ထိပ်တင် (ဆကာကြီး)

ဝီကီပီးဒီးယား မှ
(ထိပ်တင်၊ ဆကာကြီး မှ ပြန်ညွှန်းထားသည်)

ဆကာကြီး ထိပ်တင် [၁၉၁၂ - ၁၉၄၃][ပြင်ဆင်ရန်]

ဆကာကြီး မြို့တွင် အဖ ဆကာကြီးမြို့ အလယ်တန်း ကျောင်းအုပ် ဆရာကြီး ဦးဘတူ၊ အမိ ဒေါ်ဖွား (ဒေါ် ဒေါ်ဘွား) တို့က ၁၉၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက် စနေနေ့ နံနက် ၆ နာရီတွင် မွေးဖွားသည်။ မွေးချင်း လေးယောက် အနက် ကြီးဆုံးသား ဖြစ်သည်။ ငယ်မည် မောင်သန်း (မောင်သန်းမောင်) ဖြစ်သည်။


ခြောက်နှစ် အရွယ်တွင် ဓနုဖြူမြို့ အေဘီအမ် ခရစ်ယာန် သာသနာပြု ကျောင်း၌ စတင် ပညာ သင်ခဲ့သည်။ ငယ်စဉ် ကပင် ကဗျာ၊ လင်္ကာ၊ ဂီတ၊ ပန်းချီ၊ ဇာတ်သဘင် တို့တွင် ဝါသနာ ပါသည်။ သူငယ်ချင်း များနှင့် စုပေါင်း၍ စာဖတ်သင်း တည်ထောင် ခဲ့သည်။ ကနူကြီးရွာ ဆရာတော် ထံ၌ တပည့် ခံပြီး ကဗျာ လေ့လာသည်။ ၁၆ နှစ်တွင် ရတန်း အောင်သည်။ ထို့နောက် ညောင်တုန်းမြို့ ဆရာဖြစ် သင်တန်းသို့ တက်ရောက်သည်။ ထိုစဉ် မှာပင် ရွှေဒုံးဘီအောင်နှင့် ကျောင်းနေဖက် ဖြစ်ခဲ့သည်။ ၁၉ နှစ်သားတွင် ဖခင်၏ ကျောင်း၌ လက်ထောက် ကျောင်းဆရာ အဖြစ် အမှု ထမ်းသည်။


ဂျပန် ခေတ်တွင် ပြဇာတ်နှင့် ဇာတ်ညွှန်းများသာ ရေးသား နေခဲ့သည်။ ဗုဒ္ဓမာမက သာသနာ့ နုဂ္ဂဟ (ယုဝ) အရုဏ်ခံ အသင်း ဥက္ကဋ္ဌ၊ မြို့နယ်လုံး ဆိုင်ရာ ကျောင်းဆရာများ အသင်း ဥက္ဗဋ္ဌ၊ လူငယ်များ ကြီးပွားရေး စာဖတ် အသင်း ဥက္ကဋ္ဌ၊ မြို့နယ်လုံး ဆိုင်ရာ ဝန်ထမ်းမှူးချုပ်၊ အာရှ လူငယ် အသင်း ဉာဏ ဗလမှူး တာဝန်များကို ထမ်းဆောင် ခဲ့သည်။


