှိ ကောင်စီအသီးသီးသို့ ဒေသဆိုင်ရာ အကျိုးစီးပွား တိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည့် အာဏာများ အပ်နှင်းရန် အဓိက ဆွေးနွေးထားသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် ဒေသနှင့် ကျေးရွာအလိုက် ကွဲပြားနိုင်သဖြင့် သက်ဆိုင်ရာဒေသနှင့် သင့်လျော်သော နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးကိုလည်းကောင်း၊ ကျေးရွာအာဏာပိုင်များသည် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်ကိုလည်းကောင်း အကြံပြုထားသည်။

အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်အတွက် ကျေးရွာအခွန်အကောက်များ ကောက်ခံခြင်း၊ ကျေးရွာဘဏ်များ ထူထောင်ခြင်း၊ ချေးငွေများ ချထားပေးခြင်း၊ ရွာဘုံမြေများ ထူထောင်ခြင်း၊ ဈေးများ ထူထောင်ခြင်းမှရသော အခွန်ရန်ပုံငွေများဖြင့် စီမံခန့်ခွဲပိုင်ခွင့် အာဏာများ ပေးအပ်ထားသင့်ကြောင်း ပါဝင်သည်။

အခွန်အကောက်များ ကောက်ခံရာတွင် ငွေကြေးဖြင့် ကောက်ခံပိုင်ခွင့်၊ လုပ်အားဖြင့် ကျေးရွာအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ပိုင်ခွင့်၊ အမှုအခင်းများ စီရင်ပိုင်ခွင့်နှင့် ကြေအေးပြီးပြတ်ခွင့် အာဏာများကိုပါ ပေးအပ်ထားသင့်ကြောင်း အကြံပြုခဲ့သည်။

၁၉၄၉ ခုနှစ် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေကြမ်း

[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) အစည်းအဝေးတွင် တရားဌာနဝန်ကြီး ဦးဗဂျမ်းက ၁၉၄၉ ခုနှစ် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ထိုဥပဒေကြမ်းကို ဝန်ကြီးချုပ် သခင်နုက ထောက်ခံဆွေးနွေးရာတွင် အောက်ပါအတိုင်း မိန့်ကြားခဲ့သည်-

"သည်ဥပဒေရဲ့ ရည်ရွယ်ချက်နှင့် သဘောမှာ အခြေခံဥပဒေ ပုဒ်မ ၉၁ မှာ ပြဋ္ဌာန်းထားတဲ့ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေး ပေးအပ်ရန် ရည်ရွယ်ချက်နှင့်လည်း တထပ်တည်း ကိုက်ညီပါတယ်။ သည်လိုဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေးနှင့် အာဏာများကို ကျေးရွာအထိ ခွဲဝေပေးအပ်ထားခြင်းအားဖြင့် ဒီမိုကရေစီဝါဒနှင့် ကိုက်ညီရုံမျှမက၊ လူနည်းစုများကိုလည်း နိုင်ငံသားတိုင်း ခံစားရမည့် တူညီသော အခွင့်အလမ်း၊ အဆင့်အတန်းတို့ကို ရရှိစေနိုင်ပါမည်။"

