မာတိကာသို့ ခုန်သွားရန်

ဒလက်ချောင်းဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
ဒါးလက်ချောင်း လေကြောင်းတိုက်ခိုက်ခံရမှု
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ် ၏ တစ်စိတ်တစ်ပိုင်း
ဒါးလက်ချောင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒါးလက်ချောင်း
ဒါးလက်ချောင်း
အမ်းမြို့နယ်အတွင်း ဒါးလက်ချောင်း တည်နေရာ
နေရာဒါးလက်ချောင်းဒေသ၊ အမ်းမြို့နယ်
ကိုဩဒိနိတ်19°51′59″N 93°38′01″E / 19.8665°N 93.6335°E / 19.8665; 93.6335ကိုဩဒိနိတ်: 19°51′59″N 93°38′01″E / 19.8665°N 93.6335°E / 19.8665; 93.6335
ရက်စွဲ၈ မတ် ၂၀၂၆
နံနက် ၁၁:၀၂ – မွန်းလွဲ ၂:၂၈
သေဆုံးသူဦးရေစစ်သုံ့ပန်း ၁၁၆ ဦး နှင့် အရပ်သားအချို့
ဒဏ်ရာရဦးရေ
၃၂ ဦး (စစ်သုံ့ပန်း) နှင့် အရပ်သားအချို့
ပြစ်မှုကျူးလွန်သူများ တပ်မတော် (လေ)
  • လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်သုံ့ပန်းအကျဉ်းစခန်းနှင့် အဆောက်အအုံများ ပျက်စီးခဲ့သည်။
  • ၂၀၂၃ ခုနှစ်နောက်ပိုင်း အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းရှိ စစ်သုံ့ပန်းစခန်းများ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည်။အလားတူဖြစ်စဉ်များမှာ - ချောင်းတူဖြစ်စဉ် (၂၀၂၆ ဇန်နဝါရီ ၂၀)၊ ရမ်းချောင်းဖြစ်စဉ်(၂၀၂၅ ဇန်နဝါရီ ၁၈)၊ ရှင်ရွာဖြစ်စဉ် (၂၀၂၄ စက်တင်ဘာ ၈)၊ နခခ(၂)ဖြစ်စဉ် (၂၀၂၄ စက်တင်ဘာ ၉) တို့ဖြစ်သည်။

ဒလက်ချောင်းဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နောက်ဆက်တွဲ ပြည်သူ့ခုခံတော်လှန်စစ် ကာလအတွင်း၊ ရခိုင်ပြည်နယ်အမ်းမြို့နယ်၊ဒလက်ချောင်းဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ယခုဖြစ်စဉ်သည် လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်း အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း သေဆုံးခဲ့သည်။[]

ဖြစ်စဉ်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ် မတ်လ ၈ ရက်၊ နံနက် ၁၁:၀၂ မှ မွန်းလွဲ ၂:၂၈ အချိန်အထိ၊ တပ်မတော်က ဂျက်ဖိုက်တာ လေးစင်းနှင့် Y-12 လေယာဉ်လေးစင်းများဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။[]

ထိခိုက်သေဆုံးမှုအခြေအနေများ

[ပြင်ဆင်ရန်]

ထိုတိုက်ခိုက်မှုကြောင့် မတ် ၁၁ ရက် အချိန်အထိ စာရင်းများအရ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အေအေဘက်က ထုတ်ပြန်ခဲ့သည်။သေဆုံးသူများတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ အရာရှိကြီးများ ဖြစ်ကြသော ဗိုလ်မှူးချုပ် မြင့်ရွှေ၊အခြားဗိုလ်မှူးများနှင့် စစ်ဆေးဆရာဝန်များဖြစ်သည့် ခွဲစိတ်ခန်းကျွမ်းကျင်သူနာပြု ဗိုလ်ကြီး ဖြိုးသူရိန်အေးနှင့် ဓာတ်မှန်ပါရဂူ ဗိုလ်ကြီး အောင်အောင်ဆက်တို့ပါဝင်ကြသည်။[]

အာရက္ခတပ်တော်မှ ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူ စစ်သုံ့ပန်းအချို့တွင် "သံဒေါက်" ဟု ခေါ်ဆိုသည့် သံခြေကျင်းများ ခတ်ထားသည်ကို တွေ့ရှိရသည်။ အကျဉ်းသားများကို ထိန်းသိမ်းထားသည့် သံပန်းလှောင်အိမ်သဏ္ဌာန် အချုပ်ခန်းများမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းထားသည်ကို တွေ့ရသည်။[]

