ထေရဝါဒ နှင့် မဟာယာန

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ထေရဝါဒ နဲ့ မဟာယာန ရဲ့ ကွဲပြားခြားနားမှုကို သုံးသပ်ရာမှာ သံဃာသနာတင်မှတ်တမ်းတွေဟာ မပါမဖြစ်လိုအပ်ပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃) လ အကြာမှာ အရှင်မဟာကဿဖ ဦးစီးပြီးတော့ ပထမသံဃာယနာကို ရာဇဂြိုဟ်မှာလုပ်တာ သိပြီး ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ အရှင်မဟာကဿဖ ရဲ့ သုံးသပ်စီမံပုံ ဟာ စိတ်ဝင်စားစရာကောင်းပါတယ် ။ ဘုရားရှင်ခေတ် ရဟန္တာပေါင်း သောင်း၊ သိန်း ချီပြီးရှိနေတဲ့ အဲဒီအချိန်မှာ အရှင်မဟာကဿဖ က သံဃာယနာအတွက် အဖွဲ့ဝင် (၅၀ဝ) ပဲ ရွေးချယ်မယ်လို့ ကြေငြာပါတယ်။ သံဃာ ယနာ (၆) ကြိမ်မှာ ရဟန်းအရေအတွက် (၅၀ဝ) ပဲ ၊ ပင့်ဆောင်တာ (၂) ကြိမ်ပဲရှိပါတယ်။ ပထမနဲ့ စတုတ္ထ အကြိမ်တွေပေါ့ ။ စတုတ္ထအကြိမ်ကတော့ စစ်ပွဲတွေနဲ့ တိုင်းပြည်မငြိမ်သက်တဲ့ ကာလမို့ (၅၀ဝ) ပဲ တက်ရောက်တာ သဘာဝကျပေမယ့် ပထမအကြိမ်သံဃာ ယနာကတော့ ဒီထက်များသင့်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အရှင်မဟာကဿဖ က အဖွဲဝင်ရွေးချယ်မှုအတွက် အချက် (၂) ချက် ကန့်သတ်လိုက်တယ်။ (၁) ရဟန္တာ စင်စစ်ဖြစ်ရမယ် ။ ဘာကြောင့်ဆိုရင် ရဟန္တာ စင်စစ်ဖြစ်မှ အဂတိတရား (၄) လိုက်စားမှု ကင်းမယ်။ သံဃာယနာ အခမ်းအနားမှာ ငါ့ဆရာရဲ့ နည်းကမှ မှန်တာ ၊ ဒီနည်းက မမှန်ဘူး စတဲ့ ငါစွဲ၊ ဆရာစွဲကင်းမယ်။ ကမ္မဋ္ဌာန်းပေးပုံတွေ အဘိဓမ္မာပိုင်းတွေ မှာ ဆရာဝါဒတွေ ပါနေလို့ ဖြစ်တယ် ။ ဒီလိုမဟုတ်ရင် အငြင်းပွားတဲ့ ပြဿနာတွေ ရှိလိ်မ့်မယ် ။

(၂) ဘုရားရှင်ဟောထားတဲ့ တရားတွေ အားလုံးကို သိရမယ် ။ ပိဋကတ် (၃) ပုံ ကို တတ်ကျွမ်းပြီးသားဖြစ်ရမယ် တဲ့ ။ စာလိုပြောရင်တော့ ပဋိသမ္ဘိဒါ (၄) ပါး ရ ရဟန္တာ ဖြစ်ရမယ် လို့ ဆိုတယ်။ ပိဋကတ် (၃) ပုံ ကို အကုန်သိနေမှလဲ ဒီတရားကို ဘုရားဟောတယ် ၊ မဟောဘူး ဆိုတာ ခွဲခြားပေးနိုင်မယ်။ စိစစ်ပေးနိုင်မယ်လေ။ ပထမဆုံး အကြိမ် လုပ်ရတာဆိုတော့ မဟာသက္ကရာဇ် (၁၀၃) ၊ ဘီစီ (၅၈၈) ၊ ဝါဆိုလပြည့် စနေနေ့ မှာ ဘုရားရှင်စဟောတဲ့ ဓမ္မစကြာတရားတော်ကနေ ၊ မဟာသက္ကရာဇ် (၁၄၈) ၊ ဘီစီ (၅၄၃) ၊ ကဆုန်ုလပြည့် ၊ အင်္ဂါ နေ့ မှာ နောက်ဆုံးဟောတဲ့ မဟာပဋိနဗ္ဗာန သုတ်တော် အထိ အားလုံးကို စနစ်တကျ အတိအကျ စုဆောင်း မှတ်တမ်းလုပ်ကြရမှာပေါ့ ။