"အမှန်မှာ သည်ဥပဒေကြမ်းမှာပါတဲ့ ရည်ရွယ်ချက်များအတိုင်း စနစ်တကျ ဆောင်ရွက်သွားမည်ဆိုလျှင် လူနည်းစုပြဿနာနှင့်တကွ၊ လူမျိုးစုပြဿနာပါ ဖြေရှင်းပြီးဖြစ်ပါလိမ့်မည်။ လူနည်းစုတစ်စုအတွက်ဖြစ်စေ၊ လူမျိုးစုတစ်စု အတွက်ဖြစ်စေ၊ အထူးပြဋ္ဌာန်းချက်များ၊ အထူးဥပဒေများဖြင့် စီမံရခြင်းမျိုးဟာ နိုင်ငံရေး ဆေးမြီးတိုမျှသာ ဖြစ်တယ်။ သည်လိုဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေး ဖန်တီးတည်ထောင်ခြင်းမှာ အခိုက်အတန့်နိုင်ငံရေးအရ တီထွင်တဲ့ဆေးမြီးတိုမျိုးမဟုတ်ဘဲ၊ လက်တွေ့လုပ်ဆောင်ရာမှာ ထာဝရအကျိုးခံစားစေမည့် လက်သုံးနည်းမှန် ဖြစ်တယ်။ သက်ဆိုင်ရာဒေသမှာရှိတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အဲသည်ဒေသနှင့် ပတ်သက်သမျှကိစ္စအဝဝတို့မှာ ကိုယ်ထိလက်ရောက် ပါဝင်ပြီး ဩဇာပေးနိုင်ခြင်း၊ လှုံ့ဆော်နိုင်ခြင်း၊ ဆောင်ရွက်နိုင်ခြင်း စတဲ့ အခွင့်အရေးများကို ရရှိလိမ့်မယ်။"

၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေ

[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ်က တင်ပြခဲ့သည့် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးဥပဒေမှာ မပြည့်စုံသဖြင့် ၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ၎င်းအက်ဥပဒေကို ၁၉၅၃ ခုနှစ်၊ မတ်လ ၂၄ ရက် (မြန်မာနှစ် ၁၃၁၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်) နေ့အထိ ပြင်ဆင်ပြီး ၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေ (၁၉၅၃ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၈) အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး နည်းဥပဒေများကိုလည်း ၁၉၅၅ ခုနှစ်၊ ဧပြီလ ၈ ရက် (မြန်မာနှစ် ၁၃၁၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်) နေ့အထိ ပြင်ဆင်ပြီး ပြဋ္ဌာန်းခဲ့သည်။ အများပြည်သူ သိရှိစေရန်အတွက် ၁၉၅၆ ခုနှစ်တွင် ရန်ကုန်မြို့၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ပုံနှိပ်ရေးနှင့် စာရေးကိရိယာဌာနက စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။

ပြဋ္ဌာန်းရခြင်း အကြောင်းရင်းများ

[ပြင်ဆင်ရန်]

၁၉၅၃ ခုနှစ် အက်ဥပဒေအမှတ် ၂၈ တွင် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းရခြင်း အကြောင်းရင်းများကို အောက်ပါအတိုင်း ဖွင့်ဆိုထားသည်-

  • အချုပ်အခြာအာဏာသည် ပြည်သူတို့တွင် တည်သည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၃) တွင် ပြဋ္ဌာန်းထားသောကြောင့်။
  • ထိုအချုပ်အခြာအာဏာကို ပြည်သူတို့ထံမှ ခံယူ၍ ဥပဒေအရ တည်ထောင်သော ပြည်သူ့ကိုယ်စားလှယ်များအဖွဲ့က၊ ပြည်သူတို့၏ ကိုယ်စား သုံးစွဲဆောင်ရွက်ရမည်ဟု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၄) တွင် ပြဋ္ဌာန်းထားသောကြောင့်။
  • ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်ဟူသော ရည်ရွယ်ချက်၊ ဒီမိုကရေစီ သဘောတရားကို အခြေခံ၍ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး ကိစ္စများအတွက် သက်ဆိုင်ရာဒေသ၏ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ဒီမိုကရေစီဒေသန္တရအဖွဲ့များသို့ တရားဥပဒေဖြင့် အာဏာများကို လွှဲအပ်နိုင်စေရန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၉၁) တွင် ပြဋ္ဌာန်းထားသောကြောင့်။
  • ပြည်သူတို့အတွက်နှင့် ပြည်သူတို့အား တာဝန်ခံယူ၍ ပြည်သူတို့၏ ကြီးပွားချမ်းသာရေး ကိစ္စအဝဝတို့ကို ဆောင်ရွက်စေနိုင်သည့် ဒီမိုကရေစီ ဒေသန္တရ ပြည်သူ့ကိုယ်စားလှယ်တာဝန်ခံအဖွဲ့များကို ဖွဲ့စည်းရန် လိုအပ်ခြင်းကြောင့်။