ဓနုဖြူ အေဘီအမ် ကျောင်းတွင် နေစဉ် ၄ တန်း ကျောင်းသား ဘဝ ကပင် ကောဇာသစ် မဂ္ဂဇင်းတွင် ပါရှိသော "ထားဝယ်သူ မပြုံးကြည်" မေးသည့် ပဟေဠိ ကလေးများကို ဖြေဆို နိုင်ခဲ့သည်။ ထိုအချိန်မှ စ၍ သက်စောင့် မဂ္ဂဇင်းနှင့် ကောဇာသစ် မဂ္ဂဇင်း များတွင် ကဗျာ ကလေးများ စတင် ရေးသား ခဲ့သည်။ ဆရာ ဖြစ်သင် အောင်ပြီးနောက် အလုပ်မဝင်မီ ကလေးတွင် ဝတ္ထုတို များနှင့် ဆောင်းပါးများ စတင် ရေးသားပြီး ရန်ကုန်မြို့ရှိ စာနယ်ဇင်း များသို့ ပေးပို့ ခဲ့သည်။ ဗန္ဓုလ ဂျာနယ်တွင် ပါသည့် "ဝါကွ္ဆတ်မှ ယူမယ်" သည် ပထမဆုံး ဝတ္ထုတို ဖြစ်သည်။ ထို့နောက် သူရိယ၊ ဒဂုန်၊ မြန်မာ့ တာရာ၊ တိုးတက်ရေး၊ ရွှေမေတ္တာ၊ တို့တာဝန်၊ ကြီးပွားရေး၊ သုတဝတီ ပညာ မဂ္ဂဇင်း၊ ဒီးဒုတ်၊ ဘားမားဂျာနယ် စသည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဝတ္ထု၊ ပညာရေး ဆောင်းပါးများ ရေးခဲ့သည်။ နှင်းငွေရည်သည် ပထမဆုံး လုံးချင်း ဝတ္ထု ဖြစ်သည်။


သူရိယ၊ မြန်မာ့ အလင်း၊ တိုးတက်ရေး စသည့် သတင်းစာ များတွင်လည်း "တယ်တော်တဲ့လူ"၊ "သွေးသောက်" စသော အခန်းဆက် ဝတ္ထုရှည်များ ရေးခဲ့သည်။ နှင်းငွေရည်၊ ဘီးဖြူရှင်၊ ပန်းနှစ်ပွင့်၊ ချစ်ဝတ်မှုန်၊ ပျို့ကရုဏာ (၁၉၃၈)၊ လောကီငွေ့ (၁၉၃၉ - ၄ဝ)၊ စန်းပွင့်သူ၊ ကပ်ကျော်မ၊ လှသူဇာ၊ သွေးသောက်၊ စံပယ်ဖြူ၊ မလုံ့တလုံ၊ ပျို့ကာမပိုင် စသည်ဖြင့် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ တစ်ရာ့ငါးဆယ် ကျော်ခန့် ရေးသား ခဲ့သည်။ "မာကာဝိကာ" ပျို့ကိုလည်း ပြုစု ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၄၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဆကာကြီးမြို့၌ နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ [ယုဇနသန်း၏ ဆောင်းပါးတွင် မူ မြန်မာ သက္ကရာဇ် ၁၃ဝ၆ ခုနှစ် ပြာသိုလဆုတ် ၃ ရက် ဗုဒ္ဓဟူးနေ့ည (၉) နာရီ အချိန်တွင် ကွယ်လွန်သည် ဆိုသောကြောင့် ၃၁ ဒီဇင်ဘာ ၁၉၄၄ ဖြစ်နေသည့် ကွဲလွဲချက်ကို တွေ့ရသည်။] [၁]


စာညွှန်း[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်လ)
  1. မလိခ။ မြန်မာဝတ္ထု အညွှန်း (၃)။ စာ ၁၂၈ - ၁၃၆။
  2. မလိခ။ မြန်မာစာပေ အဘိဓာန် (၂)။ စာ ၁၄၈ - ၁၄၉။
  3. ယုဇနသန်း။ ဆရာ့ဂုဏ်ကျေးဇူး၊ သွေးသောက် (နိုဝင်ဘာ ၁၉၅၆)။ စာ ၁၆၉ - ၁၇၁။
  4. ဆကာမြေ မောင်နွယ်ဝင်း။ ဆကာကြီး ထိပ်တင်၊ သွေးသောက် (ဒီဇင်ဘာ ၁၉၇၁)။ စာ ၉-၁၁။