မာတိကာသို့ ခုန်သွားရန်

ထေရီဂါထာ

ဝီကီပီးဒီးယား မှ

ထေရီဂါထာ [ထေရီ+ဂါထာ] ဆိုသည်မှာ ရဟန္တာမထေရီတို့ ကျူးရင့်မြွက်ဆိုသော ဂါထာ (ကဗျာ) စကားအဖွဲ့အနွဲ့၊ ဘုန်းဂုဏ်ဖွဲ့ကျမ်းဟု အဓိပ္ပာယ်ရသည်။ ဤကျမ်းသည် သုတ္တန်ပိဋကတ်၊ ခုဒ္ဒကနိကာယ်တွင် ပါဝင်ပြီး၊ ရဟန္တာမထေရီပေါင်း (၇၃) ပါးတို့၏ ဂါထာပေါင်း (၅၂၆) ပုဒ်ကို နိပါတ်ပေါင်း (၁၆) ခုဖြင့် ဖွဲ့စည်းထားသော အဖိုးတန်ကျမ်းဂန်တစ်ခု ဖြစ်ပါသည်။[]

ထေရီဂါထာ၏ သဘာဝနှင့် ထူးခြားချက်

[ပြင်ဆင်ရန်]

ထေရီဂါထာသည် မြတ်စွာဘုရားရှင်၏ ဥဒါန်းကျူးရင့်သံများကဲ့သို့ပင်၊ ရဟန္တာမထေရီတို့၏ ပုဂ္ဂိုလ်ရေးဘဝအတွေ့အကြုံ၊ တရားထိုးထွင်းသိမြင်မှုနှင့် လွတ်မြောက်ခြင်း၏ ငြိမ်းချမ်းမှုကို အခြေခံ၍ နှလုံးသားမှ ထွက်လာသော ဥဒါန်းကျူးရင့်သံများ ဖြစ်ကြသည်။

ထေရဂါထာ (မထေရ်တို့၏ဂါထာများ) နှင့် နှိုင်းယှဉ်လျှင် ထေရီဂါထာ၌ ထူးခြားသော လွှမ်းမိုးမှုတစ်ခုကို တွေ့ရသည်။ မထေရ်တို့၏ ကျူးရင့်သံများသည် သဘာဝပတ်ဝန်းကျင်၊ တောတောင်၏ ဆိတ်ငြိမ်မှုနှင့် ဝိဝေကတရားကို အခြေခံသည်က များသော်လည်း၊ မထေရီတို့၏ ကျူးရင့်သံများတွင်မူ မိမိတို့၏ ပုဂ္ဂိုလ်ရေး ခံစားချက်နှင့် ဘဝအတွေ့အကြုံများ က ပိုမိုလွှမ်းမိုးနေသည်ကို တွေ့ရသည်။ ဤသည်မှာ ၎င်းတို့၏ လူ့ဘဝနောက်ခံနှင့် ရင်ဆိုင်ခဲ့ရသော အခက်အခဲများကြောင့် ဖြစ်သည်။

မထေရီမတို့၏ ဘဝနှင့် ကြံ့ခိုင်မှု

[ပြင်ဆင်ရန်]

ဘိက္ခုနီသာသနာတော်သည် ယခုအခါ ကွယ်ပျောက်သွားပြီဖြစ်သော်လည်း မထေရီမတို့၏ ဂုဏ်ကျေးဇူးကို အထင်အမြင်မသေးသင့်ချေ။ အကြောင်းမှာ-

  • လူမှုရေးအခက်အခဲ: ဇာတ်ခွဲခြားမှုပြင်းထန်ပြီး အမျိုးသမီးကို နှိမ့်ချဆက်ဆံသော မဇ္ဈိမဒေသ၏ လူမှုပတ်ဝန်းကျင်မှ ရုန်းထွက်ခဲ့ရသည်။
  • စည်းကမ်းတင်းကြပ်မှု: ရဟန်းယောက်ျားများထက် ပိုမိုတင်းကြပ်သော ဝိနည်းစည်းကမ်းများကို လိုက်နာကျင့်သုံးခဲ့ရသည်။
  • လက်တွေ့အခက်အခဲ: လှူဒါန်းထောက်ပံ့မည့်သူ ရှားပါးခြင်း၊ ယောက်ျားတို့၏ မထိတထိ စော်ကားနှောင့်ယှက်မှုကို ခံရခြင်းစသော အခက်အခဲမျိုးစုံကြားတွင် တရားဓမ္မကို အားထုတ်ခဲ့ကြရသည်။

