ဒိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒိုင်း[ပြင်ဆင်ရန်]

ဒိုင်း၊ လွှားကာ တို့သည် ရှေးမြန်မာတို့၏ စစ်လက်နက် ကရိယာများ ဖြစ်လေသည်။ ဒိုင်းအကြောင်းကို မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၊ စတုတ္ထပိုင်းတွင် ဤသို့ ဖော်ပြထား၏။ 'ဒိုင်းမှူးဆိုသည်ကား ဒိုင်းလက်နက်ကိုင် အမှုထမ်းအစုသား တို့ အကြီးအကဲကို ဆိုလိုသည်။ ဒိုင်းသည်ကား အလျား တစ်တောင်ထွာခန့်၊ အနံတစ်တောင်ခန့် သားရေကို စိန်ကတုံး ကဲ့သို့ ခုံးခုံးလုပ်၍၊ သစ္စေးသားရိုးကိုင်ပြီးလျှင် ဟင်္သပြဒါးအနီ ၂ စု၊ ရွှေတစ်စုခြယ်လှယ်ထားသော လက်နက်ကို ဆိုလိုသည်။

ဒိုင်းကို အသုံးပြုပုံမှာ စစ်တိုက်သည့်အခါ စစ်ထဲမှာပါသော ဆင်မြင်းများကို ချောက်လှန့်ခြင်း၊ ကာများကဲ့သို့ မြားခဲလုံးကို ကွယ်ကာခြင်းများတွင် အသုံးပြုသည်။ ဆင်မြင်းများကို ချောက် လှန့်ပုံမှာ ဒိုင်းကို တုတ်တိုကလေးနှင့် တစ်တပ်လုံး တပြိုင်နက် တီးရိုက်ရသည်။ ထိုကဲ့သို့ တီးရိုက်သည့်အသံမှာ နားမခံသာ အောင် အားကြီးခြင်းရှိသောကြောင့် သတ္တိနည်းပါးသော ဆင် များ မြင်းများသည် တနည်းအားဖြင့် တိုက်ပွဲတွင် မပါမဝင်ဘူး သော ဆင်မြင်းများသည် ဒိုင်းချောက်သံကို ကြားသည်နှင့် တပြိုင်နက် ထွက်ပြေးတတ်သည်။ သို့ရာတွင် ထိုလက်နက် မျိုးမှာ ရှေးအခါကသာ အသုံးဝင်သည်။ သေနတ်၊ အမြောက်ဗုံး စသောဘေးရန်ကို ကာကွယ်နိုင်သည်မဟုတ်။'

သို့သော် ဘကြီးတော်လက်ထက်ကို မှီလိုက်သော ဆရာ ယုဒသန်က ဒိုင်း၏ပုံသဏ္ဌာန်ကို အဝိုင်းဟုဆို၏။ ကွယ်လွန်သူ ဝန်ထောက်မင်း ဦးမောင်မောင်တင်၏ မှတ်စုမှ ရုပ်ပုံသည် လည်း ဝိုင်းဝိုင်းပင်ဖြစ်သည်။ မင်းတုန်းမင်းတရား ကျောက် တော်ကြီးထွက်တော်မူခန်း ပုရပိုက်တွင်ပါသည့် ဒိုင်းပုံမှာလည်း အဝိုင်းပင်ဖြစ်သည်။

လွှား၊ ကာ အတတ်ကို ရှေးအခါက များစွာ အရေးပေးခဲ့ လေသည်။ လွှား၊ ကာ အတတ်ကို ကောင်းစွာတတ်ကျွမ်း၍၊ လွှားရေး၊ ကာရေး အပြကောင်းသူတို့ကို လူအများက ဝိုင်းဝန်း အားကျကြသည်။ ခြီးမွမ်းမြေ|ာက်စားကြသည်။ ရိုသေကြောက်ရွံ့ ကြသည်။ သရက်မင်းဆက်တွင် ဆင်ဖြူရှင် သီဟသူသည် ကာက အလွန်ကောင်းသည်ဟု ကျော်စောလေသည်။

ဒိုင်း၊ လွှား၊ ကာတို့မှာ တဘက်ရန်သူ၏ ဓားချက် လှံချက် မြားချက်တို့ကို ကာကွယ်ရုံအတွက်သာမက စစ်ပွဲ၌ စစ်ဆင်များ ကို ခြောက်လှန့်ရန်အတွက်လည်း အသုံးပြုသေးသည်။ ယင်း ကြောင့်လည်း ဒိုင်း၊ လွှား၊ ကာစွဲ သူရဲတို့သည် ဆင်တော်၏ ဝဲယာ ရှေ့နောက်မှ ခြံရံ၍ လိုက်ပါကြရခြင်းဖြစ်သည်။ ယင်း ဒိုင်း၊ လွှား၊ ကာတို့ကိုလည်း ဝင်းတော် လေးမျက်နှာသားတို့ သာ အမြဲတမ်း ကိုင်ဆောင်ကြသည်ကို ရာဇဝင်များ၌ တွေ့ရ ပြီးလျှင်၊ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့လက်ထက် စစ်ပွဲကြီး များတွင် များစွာထည့်သွင်းအသုံးပြုခဲ့သည်ကို တွေ့ရှိရပေသည်။

ကုန်းဘောင်ခေတ်တွင်ကား ဘုရင့်နောင်တို့ခေတ်မှာလောက် စစ်ဘက်အသုံးတွင် များများစားစား မတွေ့ရတော့ဘဲ မင်းခမ်း မင်းနားများတွင်သာ ဒိုင်း၊ လွှား၊ ကာကိုင်တို့ကို စီစဉ်နေရာချ ထားပေတော့သည်။

ဒိုင်း၊ လွှား၊ ကာတို့ကို သားရေဖြင့် ပြုလုပ်သောကြောင့်၊ အစာငတ်မွတ်သောအခါ၊ ချက်ပြုတ်စားကြရသည်ကိုလည်း မဏိရတနာပုံကျမ်းတွင် 'ဘုရင်မင်းခေါင် သားတော်မင်းရဲ ကျော်စွာ မြို့ကိုဝန်းရံသောကြောင့် ငတ်မွတ်လှသဖြင့် ကာ လွှား မောက်တို့တို့ကို ချက်ပြုတ်၍ စားရချေသည်။'ဟူ၍ တွေ့ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)