ဥပဒေ၏ ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေတွင် အခန်းပေါင်း ၈ ခန်း ပါရှိပြီး အပိုင်း ၃ ပိုင်းဖြင့် ခွဲခြားထားသည်။

အပိုင်း ၁: စီးပွားရေးနှင့် လူမှုရေး

အပိုင်း ၂: ငြိမ်ဝပ်ပိပြားရေး

အပိုင်း ၃: အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ

အခန်းလိုက် ခေါင်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

အခန်း ၁: အမည်၊ အာဏာတည်သည့်နေ့၊ အဓိပ္ပာယ် ရှင်းလင်းဖော်ပြချက်များ။

အခန်း ၂: ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းခြင်း။

အခန်း ၃: တာဝန်ဝတ္တရားများနှင့် အခွင့်အာဏာများ။

အခန်း ၄: လုပ်ငန်းဆောင်တာများနှင့် ဌာနများ ဖွဲ့စည်းခြင်း။

အခန်း ၅: ကျေးရွာလုံခြုံရေး။

အခန်း ၆: ကျေးရွာတရားရုံး။

အခန်း ၇: ဒေသန္တရအဖွဲ့များကို ကြီးကြပ်ခြင်း။

အခန်း ၈: အကူးအပြောင်းကာလ ပြဋ္ဌာန်းချက်များ။

ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေတွင် ပုဒ်မပေါင်း ၈၅ ခုဖြင့် ပြဋ္ဌာန်းထားသည်။

၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး နည်းဥပဒေများ

[ပြင်ဆင်ရန်]

၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး နည်းဥပဒေများကို ၁၉၅၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၃) ဖြင့် ပြဋ္ဌာန်းခဲ့သည်။

နည်းဥပဒေများတွင် အခန်းပေါင်း ၂၀ ပါဝင်ပြီး အောက်ပါအတိုင်း ဖြစ်သည်-

အခန်း ၁: စကားချီး

အခန်း ၂: ရွေးကောက်ပွဲဆိုင်ရာ ရာထမ်းများ

အခန်း ၃: မဲစာရင်း

အခန်း ၄: ရွေးကောက်ပွဲအတွက် ကြေညာခြင်းနှင့် အမည်တင်သွင်းခြင်း

အခန်း ၅: မဲပေးခြင်း

အခန်း ၆: ကန့်ကွက်ခြင်း၊ တရားမဲ့ ပြုကျင့်ခြင်းများ

အခန်း ၇: တိုက်နယ် ဖွဲ့စည်းခြင်း

အခန်း ၈: ဒေသန္တရအဖွဲ့ ဖွဲ့စည်းခြင်း

အခန်း ၉: ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ ရွေးချယ်ခြင်း

အခန်း ၁၀: ဒေသန္တရအဖွဲ့၏ သာမန်အစည်းအဝေးများ

အခန်း ၁၁: ဌာန ဖွဲ့စည်းခြင်း

အခန်း ၁၂: ရာထမ်းမှုထမ်းများ

အခန်း ၁၃: တာဝန်ဝတ္တရားနှင့် အခွင့်အာဏာများ

အခန်း ၁၄: ဒေသန္တရ ရန်ပုံငွေ

အခန်း ၁၆: အခွန်စည်းကြပ်ခြင်း

အခန်း ၁၇: ဒေသန္တရအဖွဲ့များ ကြီးကြပ်ခြင်း

အခန်း ၁၈: ဝတ်တရား ပျက်ကွက်မှုများ

အခန်း ၁၉: ကျေးရွာရဲအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့များ

အခန်း ၂၀: ကျေးရွာတရားရုံး၊ ရာဇဝတ်မှု စစ်ဆေးခြင်း၊ တရားမမှု စစ်ဆေးခြင်း

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး နည်းဥပဒေများကို ပုဒ်မပေါင်း ၂၁၁ ခုဖြင့် ပြဋ္ဌာန်းထားသည်။