ဤသို့သော အခြေအနေများကြားမှ ရဟန်းယောက်ျားများနည်းတူ အရဟတ္တဖိုလ်တည်းဟူသော အမြင့်မြတ်ဆုံးတရားကို ရယူနိုင်ခဲ့ကြခြင်းသည် မထေရီမတို့၏ သတ္တိ၊ ဝီရိယနှင့် ပညာဉာဏ်တို့ကို ဖော်ပြနေပါသည်။

ထေရီဂါထာမှ ထင်ရှားသော ကျူးရင့်သံများ

[ပြင်ဆင်ရန်]

မထေရီမတို့၏ ဘဝနောက်ခံသည် စုံလင်လှပြီး ၎င်းတို့၏ လွတ်မြောက်ခြင်းဆိုင်ရာ ကျူးရင့်သံများသည်လည်း ထိမိလှပါသည်။

၁။ လောကီဝဋ်ဒုက္ခမှ လွတ်မြောက်ခြင်း

  • မုတ္တာထေရီမ သည် အိမ်မှုကိစ္စ၏ ပင်ပန်းမှုနှင့် ခါးကုန်းသော လင်၏ ဒုက္ခမှ လွတ်မြောက်သွားပုံကို "ငါသည် တကုန်းကုန်းဖြင့် ထောင်းထုလုပ်ကိုင်ရသော ဆုံမှလည်းကောင်း၊ ကျည်ပွေ့မှလည်းကောင်း၊ ခါးကုန်းသော လင်မှလည်းကောင်း လွတ်မြောက်သဖြင့် အလွတ်မြောက်ကြီး လွတ်မြောက်သူဖြစ်ကြောင်း" ဝမ်းမြောက်ဝမ်းသာ ကျူးရင့်ခဲ့သည်။
  • သုမင်္ဂလမာတာထေရီမ သည် ဆင်းရဲမွဲတေမှုနှင့် အရှက်မရှိသော လင်၏ ဒုက္ခဘဝမှ လွတ်မြောက်၍ ချမ်းသာစွာ ဈာန်ဝင်စားနိုင်ကြောင်း ဖွဲ့ဆိုခဲ့သည်။
  • အခြားမထေရီမများကလည်း လူ့ဘဝက ပြည့်တန်ဆာဘဝ ၏ မာယာထောင်ချောက်မှ လွတ်မြောက်ခြင်း၊ တောင်းရမ်းစားသောက်ခဲ့ရသော ဘဝ မှ ပဋာစာရာထေရီမနှင့်တွေ့၍ ရဟန္တာမဖြစ်ခဲ့ရခြင်း စသည်ဖြင့် မိမိတို့၏ လွတ်မြောက်မှုကို ကျူးရင့်ခဲ့ကြသည်။

၂။ ခန္ဓာ၏ မမြဲခြင်းကို ထိုးထွင်းသိမြင်ခြင်း (အမ္ဗပါလီထေရီမ) လူ့ဘဝက နာမည်ကျော် အလှဘုရင်မဖြစ်ခဲ့သော အမ္ဗပါလီထေရီမသည် ရဟန္တာမဖြစ်ပြီးနောက် အိုမင်းလာသောအခါ မိမိခန္ဓာကိုယ်၏ အနိစ္စသဘောကို ဖွဲ့ဆိုခဲ့သော ဂါထာများသည် အလွန်ထင်ရှား၍ ဓမ္မသံဝေဂရဖွယ် ကောင်းလှသည်-

 “ငယ်စဉ်က ပိတုန်းရောင်ကေသာတို့သည် ယခုအခါတွင် လျှော်မျှင်များကဲ့သို့ ဖြစ်နေပြီ။”
“လက်ရာမြောက်သော ပန်းချီဆရာဆွဲထားသကဲ့သို့သော မျက်ခုံးတို့သည် ယခုအခါ နဖူးတွန့်များကြား ပျောက်ကွယ်သွားပြီ။”
“ပြည့်ဖြိုးမို့မောက်နေခဲ့သော ရင်နှစ်လွှာသည် ယခုအခါ ရေမရှိသော ရေစစ်ကဲ့သို့ တွဲကျနေပြီ။”
“ဆင်နှာမောင်းနှင့်တူခဲ့သော ပေါင်တို့သည် ယခုအခါ ဝါးအနုပိန်ကဲ့သို့ ဖြစ်ခဲ့ပြီ။”

