ဒိန်ရတန်၊ ဦး

ဝီကီပီးဒီးယား မှ

ဦးဒိန်ရတန် သည် သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဦးဒိန်ရတန်ကို အဖ ဦးရှကောန်ဂမ်နှင့် အမိ ဒေါ်ထင်ဆေးနန်တို့ က ၁၉၁၈ ခုနှစ် တွင် ကချင်ပြည်နယ် မချမ်းဘောမြို့နယ် ခူလမ်းရွာ၌ မွေးဖွားသည်။ မွေးချင်းများတွင် ပဉ္စမ မြောက်သား ဖြစ်သည်။

ဦးဒိန်ရတန် ငယ်စဉ်က မချမ်းဘောတွင် ပညာသင်ကြားရန် စာသင်ကျောင်း မရှိသဖြင့် မိုင် ( ၂၃၀ ) ကျော်ဝေးသော မြစ်ကြီးနားမြို့သို့ ခြေကျင်သွားပြီး ပညာ သင်ကြားခဲ့ရသည်။ အစ်ကိုကြီး ဦးဒိန်ရခင် ၏ ထောက်ပံ့မှုဖြင့် မြစ်ကြီးနားမြို့ အေဘီအမ် သာသနာပြုကျောင်း၌ ၁၉၂၇ ခုနှစ်တွင် သူငယ်တန်းမှ စ၍ ပညာသင်ကြားသည်။ ၁၉၃၄ ခုနှစ်တွင် သတ္တမတန်း အောင်မြင်ပြီးနောက် ကျောင်းထွက်ပြီး ခူလမ်းရွာရှိ မိဘများထံ ပြန်လည်နေထိုင်သည်။ ၁၉၃၇ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၄၂ မေလ အထိ မိုးကောင်းမြို့နယ် မရမ်းကျေးရွာတွင် ကြံတောသူ ဘဝဖြင့် အသက်မွေးခဲ့သည်။

နယ်ချဲ့ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရေးအတွက် ၁၉၃၈ မှ စ၍ ဆမားဒူးဝါ ဆင်ဝါးနောင်နှင့် အတူ ‘ဂျန်းဖောကန်ဖန်ဖုံ’ ကို နမ္မတီးကျေးရွာတွင် လျှို့ဝှက် စွာ ဖွဲ့စည်းတည်ထောင်ပြီး စည်းရုံး လှုပ်ရှားခဲ့သည်။

ဦးဒိန်ရတန်သည် ၁၉၄၁ ခုနှစ်၊ ဇွန်လ ( ၃ )ရက်နေ့တွင် ဒေါ်အက်စ်ဘန်ထွယ်နှင့် အိမ်ထောင်ပြုသည်။ ၁၉၄၂ ခုနှစ်၊ ဧပြီလမှ ၁၉၄၄ ခုနှစ်၊ ဩဂုတ်လ အထိ ကားမိုင်းမြို့နယ် ဂေါရီရွာတွင် ဇနီး၏ မိဘများ နှင့် အတူ နေထိုင်ခဲ့သည်။ ၁၉၄၄ ခုနှစ် အင်္ဂလိပ် အရပ်ဘက် အုပ်ချုပ်ရေး၌ တောင်အုပ်အဖြစ် အမှုထမ်းရသည်။

၁၉၄၆ ခုနှစ်၊ ဇွန်လတွင် တောင်အုပ်ရာထူးမှ နုတ်ထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ အဖွဲ့ကြီးနှင့် ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၄၇ ဖေဖော်ဝါရီလ ( ၈ ) ရက်မှ ( ၁၂ ) ရက်နေ့အထိ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပပြုလုပ်သော ပင်လုံညီလာခံသို့ မြစ်ကြီးနားမြောက်ပိုင်း ကချင်လူထု ကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီး သမိုင်ဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လမှ ၁၉၅၁ ခုနှစ် အထိ မြစ်ကြီးနားမြို့ ကချင် အမျိုးသား ကွန်ဂရက်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် နှင့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေး အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးဒိန်ရတန်သည် ၁၉၅၂ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြောက်ပိုင်း မဲဆန္ဒနယ် ပါလီမန် အမတ်အဖြစ် အရွေးခံရပြီး ၁၉၅၄ ခုနှစ်မှ စ၍ ကချင်ပြည်နယ်အစိုးရ ပြည်သူ့ငွေစာရင်းစစ် ကော်မတီ ဥက္ကဋ္ဌ၊ ၁၉၅၆ အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနား မြောက်ပိုင်း မဲဆန္ဒနယ် ပါလီမန် အမတ် အဖြစ် ပြန်လည်အရွေးခံရပြီး ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၆၀ ပြည့်နှစ်၊ မတ်လ အထိ ကချင်ပြည်နယ် အစိုးရပြည်နယ် ကောင်စီ သဘာပတိ၊ ကြံတောင်သူလယ်သမား အစည်းအရုံး ဥက္ကဋ္ဌ စသည့်တာဝန်များ ကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြောက်ပိုင်း မဲဆန္ဒနယ် ပါလီမန် အမတ် အဖြစ် ထပ်မံရွေးခံရပြီး ပါလီမန် အမတ် အဖြစ် ဆက်လက် ဆောင်ရွက်ခဲ့သည်။