အက်ဥပဒေ၏ ထူးခြားချက်များ

[ပြင်ဆင်ရန်]

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး၏ ထူးခြားချက်မှာ ဤဥပဒေကို နိုင်ငံတော်သမ္မတက နည်းဥပဒေတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မည်သည့်ဒေသတွင်၊ မည်သည့်နေ့ရက်၌ အတည်ဖြစ်စေရမည်ဟု အမိန့်ထုတ်ပြန် သတ်မှတ်နိုင်ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတကိုယ်တိုင် အမိန့်ထုတ်ပြန် ကြေညာရသည့် ဥပဒေဖြစ်သည်။

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးစနစ်အရ ကျေးရွာ၊ ရပ်ကွက်၊ မြို့မ၊ မြို့နယ်၊ ခရိုင်ကောင်စီ အဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး မိမိတို့ ကောင်စီအလိုက် သီးခြားစီမံ အုပ်ချုပ်ခွင့် ရရှိကြသည်။

ဖွဲ့စည်းခွင့်ရှိသော ဌာနများ

[ပြင်ဆင်ရန်]

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးတွင် ခရိုင်ကောင်စီ သို့မဟုတ် မြို့နယ်ကောင်စီများသည် မိမိတို့ဒေသအလိုက် အောက်ပါဌာနများကို ဖွဲ့စည်းထားခွင့်ရှိသည်-

  • ဗဟိုဌာန
  • အထွေထွေဌာန
  • တရားဌာန
  • ပြန်ကြားရေးဌာန
  • ဘဏ္ဍာရေးဌာန
  • အခွန်တော်ဌာန
  • လမ်းလုပ်ငန်းဌာန
  • အဆောက်အဦဌာန
  • ကာကွယ်ရေးဌာန
  • ရဲဌာန
  • မီးသတ်ဌာန
  • ပညာရေးဌာန
  • ဆေးကုဌာန
  • ကျန်းမာရေးဌာန
  • သန့်ရှင်းရေးဌာန
  • သစ်တောဌာန
  • လယ်ယာစိုက်ပျိုးရေးဌာန
  • မြေစာရင်းဌာန
  • ဆည်မြောင်းတာတမံဌာန
  • သမဝါယမဌာန
  • တိရစ္ဆာန်ဆေးကုဌာန
  • ရာထမ်းမှုထမ်းနှင့် အခွန်စည်းကြပ်ခွင့်

နည်းဥပဒေ ပုဒ်မ (၇၈) တွင် အာဏာတည်ချိန်မှစ၍ မိမိတို့ ကောင်စီအလိုက် ရာထမ်းမှုထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ကောင်စီတိုင်းသည် မိမိတို့ ခန့်ထားသည့် ရာထမ်းမှုထမ်းအသီးသီး၏ အရည်အချင်းနှင့် လစာများကို နိုင်ငံတော်အစိုးရက ခန့်ထားသည့် ရာထမ်းမှုထမ်းအသီးသီးအတွက် သတ်မှတ်ထားသော အရည်အချင်းထက် မလျော့သော အရည်အချင်းနှင့်၊ မပိုသော လစာကို သတ်မှတ်နိုင်သည်။ (ပုဒ်မ-၈၁)။

ထို့ပြင် မိမိတို့ ကောင်စီအလိုက် အခွန်စည်းကြပ်ပိုင်ခွင့်များကို အခန်း ၁၆၊ ပုဒ်မ ၁၀၉ တွင် ပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာ အခွန်များကို စနစ်တကျ စီမံဆောင်ရွက်ရန်လည်း သတ်မှတ်ထားသည်။

ကျေးရွာရဲအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့

[ပြင်ဆင်ရန်]

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး၏ ထူးခြားချက်တစ်ရပ်မှာ ကျေးရွာရဲအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားပိုင်ခွင့် ဖြစ်သည်။ ပုဒ်မ-၁၇၃ တွင် ကျေးရွာတိုင်း၌ အက်ဥပဒေ ပုဒ်မ-၄၃ အရ ဖွဲ့စည်းသည့် "ကျေးရွာရဲအဖွဲ့ တစ်ဖွဲ့ရှိရမည်" ဟူ၍ ပါရှိသည်။ ထိုရဲအဖွဲ့တွင် ကျေးရွာရဲမှုထမ်းတစ်ဦးအပြင် ရွာခေါင်းများ ပါဝင်စေရမည်ဟု ဆိုထားပြီး ပုဒ်မ ၁၇၃၊ အပိုဒ် ၄ တွင် "ကျေးရွာရဲအဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရရဲအဖွဲ့၏ အစိတ်အပိုင်း မဟုတ်ဘဲ သီးခြားအဖွဲ့တစ်ဖွဲ့ ဖြစ်ရမည်" ဟူ၍ ပြဋ္ဌာန်းထားသည်။

အခန်း (၂၀) တွင် ကျေးရွာတရားရုံးများ ဖွင့်လှစ်ပြီး အမှုစစ်ဆေးပိုင်ခွင့်များအား သတ်မှတ်ပြဋ္ဌာန်းပေးထားကြောင်းလည်း လေ့လာတွေ့ရှိရသည်။

ပြည်တော်သာ စီမံကိန်းနှင့် အကောင်အထည်ဖော်မှု

[ပြင်ဆင်ရန်]

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးစီမံကိန်းသည် ကိုလိုနီခေတ် လက်ကျန် ဗျူရိုကရေစီ ယန္တရားနေရာတွင် ဒီမိုကရေစီ ယန္တရားဖြင့် အစားထိုးရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် ပြည်တော်သာ စီမံကိန်းကို စတင်ဆောင်ရွက် အကောင်အထည်ဖော်ခဲ့သည်။ ထိုစီမံကိန်းတွင် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးစီမံကိန်းလည်း ပါဝင်ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေသည် အင်းစိန်ခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဖြူခရိုင်တို့တွင် ၁၉၅၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် စတင် အာဏာတည်ခဲ့သည်။ နောက်ပိုင်းတွင် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးကို ကုလသမဂ္ဂ အကူအညီဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စနစ်၏ အားနည်းချက်နှင့် ဝေဖန်သုံးသပ်ချက်

[ပြင်ဆင်ရန်]

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးစနစ်သည် မူအားဖြင့် ကောင်းမွန်သော်လည်း မြန်မာနိုင်ငံ၏ ထိုစဉ်က ပကတိအနေအထားအရ စည်းကမ်းတကျ အကောင်အထည်ဖော်ရန် အချိန်စောလွန်းသေးသဖြင့် မအောင်မြင်ခဲ့ဟု ဆိုရပေမည်။

အုပ်ချုပ်ရေးအရ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသအလိုက် ကောင်စီအသီးသီးဖွဲ့ပြီး ရပ်ကျိုး၊ ရွာကျိုး၊ ဒေသအကျိုး ဆောင်ရွက်ရန် ဖြစ်သော်လည်း နိုင်ငံရေးပါတီများ၏ လှုပ်ရှားစည်းရုံးမှုများ၊ ခြေထိုးမှုများကြားတွင် ဂိုဏ်းဂဏ ကွဲခြင်း၊ အုပ်စု ကွဲခြင်းတို့ဖြင့်သာ အဖတ်တင်ခဲ့ရသည်။