ပိဋကတ် (၃) ပုံကို အသိဆုံးကတော့ ညီတော်အာနန္ဒာပေါ့ ။ ဒါပေမယ့် သူက သောတာပန်ပဲရှိသေးတယ်။ ရဟန္တာ မဖြစ်သေးဘူး။ ဒီတော့ အရှင်မဟာကဿဖ က အခြားသော သံဃာတော်များရဲ့ သဘောတူညီချက်ကိုယူပြီး အရှင် အာနန္ဒာကို အချိန် (၃) လအတွင်း လုပ်ရန် တာဝန် (၂) ခုပေးတယ် ။

(၁) ဘုရားဟောတရားတော်များအားလုံးကို အရေအတွက်၊ အကြောင်းအရာ ခေါင်းစဉ် အတိအကျတင်ပြရမယ်။ (၂) ရဟန္တာဖြစ်အောင် တရားကျင့်ရမယ်။ (မလွယ်ဘူးနော် ၊ ဒီနေရာမှာ စိတ်ဝင်စားစရာတွေ အများကြီးပဲ ရှိတယ်။ အရှင် အာနန္ဒာ ကြုံရတဲ့ ပြဿနာတွေ၊ တရားတော်တော်နဲ့ မတက်နိုင်တာတွေ ၊ ရက်နီးလာလို့ Pressure များလာတာတွေ အများကြီးပဲ ) ထားပါတော့ ။ အရှင် အာနန္ဒာရဲ့ ဝန်ခံချက်ရပြီးတာနဲ့ အရှင်မဟာကဿဖ က ဒီ ရဟန္တာ (၅၀ဝ) ကလွဲရင် တခြားသံဃာတွေ အားလုံးရာဇဂြိုဟ်က ထွက်သွားရမယ် ။ တခြားဒေသတွေမှာပဲ ဝါ ဆိုရမယ်လို့ အမိန့် မှတ်တယ်။

အရှင် အာနန္ဒာ ဓမ္မ နဲ့ အရှင်ဥပါလိ ဝိနယကို တင်သွင်း လျှောက်ထားကြတယ်။ ဓမ္မဆိုတာ သုတ္တန် + အဘိဓမ္မာ လို့ နားလည်ရင် အဘိဓမ္မာကို ဘုရားမဟောဘူးဆိုတဲ့ ပြဿနာပြီးသွားမယ်။

သံဃာယနာမှာ ကြုံရတဲ့ ပြဿနာတစ်ခုကတော့ ဝိနယ အပိုင်းမှာပဲ ။ မြတ်စွာဘုရားရှင်ဟာ သူ့ရဲ့ နောက်ဆုံးအချိန်မှာ ညီတော်အာနန္ဒာကို တစ်ခုမှာတယ်။ …. “ ညီတော် အာနန္ဒာ၊ ငါဘုရား လွန်သောအခါ သံဃာတော်တို့သည် ပညတ်ထားတဲ့ သိက္ခာပုဒ်တွေထဲမှာ အငယ်စား အသေးအနုပ် ( ခုဒ္ဒါနုခုဒ္ဒက ) သိက္ခာပုဒ်တွေကို နုတ်ပယ်လိုက နုတ်ပယ်လော့ “ ….. ဒီလိုမှာခဲ့တယ်။ ဒါပေမယ့် သောကတွေနဲ့ ပူဆွေးနေတဲ့ အာနန္ဒာက…….. “အငယ်စား အသေးအနုပ် ( ခုဒ္ဒါနုခုဒ္ဒက ) သိက္ခာပုဒ်တွေဟာ ဘာတွေလဲ ဘုရား” ….€¦. “ဆိုတာ မေးလျှောက်ဖို့ မေ့နေခဲ့တယ်။ သူကလဲ အဲဒီတုန်းက သောတာပန်ပဲ ရှိသေးတာကိုး။