ဦးဒိန်ရတန်သည် တော်လှန်ရေး အစိုးရလက်ထက်၌ တော်လှန်ရေး ကောင်စီ၏ တာဝန်ပေးချက်အရ ကချင်ပြည်နယ် ဦးစီးအဖွဲ့ ဥက္ကဋ္ဌ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားမြောက်ပိုင်း မဲဆန္ဒနယ်ပါလီမန် အမတ် အဖြစ် ထပ်မံ အရွေးခံရပြီး ပါလီမန် အမတ်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဦးဒိန်ရတန်သည် တော်လှန်ရေး အစိုးရလက်ထက်၌ တော်လှန်ရေး ကောင်စီ၏ တာဝန်ပေးချက်အရ ကချင်ပြည်နယ် ဦးစီးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ၁၉၆၂ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့မှ စ၍ ထမ်းဆောင်ခဲ့သည်။ မြစ်ကြီးနားမြို့၌ ဘိန်းဖြတ် ဆေးရုံ ( ယခု မူးယစ်ဆေးစွဲ ရောဂါကုဆေးရုံ ) တည်ဆောက်ကုသပေးခြင်း၊ ဆရာ အတတ်သင်ကျောင်း ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းနှင့် မြစ်ကြီးနား ဒီဂရီကောလိပ် တည်ထောင်နိုင်ခြင်းတို့သည် ဦးဒိန်ရတန်၏ ကချင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များတွင် အပါအဝင် ဖြစ်သည်။ ထို့ပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်း၍ နမ္မတီးတွင် သကြားစက် တည်ဆောက်ရေး ကော်မတီ ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကာ နမ္မတီး သကြားစက်ကို တည်ထောင်ခဲ့သည်။ ဦးဒိန်ရတန်သည် ၁၉၇၀ ပြည့်နှစ်တွင် လားရှိုးမြို့၌ ဖွင့်လှစ်သော စစ်ဗျူဟာ ကော်မတီ အဖွဲ့ဝင်၊ ၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသော အဖွဲ့ဝင် ( ၉၇ ) ဦး ပါဝင်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ( မူကြမ်း ) ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင်၊ ထိုကော်မရှင်တွင် နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်း ( ၃ ) ကို အသေးစိတ်ရေးဆွဲသည့် အဖွဲ့ဝင် ( ၁၀ )ဦးပါ ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံ ဥပဒေ မူကြမ်း ရှင်းလင်းရေး အဖွဲ့၊ အဖွဲ့ခွဲ ( ၅ ) ဒုတိယခေါင်းဆောင်၊ ၁၉၇၂ ခုနှစ်တွင် ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်၊ ၁၉၇၃ ခုနှစ်တွင် ကျင်းပသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဦးဒိန်ရတန်သည် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ အတွင်းကျင်းပသောသ ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် ကချင်ပြည်နယ် နောင်မွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံရပြီး ၁၉၇၄ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှ နိုင်ငံတော် ကောင်စီဝင် အဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံရသည်။ နိုင်ငံတော် ကောင်စီဝင် အဖြစ် ၁၉၇၈ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် ကချင်ပြည်နယ် မချမ်းဘောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံရပြီး ၁၉၇၈ ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့မှ ၁၉၈၂ ခုနှစ်အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဦးဒိန်ရတန်သည် နိုင်ငံ့တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းသည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ( ပထမဆင့် ) ကို ရရှိခဲ့သည်။ နိုင်ငံရေး ခေတ်အဆက်ဆက်တွင် အာဏာပိုင်အဖွဲ့အစည်းများတွင် တာဝန်ယူခဲ့သော်လည်း လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းပြီး ကိုယ်ကျိုးစီးပွားအတွက် မည်သည့် အခွင့်အရေးကိုမျှ မယူခဲ့ချေ။

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တစ်တပ်တစ်အား ပါဝင်ခဲ့ရုံမျှ မက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စွမ်းဆောင်ခဲ့သော ကချင်ပြည်နယ် ဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း၊ အငြိမ်းစားနိုင်ငံ တော် ကောင်စီဝင်၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ( ပထမဆင့် ) ရ ဦးဒိန်ရတန်သည် ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ ( ၆ ) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အင်စ်ဘန်ထွယ်၊ သားငါးယောက်၊ သမီးနှစ်ယောက်ကျန်ရစ်သည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

[၂]

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ( ၁၉၉၃ ) စာ ၂၀၈ - ၂၀၉။
  2. ဦးဒိန်ရတန်။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဇန်နဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။