ဤဂါထာများသည် တစ်ချိန်က ယောက်ျားများဝိုင်းဝိုင်းလည်ခဲ့သော အလှတရားတို့ မည်သို့ ပျက်စီးယိုယွင်းသွားသည်ကို ထင်ထင်ရှားရှား ပြသလျက်၊ ဘုရားရှင်၏ တရားတော်မှန်ကန်ကြောင်းကို သက်သေပြနေသည်။

၃။ သတ္တိနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု (သုဘာထေရီမ) သုဘာထေရီမ၏ ဖြစ်ရပ်သည် မထေရီမတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသသော ကြည်ညိုဖွယ်ရာ သာဓကတစ်ခုဖြစ်သည်။ မထေရီမသည် ဇီဝက၏ ဥယျာဉ်သို့အသွား လမ်း၌ လူရမ်းကားတစ်ဦးက လမ်းပိတ်၍ နှောင့်ယှက်ကာ၊ သူသည် မထေရီမ၏ သမင်မျက်လုံးကဲ့သို့ လှပသော မျက်လုံးကို အလွန်စွဲလမ်းကြောင်း ပြောဆိုသည်။ ထိုအခါ သုဘာထေရီမသည် တုံ့ဆိုင်းမနေဘဲ မိမိ၏ မျက်လုံးအစုံကို ချက်ချင်းထုတ်ယူ၍ ထိုသူအား ပေးလိုက်လေသည်။ လူရမ်းကားလည်း အလွန်ကြောက်လန့်တောင်းပန်ပြီး နောင်အခါ ဤသို့မပြုတော့ပါဟု ဝန်ခံထွက်ပြေးသွားခဲ့သည်။ ဤသည်မှာ တရားအပေါ် သက်ဝင်ယုံကြည်မှု၊ ခန္ဓာအပေါ် စွဲလမ်းမှုကင်းပုံနှင့် အံမခန်းသော သတ္တိကို ပြသနေပါသည်။

နိဂုံး

[ပြင်ဆင်ရန်]

ထေရီဂါထာသည် အမျိုးသမီးတို့၏ လွတ်မြောက်ရေး ကြွေးကြော်သံများဟုပင် တင်စားနိုင်သော အစွမ်းထက်သည့် စာပေရတနာများ ဖြစ်သည်။ ၎င်းသည် လူ့ဘဝ၏ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသော အမျိုးသမီးတို့သည်လည်း ဓမ္မကို လက်ကိုင်ထား၍ ကြိုးစားအားထုတ်ပါက အမြင့်မြတ်ဆုံးသော အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ကြောင်း သက်သေပြနေသည်။ ထို့ကြောင့် ထေရီဂါထာသည် ဗုဒ္ဓဘာသာဝင်များအတွက်သာမက၊ ကမ္ဘာ့စာပေလောကအတွက်ပါ အဖိုးမဖြတ်နိုင်သော၊ လေးနက်သည့် စိတ်ဓာတ်ခွန်အားနှင့် ဉာဏ်ပညာကို ပေးစွမ်းနိုင်သော ကျမ်းတစ်စောင်အဖြစ် ထာဝရတည်ရှိနေမည် ဖြစ်သည်။[]

ဆက်စပ်ဖတ်ရှုရန်


ကိုးကား

  1. ထေရီဂါထာ (ထီ) [ထေရီ+ဂါထာ ထေရီမတို့ -ကျူးရင့်-မြွက်ဆိုသော(ဂါထာ)စကား အဖွဲ့အနွဲ့၊ ဘုန်းဂုဏ်ဖွဲ့ကျမ်း။(ယင်း-၌ နိပါတ် ပေါင်း ၁၆, ထေရီမပေါင်း ၇၃ ဂါထာပေါင်း ၅၂၆ ပါဝင်၏။ ထေရ၊ဋ္ဌ၊၁။၄။) ဣမာ ထေရီဂါထာ နာမ။ ထေရီ၊ဋ္ဌ။၅။ (- ဥဒါန၊ဋ္ဌ။၃။) ထေရဂါထာလည်း ကြည့်။
  2. ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀)။ ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းများမိတ်ဆက်)

ပြင်ပလင့်များ