ဒီတော့ သံဃာယနာမှာ ဘာတွေကို ပယ်မလဲ ဆိုတာ ဆွေးနွေးကြတော့ အရှင်မဟာကဿဖ က - “…ဗုဒ္ဓကိုယ်တော်ရှင်မြတ် ပြုထားတဲ့ အရာတွေကို ဗုဒ္ဓရှင်တော်သာ ပယ်ဖျက်သင့်တယ်။ တကယ်လို့ တို့က ပယ်ဖျက်တယ်ဆိုပါတော့ ၊ ပုထုဇဉ် ရဟန်း၊ ရှင်လူတွေက …ကြည့်စမ်း - ဗုဒ္ဓပရိနိဗ္ဗာန်ပြုလို့ တေဇောဓာတ်တောင် မငြိမ်းချင်သေးဘူး၊ သူ့တပည့် ဆိုတဲ့ သံဃာတွေက သူ့စကားတွေကို ပယ်ကုန်ကြပြီလို့ ဆိုကြလိမ့်မယ်။ ဒီလို အကြည်ညိုပျက်ရင် ( ရဟန္တာတွေကို စော်ကားပြောဆိုမိရင် ) သူတို့ အပြစ်ဖြစ်ကုန်လိမ့်မယ်။ ဒီတော့ ဗုဒ္ဓမိန့်ကြားချမှတ်ခဲ့တဲ့ ဝိနည်းတွေကို နဲနဲမှ မပြင်ကြပါနဲ့ ….” လို့ မိန့်ကြားခဲ့တယ်။ ဒိဋ္ဌိဆရာကြီး (၆) ယောက်ရဲ့ တပည့်တွေကလည်း ခေါင်းထောင်လာဦးမယ်။

ဒုတိယ သံဃာယနာမှာတော့ ဝဇ္ဖီတိုင်းသား ရဟန်းများ (ဒေဝဒတ်ရဲ့ တပည့်များ) က အဓမ္မဝတ္ထု (၁၀) ပါးတောင်းဆိုကြတယ်။ နေ - လက်တစ်သစ်လွဲသည်အထိ ဆွမ်းထမင်းစားရန် ၊ သေန (အရက်ပျော့ပျော့) သောက်ရန် (အခုလည်း သောက်ကြတာပဲလေ) ၊ ရွှေ ၊ငွေများကို သာမာန်လူများလို ကိုင်တွယ် အသုံးပြုရန် စသည်တွေ တောင်းဆိုလာရာမှာ သာသနာတော် ညစ်နွမ်းမှာဆိုးပြီး ဒုတိယ သံဃာယနာကို သာသနာနှစ် (၁၀ဝ) မှာ တင်ခဲ့ရပြန်တယ်။ အတိုချုပ်ရရင် ဒီ ရဟန်းပျက် (၁၀ဝ၀ဝ) ကို သံဃာယနာတင် ရဟန္တာ (၇၀ဝ) ၊ ဒကာတော် ကာလာသောကမင်း နဲ့ ပြည်သူတွေက တိုင်းပြည်က နှင်ထုတ်လိုက်ကြတယ်။ ဒီရဟန်း ( ၁၀ဝ၀ဝ ) ခန့်ဟာ ကောသမ္ဘီပြည် ၊ ဟိမဝန္တာ တောင်ခြေနားမှာ ဘုရင်တစ်ပါးက ခိုလှုံ ခွင့်ပေးလိုက်လို့ စင်ပြိုင်. သံဃာယနာတင်ကြတယ်။ တက်ရောက် ရဟန်း (၁၀ဝ၀ဝ) ဆိုတော့ ပိုပြီးတောင် အင်အားကြီးတယ်ဆိုပြီး တော့ ….မဟာသံဃိကဂိုဏ်း…. လို့ ခေါ်ကြတယ်။ ဒါပေမယ့် တချို့ စာအုပ်တွေမှာ….မဟာသင်ဂီတိဂိုဏ်း…..လို့ အကိုဖတ်ရတယ်။ ဒါကလည်း တောင်ပိုင်းဟိနယနသုံး ဒီပဝင် ၊ မဟာဝင် ၊ ပါရာဇိကဏ် အဋ္ဌကထာ တို့ က အမည်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ မဟာယာန ရဲ့ အစဖြစ်ပါတယ်။

ဒီ ဂိုဏ်းကြီး (၂) ဂိုဏ်းကနေ မကြာခင်မှာပဲ (၁၀) ဂိုဏ်းအထိ ဖြစ်သွားတယ်။ အခုတော့ ( ၃၀ဝ ) ကျော်နေပြီတဲ့ ။ ဂိုဏ်းတွေ ကွဲသွားကြပုံကို ( သံဃာယနာသမိုင်း စာအုပ်မှာ ဖတ်ပါနော် ။ မရေးတော့ဘူး။ www.elibrary.com.mm မှာ ရှာတွေ့ပါလိမ့်မယ် ။ ဒီစာအုပ်ရော တခြား အများကြီးရှိတယ်။ )