ကျေးရွာကောင်စီအဆင့်ဆင့် ရွေးကောက်ပွဲများ၊ မြူနီစီပယ် ရွေးကောက်ပွဲများတွင် ရပ်ကျိုး၊ ရွာကျိုး ဆောင်ရွက်လိုသူများကို ရွေးကောက်တင်မြှောက်ရမည့်အစား နိုင်ငံရေးပါတီများနှင့် ဆက်နွှယ်နေသူများ ဝင်ရောက် ခြေရှုပ်ခဲ့ကြသည်။ ပါတီနိုင်ငံရေး မကင်းသည့် အုပ်ချုပ်ရေးအဖွဲ့များ ဖြစ်လာသဖြင့် ပြည်သူလူထု လူတန်းစားများနှင့် ကင်းကွာကာ နိုင်ငံရေးပါတီများ အားပြိုင်တိုက်ခိုက်သည့် စစ်တလင်း အသွင်ဆောင်လာခဲ့သည်။

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး ဒေါက်တာမောင်မောင်၏ "တို့ပြည်ထောင်မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ" တွင် ဝေဖန်သုံးသပ်ထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်-

"အုပ်ချုပ်ရေးယန္တရားသည် အုပ်ချုပ်ဖို့ဖြစ်သည်။ နိုင်ငံရေးပါတီများ ဘောလုံးပွဲ ကစားဖို့၊ ကန်ကျောက်ဖို့ ဘောလုံးမဟုတ်။ အုပ်ချုပ်ရေးယန္တရားသည် တိုင်းပြည်အတွက်ဖြစ်သည်။ ပြည်သူ့ငွေဖြင့် တည်ဆောက်ခုတ်မောင်းရသော ယန္တရားဖြစ်သည်။ နိုင်ငံရေးပါတီတစ်ခုအတွက် မဟုတ်။ မည်သည့်လူတစ်စုအတွက်မျှ မဟုတ်။ ပြည်သူအားလုံးအတွက် အသုံးတော်ခံရမည်။ အုပ်ချုပ်ရေးယန္တရားတွင် နိုင်ငံရေးပါတီ သံယောဇဉ် မရှိရ။ တိုင်းပြည်အပေါ်တွင်သာလျှင် မြဲမြံစွာ သစ္စာထားရမည်။ အခါအားလျော်စွာ ပြည်သူတို့က ရွေးကောက်တင်မြှောက်သဖြင့် တက်ရောက်၍ အစိုးရ၏ ညွှန်ကြားချက်များကို မသွေမဖီ လိုက်နာဆောင်ရွက်ရမည်။ ပြည်သူတို့က တင်မြှောက်သော အစိုးရအဖွဲ့က လမ်းစဉ်ကို ချမှတ်ပေး၍၊ အုပ်ချုပ်ရေးယန္တရားက ထိုလမ်းစဉ်အတိုင်း ခုတ်မောင်းသွားရသည်။ ထိုကဲ့သို့ သူ့နေရာနှင့်သူ့နေရာ၊ သူ့တာဝန်နှင့် သူ့တာဝန် စနစ်တကျ ခွဲခြားထား၍ စည်းကမ်းရှိရှိ စောင့်ထိန်းခြင်းမပြုဘဲ၊ နိုင်ငံရေးပါတီများ အုပ်ချုပ်ရေးယန္တရားတွင် ဝင်၍ မွှေနှောက်၊ အုပ်ချုပ်ရေးပိုင်းကလည်း ပါတီနိုင်ငံရေးတွင် စွက်ဖက်ပါဝင်ကြလျှင် ဖရိုဖရဲ ဖြစ်တတ်သည်။ တိုင်းပြည် ပျက်တတ်သည်"

ဤသုံးသပ်ချက်သည် နှစ်ပေါင်း ၅၀ ကြာခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင် ပြန်လည်သုံးသပ်နိုင်သေးသည့် နိုင်ငံရေးဖြစ်ရပ်မှန်တစ်ခုအဖြစ် ရှုမြင်သုံးသပ်နိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]