ထွန်းရွှေခိုင်၊ ဦး( မဟာဝိဇ္ဇာ )

ဝီကီပီးဒီးယား မှ

ဦးထွန်းရွှေခိုင်( မဟာဝိဇ္ဇာ )[ပြင်ဆင်ရန်]

ဦးထွန်းရွှေခိုင်( မဟာဝိဇ္ဇာ )

ရခိုင် မဟာရာဇဝင်တော်ကြီး ကျမ်းပြုစုသူ ဦးထွန်းရွှေခိုင်( မဟာဝိဇ္ဇာ )ကို ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့ ၊ အဖ ကုန်သည်ကြီး ဦးလာဘ + အမိ ဒေါ်ငွေချိန်တို့မှ ၁၉၄၉ ခုနှစ်တွင် မွေးဖွားခဲ့သည် ။ အမည်ရင်းမှာ ထွန်းရွှေခိုင် ပင်ဖြစ်သည် ။ ၁၉၇၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာ(ပထဝီဝင်)ဘွဲ့ကိုရရှိခဲ့သည် ။ ထိုနှစ်မှာပင် လုပ်သားများကောလိပ် ပထဝီဝင်ဌာနတွင် အချိန်ပိုင်း နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။ ၁၉၇၃ ခုနှစ်တွင် စစ်တွေ ဒေသကောလိပ်၌ ပထဝီဝင်နည်းပြအဖြစ် ဆက်လက်တာဝန်ယူခဲ့သည် ။ ၁၉၇၇ ခုနှစ်တွင် " စစ်တွေမြို့မြေအသုံးချရေး " စာတမ်းဖြင့် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာတန်းကို် ဖြေဆိုအောင်မြင်ပြီးနောက် စစ်တွေ ဒေသကောလိပ်တွင် ပထဝီဝင်ဌာန လ/ထကထိက ၊ ဌာနမှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။


၁၉၇၈ ခုနှစ်တွင် မော်ကွန်းထိန်းအဆင့် ( ၂ ) ဖြင့်လည်းကောင်း စစ်တွေ ဒီဂရီကောလိပ်တွင် မော်ကွန်းထိန်း အဆင့် ( ၁ ) ဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့်နိုင်ငံခြားဘာသာရပ်တက္ကသိုလ်တို့တွင်လည်း တာဝန်များကိုထမ်းဆောင်ခဲ့သည် ။ ထို့နောက် ပါရဂူဘွဲ့ ( Ph.D ) အတွက် " Evolution Of Rakhine Ancient Capitals " ရခိုင်သမိုင်းကိုကျမ်းပြုစု တင်သွင်းခဲ့သည် ။ ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)အမည်ဖြင့် ရခိုင်သမိုင်းစာအုပ်များနှင့်ရခိုင့်ယဉ်ကျေးမှုဆိုင်ရာ သုတေသနစာတမ်း စာအုပ်များစွာတို့ကိုရေးသားပြုစု ထုတ်ဝေခဲ့သည် ။


ထို့နောက် ရခိုင့်သမိုင်းများကိုကမ္ဘာကသိစေရန်အတွက် အင်္ဂလိပ်ဘာ သာဖြင့်ထုတ်ဝေသော " A Guide To Mrauk - U " & " A Guide To Mahamuni " ဟူသော စာအုပ် နှင့် ယခုထုတ်ဝေလိုက်သော " ရခိုင် မဟာရာဇဝင်ကြီး " အပါအဝင် စာအုပ် ရေပေါင်း ၁၈ အုပ် ထုတ်ဝေခဲ့သည် ။ ရခိုင် - မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း ၊ ရခိုင်သမိုင်းသုတေသီ ဆရာတော် အသျှင်စက္ကိန္ဒ ၊ ရခိုင်သမိုင်း စာပေပညာရှင် ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်တို့နှင့်တွဲဖက်၍ ရခိုင်ရေးရာ သမိုင်းစာပေနှင့်နှောင်းခေတ် ရခိုင့် ယဉ်ကျေးမှုများကိုလည်း ဖော်ထုတ်တင်ပြ ဆောင်ရွက်နေပါသည် ။ ယခုအခါ ဆရာကြီးသည် ဇနီးဖြစ်သူ ဒေါ်သန်းသန်းမြင့် ( စစ်တွေဇာတိ ) သား နေမျိုးထွန်း ။ မောင်သန့်ဇင်ထွန်းသမီး မဝါဝါဝင့်ခိုင်တို့နှင့်အတူ ရန်ကုန်မြို တွင်နေထိုင်ရင်း ရခိုင်တို့၏ ထေရဝါဒကိုးကွယ်မှုဆိုင်ရာ အစဉ်အလာ သမိုင်း နှင့်ရခိုင်သမိုင်းစာပေများတို့ တိမ်ကောပျောက်ပျက်မသွားရအောင် သုတေသန ပြု စာတမ်းများစွာတို့ကို ရေးသားလျက်ရှိနေပါသည် ။

ကိုးကား[ပြင်ဆင်ရန်]

ရခိုင် မဟာရာဇဝင်တော်ကြီး၊ ဦးထွန်းရွှေခိုင် ( မဟာဝိဇ္ဇာ )