ထော့မဲဖ

ဝီကီပီးဒီးယား မှ

ထော့မဲဖ သည် ကရင်လူမျိုးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ “ထော့မဲဖ” ဟူသည့် အမည်၏ အဓိပ္ပာယ်မှာ (ထော့ = ဝက်၊ မဲ = အစွယ်၊ ဖ = အဖ၊ အဘိုး၊ ထော့မဲဖ = အဘိုးဝက်စွယ် (သို့) ဘိုးဝက်စွယ်) ဖြစ်သည်။[၁]

ခေါင်းဆောင် ထော့မဲဖ[ပြင်ဆင်ရန်]

ကရင်လူမျိုးများသည် မြောက်အရပ်ဆီမှ မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာခဲ့သည်။ ထိုအခါ ကရင်လူမျိုးတို့၏ ပထမဆုံးအကြီးအကဲ ခေါင်းဆောင်ဖြစ်သည့် “ထော့မဲဖ” သည် မိမိ၏ အမျိုးအနွယ်များကို ကောင်းစွာစောင့်ရှောက်ထား၏။[၁]

တောဝက်၏ ရန်စွယ်ကို နှိမ်နင်းခြင်း[ပြင်ဆင်ရန်]

တစ်ခုသောအချိန်တွင် တောဝက်ကြီးတစ်ကောင်သည် လယ်ယာများကို ဖျက်ဆီးလျက်ရှိ၏။ ထိုအခါ ထော့မဲဖသည် သွားရောက်နှိမ်နင်းလေရာ အောင်မြင်ခဲ့၏။ ထို့နောက် ဝက်သေကောင်ကို ထားရစ်ခဲ့ကာ ပြန်လာခဲ့သည်။ ထို့နောက် ထော့မဲဖ၏ သားများသည် ဝက်သေကောင်ကို သွားရောက်ယူရန် သွားကြည့်သောအခါ တိုက်ခိုက်စဉ်က ကျိုးကျန်ခဲ့သော ဝက်စွယ်တစ်ချောင်းသာ ကျန်ခဲ့လေသည်။

ထို့နောက် ထော့မဲဖသည် ဝက်စွယ်ကို ဘီးလုပ်ကာ အသုံးပြုသည်။ ထိုဝက်စွယ်သည် ဆင်ယင်သူတို့အား နုပျိုသန်မာစေ၏။ ထိုသို့ ထူးဆန်းသဖြင့် လူသူများ များစွာတိုးပွားလာလေသည်။ ထိုအခါ နေရာထိုင်ခင်းအသစ်ရာရှာဖွေရလေသည်။ ထို့နောက်တွင် “ထီဆဲ့မဲယွား” ဟူသည့် မြစ်ကြီးတစ်ခုအနီးသို့ ရောက်ခဲ့လေသည်။

ထိုမြစ်ကြီးတွင် ခရုစသည်တို့ကို ချက်ပြုတ်စားသောက်ရာ ခရီးဖင့်မည်ကို စိုးသဖြင့် ထော့မဲဖသည် နောက်ပါတို့ကို စောင့်မနေဘဲ တစ်ဦးတည်း အရင်ထွက်ခဲ့လေသည်။ ထို့နောက် မိမိသွားရာလမ်းတွင် ခုတ်ထွင်ရှင်းလင်းမီးရှို့ကာ အမှတ်အသား ပြုခဲ့သည်။

နောက်ပါများ လိုက်လာကြသည့်အခါတွင် ထော့မဲဖ အမှတ်အသားပြုခဲ့သော အပင်များသည် အသစ်ပြန်ပေါက်ကာ နေကြပြီဖြစ်သဖြင့် မမီနိုင်ဘဲ ဖြစ်နေလေသည်။ ထိုအချိန်မှ စတင်ကာ ကရင်လူမျိုးတို့၏ ခေါင်းဆောင် “ထော့မဲဖ” သည် ဝက်စွယ်ဘီးကို ယူ၍ ရှေ့သို့ထွက်သွားပြီး ယနေ့ထက်တိုင် မတွေ့ကြရတော့ပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ - ဦးဖိုးကျား