ဒီလိုနဲ့ မဟာယနတွေကတော့ မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမိန့်မှာချက်ကို ကိုင်စွဲပြီး ကြိုက်သလို ပြင်ကြရာကနေ ဒီလောက်ကွာကုန်ကြတာပဲ ။ သူတို့ကလည်း ဘုရားမှာသွားတာပဲ ၊ လိုအပ်ရင်ပြင်မယ်လို့ ခံယူထားတော့ မှန်သလိုဖြစ်နေတာပါပဲ ။ အကြီးအကျယ်ကွာတာက ဝိနည်း ပိုင်းမှာပေါ့ ။ နောက်တစ်ခုရှိသေးတယ်။ အောက်မှာ ဆက်ရှင်းပြမယ်။ ဒီတော့လည်း မူရင်းအတိုင်း မပြင်တာက ထေရ ဝါဒ …မထေကြီးများ၏ ဝါဒလို့ ဖြစ်လာတယ်။ ဒီတော့ အဓိက (၂) ခုရဲ့ နှိုင်းယှဉ်မှုကို စပြောရအောင်။ Ven. Dr. W. Rahula ရဲ့ Theravada-Mahayana Buddhism စာအုပ်ကို ပြန်ုပြီး ကိုးကားပါမယ်။ မူရင်းကိုလဲ ရေးပေးပါမယ်။

ထေရဝါဒနဲ့ မဟာယာန ဘာကွာလဲ ။

(၁) နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို ဆရာ အဖြစ်လက်ခံကြတယ်။

(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြတယ်။

(၃) မဂ္ဂင်ရှစ်ပါး လမ်းစဉ်ဟာလဲ နှစ်ဖက်လုံးရဲ့ တရားပါပဲ။

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ဟာလဲ နှစ်ဖက်လုံးမှာ အတူတူပါပဲ။

(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပါဘူး။

(၆) အနိစ္စ ၊ ဒုက္ခ၊ အနတ္တ နဲ့ သီလ၊ သမာဓိ ၊ ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်ရဲ့ အဓိက တရားအနှစ်တွေမှာ မကွဲပြားဘူးလို့ ဆိုရပါမယ်။

အနတ္တ ကို နှစ်ဖက်လုံးလက်ခံပါတယ်။ မဟာယနက အတ္တဝါဒ မဟုတ်ပါဘူး။ အတ္တဝါဒကို မဟာယန ဆရာတော်တွေလည်း လက်မခံပါဘူး။


(1) Both accept Sakyamuni Buddha as the teacher.

(2) The Four Noble Truths are exactly the same in both schools.

(3) The Eightfold Path is exactly the same in both schools.

(4) The Paticca-samuppada or the Dependent Origination is the same in both schools.

(5) Both rejected the idea of a supreme being God who created and governed this world.

(6) Both accept Anicca,Dukkha, Anatta anf Sila, Samadhi , Panna . These are the most important teachings of the Buddha and they are all accepted by both schools without questions.

အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ဘဲနဲ့ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။ ထေရဝါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ဒီတော့ တချို့က ဆိုပြန်တယ်။ ထေရဝါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓ ဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒလို့ ဆိုကြပြန်တယ်။ ထေရဝါဒမှာ ဗောဓိသတ္တဟာ လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် ….အစုံပါပဲ ။

ဖားအောက်ဆရာတော်ဘုရား ဟောကြားတဲ့ ဓမ္မစကြာနှင့် ဝိပဿနာ တရားတော်မှာလည်း ဒီအကြောင်းတွေပါ ပါတယ်။ မဟာယာန မှာ က အရဟတ္တဖိုလ်ရပြီးသာ ရဟန္တာပုဂ္ဂိုလ်ဟာ ဒီ အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။ ဒီနေရာမှာ ဆရာတော်ကြီးက ဘုရားဟောနဲ့ သူတို့ အယူအဆ လွဲနေကြောင်း (၂) ချက်တုတ်ပြတယ် ။

ဓမ္မစကြာတရားတော်မှာ ပါတယ် ။ (၁) အကုပ္ပါမေ ဝိမုတ္တိ (စေတောဝိမုတ္တိ -မူကွဲ ရှိတယ် ) = အရဟတ္တဖိုလ် ဉာဏ်တော်သည် မပျက်မစီးနိုင် ခံ့ခိုင်တည်တံ့လေပြီ ။

(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘဝသည် နောက်ဆုံးတည်း ၊ ဘဝအသစ်ဖြစ်ရန် မရှိတော့ပြီ ။