တုံ့ပြန်မှုများနှင့် ကွဲလွဲချက်များ

[ပြင်ဆင်ရန်]

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူးဟောင်း (လက်ရှိစစ်သုံ့ပန်း) ဗိုလ်မှူးချုပ် သောင်းထွန်းက ဒေသတွင်းမီဒီယာအချို့နှင့် တွေ့ဆုံမေးမြန်းမှုတွင် တပ်မတော်အနေဖြင့် အဆိုပါနေရာသည် အကျဉ်းစခန်းဖြစ်ကြောင်း ကြိုတင်ကင်းထောက် သိရှိလျက်နှင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။[]

သို့သော်လည်း တပ်မတော်ထောက်ခံသူများက ဗိုလ်မှူးချုပ် သောင်းထွန်းသည် ပြောဆိုချိန်တွင် သံခြေခြင်းခပ်ခံထားရသည်ကို ထောက်ပြပြီး ၎င်း၏ပြောဆိုချက်များသည် ဖိအားပေးစေခိုင်းမှုကြောင့်သာ ဖြစ်နိုင်ကြောင်းနှင့် လွတ်လပ်သည့် ထွက်ဆိုချက် မဟုတ်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။[]

ဝေဖန်သုံးသပ်ချက်များ

[ပြင်ဆင်ရန်]

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပန်းတိုင် (People's Goal) အဖွဲ့က ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ သုံးသပ်ချက်အရ သုံးနာရီခွဲခန့်ကြာအောင် အငြှိုးတကြီးဖြင့် မိမိတို့၏ လက်အောက်ခံ တပ်ဖွဲ့ဝင်ဟောင်းများကို လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်ခဲ့ခြင်းသည် အောက်ခြေစစ်သည်များအပေါ် တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့အတွက် အသေခံမတိုက်ဘဲ လက်နက်ချသူများကို အပြတ်ရှင်းမည်ဟူသော သတင်းစကားကို ပေးလိုခြင်းဖြစ်ပြီး၊ ယခုလုပ်ရပ်သည် အောက်ခြေစစ်သည်များ ကြောက်ရွံ့လာစေရန် စံနမူနာပြ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က သုံးသပ်ဖော်ပြခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. AA ရဲ့ ဒါးလက်ချောင်း အကျဉ်းစခန်းကို စစ်တပ် လေကြောင်းတိုက်ခိုက် ဘီဘီစီသတင်းဌာန(မြန်မာပိုင်း) (၁၂ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. အမ်းမြို့နယ်ဗုံးကြဲမှု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သုံ့ပန်းအများစု သေဆုံး Myanmar Now (၁၁ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  3. အမ်းမြို့ ဗုံးကြဲခံရမှုဖြစ်စဉ်တွင် စစ်သုံ့ပန်း ဆရာဝန် ၂ ဦး သေဆုံးပြီး၊ ၁ ဦး ပြင်းထန် ဒဏ်ရာရ Narinjara (၁၂ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  4. အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (၁၁၆)ဦးသေဆုံးကာ (၃၂) ဦးဒဏ်ရာရ၊ အရပ်သားသုံ့ပန်းအချို့ သေဆုံးဒဏ်ရာရ အာရက္ခတပ်တော် (၁၁ မတ် ၂၀၂၆)။ 14 April 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  5. "သိသိကြီးနဲ့ ဗုံးကြဲတာဟာ စစ်နိုင်ဖို့ နည်းလမ်းမဟုတ်ဘူး၊ ရက်စက်တဲ့ လုပ်ရပ်ပဲ" လို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြော Narinjara TV News (၁၂ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  6. အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား တပ်မ​တော်က လေကြောင်းတိုက်ခိုက် ခဲ့သဖြင့် တပ်မ​တော်သား စစ်သုံ့ပန်း(၁၁၆) ဦး သေဆုံးပြီး အရပ်သားသုံ့ပန်းအချို့ သေဆုံးဒဏ်ရာရရှိခဲ့ဟု AA အဖွဲ့ထုတ်ပြန်မှု သံသယဖြစ်ဖွယ်ရှိ (၁၂ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  7. AAအကျဉ်းစခန်းဗုံးကြဲမှုဟာ စစ်ခေါင်းဆောင် တွေအတွက် အသေခံမတိုက်ခဲ့သူတွေကို အပြတ်ရှင်းခြင်းဟု ပြည်သူ့ပန်းတိုင် သုံးသပ် လူထုနွေဦး (၁၂ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။