ထိန်လင်း (သတင်းစာ အယ်ဒီတာချုပ်)
| ထိန်လင်း | |
|---|---|
![]() ဦးထိန်လင်း၏ ပုံ | |
| မွေးဖွား | ချစ်လှိုင် ဇူလိုင် ၁၀၊ ၁၉၂၆ ဂျုံးဂျုံးကျရွာ၊ မော်လမြိုင်ကျွန်းမြို့နယ် |
| ကွယ်လွန် | နိုဝင်ဘာ ၄၊ ၂၀၀၄ (အသက် ၇၈) ရန်ကုန် |
| နိုင်ငံလူမျိုး | မြန်မာ |
| အလုပ်အကိုင် | နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ဆောင်းပါးရေးသားသူ |
| ကျော်ကြားမှုအရင်းခံ | ဗိုလ်တထောင်သတင်းစာ၏ အယ်ဒီတာချုပ် |
| အိမ်ထောင်ဖက်(များ) | ဒေါ်ကျင်မှီ (ကွယ်လွန်) ၊ဒေါ်လှရီ (ကွယ်လွန်) |
| သားသမီး | သားသမီး ၇ ဦး |
ဦးထိန်လင်း (၁၀ ဇူလိုင် ၁၉၂၆ - ၄ နိုဝင်ဘာ ၂၀၀၄) သည် နိုင်ငံရေးသမား၊ ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဖြစ်သည်။ဗိုလ်ထိန်လင်းကြီး ဟူ၍ လူသိများပြီး၊သူသည် အလံနီ ကွန်မြူနစ်ပါတီ ၏ ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။[၁]
ဘဝ နှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးထိန်လင်း၊နာမည်အရင်း ဦးချစ်လှိုင် ကို ၁၉၂၆ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့ (စနေနေ့) တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ဂျုံးဂျုံးကျ ကျေးရွာတွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ လယ်သမားမိသားစုဖြစ်ကြသည့် ဦးကံနှင့် ဒေါ်သင် တို့ဖြစ်သည်။
၁၉၃၂ ခုနှစ်တွင် ကျေးရွာဘုန်းကြီးကျောင်း၌ ပညာသင်ခဲ့ပြီး၊ ၁၉၃၄ မှ ၁၉၄၂ ထိ ကိုရင်ဝတ်နှင့် ပညာ ဆက်လက်သင်ကြားခဲ့သည်။နောက် လူထွက်၍ ပညာသင်သည်။ဦးထိန်လင်းသည် ငယ်စဉ်က ရေကျော် မက်သဒစ်ကျောင်း၌ ရဲနီကျော်ဝင်း အစရှိသည့် အလံနီ ခေါင်းဆောင်အချို့ နှင့် ခေတ်ပြိုင် ပညာ ဆည်းပူးခဲ့သူ အဖြစ် ထင်ရှားသူလည်း ဖြစ်သည်။
သူသည် ကွန်မြူနစ် ခေါင်းဆောင်ဟောင်း သခင်ဗဟိန်း နှင့် သခင်စိုး တို့ထံတွင် နိုင်ငံရေး သဘောတရားရေးများ သင်ယူခဲ့သည်။
စစ်သားဘဝနှင့် လွတ်လပ်ရေးအတွက် ဆောင်ရွက်မှုများ
[ပြင်ဆင်ရန်]၁၉၄၃ ခုနှစ် တွင် မြန်မာ့လွတ်လပ်ရေးတပ်မတော် သို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးအတွင်း တိုင်း (၁) ပဲနွယ်ကုန်းတွင် ဆေးတပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး၊၁၉၄၉ ခုနှစ်တွင် တောခိုသွားကာ ဧရာဝတီတိုင်း တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၃ ခုနှစ်တွင် တောအတွင်း၌ ဖမ်းဆီးခံရပြီး၊ ၁၉၅၄ ခုနှစ် မှ ၁၉၅၇ ခုနှစ် အထိ မြောင်းမြထောင်နှင့် ရန်ကုန်ထောင် တို့၌ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ကျခဲ့သည်။
၁၉၅၇ ခုနှစ်တွင် ထောင်မှ လွတ်မြောက်ပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) သို့ ဝင်ရောက်ကာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။၁၉၆၀ ပြည့်နှစ် တွင် ပမညတ အမတ်အဖြစ် မြောင်းမြမြို့နယ်မှ အရွေးခံခဲ့သည်။
သတင်းစာဆရာဘဝ
[ပြင်ဆင်ရန်]၁၉၅၈ ခုနှစ်တွင် ဗိုလ်တထောင် သတင်းစာ ကို ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး သတင်းစာလုပ်ငန်း စတင်ခဲ့သည်။၁၉၆၄ ခုနှစ်တွင် ဗိုလ်တထောင် သတင်းစာအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။[၂]အနောက်ဂျာမဏီနှင့် တရုတ်နိုင်ငံများသို့ သတင်းစာကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် အနောက်ဂျာမဏီ ခရီးသွားမှတ်တမ်းစာအုပ် “အနောက်၏ တစွန်းတစ” ကို ရေးသားထုတ်ဝေခဲ့သည်။
နောက်ပိုင်းဘဝနှင့် ဒီမိုကရေစီလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၁၉၇၁-၇၂ ခုနှစ်တွင် မဆလ အစိုးရ ၏ တနှစ်ခန့် ထိမ်းသိမ်းခြင်းကို ခံခဲ့ရပြီး၊ ၁၉၇၂ ခုနှစ်တွင် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ်အဖြစ်မှ ရပ်စံခံခဲ့ရသည်။၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီလှုပ်ရှားမှု၌ ပါဝင်ခဲ့ပြီး၊၁၉၈၉ ခုနှစ်တွင် ရက်ပေါင်း ၂၀ ခန့် ထိန်းသိမ်းခံရသည်။၁၉၉၁-၉၂ ခုနှစ်တွင် နိုင်ငံရေးပုဒ်မ ၅ ဖြင့် ပြစ်ဒဏ် ၃ နှစ် ချခံခဲ့ရသည်။
ကဗျာနှင့် ဆောင်းပါးရေးသားမှုများ
[ပြင်ဆင်ရန်]သူသည် ဗိုလ်တထောင် သတင်းစာ၊ မြဝတီ မဂ္ဂဇင်း၊ မိုးဂျာနယ်၊ နွယ်နီ မဂ္ဂဇင်း တို့တွင် “ထိန်လင်း”၊ “ဂြိုဟ်ထု” အစရှိသည့် ကလောင် အမည်များဖြင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၄း၄၀ တွင် ကွယ်လွန်ခဲ့ပြီး[၃]၊ ဇနီးနှင့် သားသမီး ၇ ဦး ကျန်ရှိခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဗိုလ်တထောင် အယ်ဒီတာချုပ်ဟောင်း ဗိုလ်ထိန်လင်း ကွယ်လွန်။ BBC (၁၆ မေ ၂၀၁၈)။ ၂၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ။ Myanmar Digital News (၁၄ မေ ၂၀၂၂)။ ၂၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဦးထိန်လင်း (၁၉၂၆-၂၀၀၄) (ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ်ဟောင်း) ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ဆွမ်းကျွေးအလှူ။ Burma VJ Media Network (၅ နိုဝင်ဘာ ၂၀၁၁)။ ၂၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
