ထလေးလုံးဂါထာ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ထလေးလုံးဂါထာကား -
အာရမ္မထ နိက္ကမထ၊ ယုဉ္ဇထ ဗုဒ္ဓသာသနေ။ ဓုနာထ မစ္စုနောသေနံ၊ နဠာဂါရံဝ ကုဉ္ဇရော။
တွဲဘတ်ဂါထာ -
ယောဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟဿတိ။ ပဟာယ ဇာတိသံသာရံ၊ ဒုက္ခဿန္တံ ကရိဿတိ။
ထိုဂါထာ၏ အကြောင်းအတ္ထုပ္ပတ္တိ
[ပြင်ဆင်ရန်]သိခီမြတ်စွာဘုရားလက်ထက်တော်၌ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝကတို့ကား အဘိဘူနှင့် သမ္ဘဝမထေရ်တို့တည်း။ အခါတစ်ပါး၌ သိခီမြတ်စွာဘုရားသည် အဘိဘူမထေရ်မြတ်နှင့်အတူ ဆွမ်းဘုဉ်းမပေးမီအချိန် ဗြဟ္မာ့ပြည်သို့ ဒေသစာရီကြွတော်မူ၏။ မြတ်စွာဘုရားသည် အဘိဘူမထေရ်ကို ဗြဟ္မာတို့အား တရားဟောရန် တိုက်တွန်းတော်မူ၏။ အဘိဘူမထေရ်သည် ဗြဟ္မာတို့အား တရားဟောကြားလေ၏။ ဗြဟ္မာတို့ကား “အံ့ဩစရာပါဘဲ၊ မြတ်စွာဘုရားရှေ့တော်မှာ တပည့်ဖြစ်သူရဟန်းက တရားဟောဘိသကိုး” ဟု ကဲ့ရဲ့ရှုံ့ချကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ထိုရဟန်း ဗြဟ္မာတို့ကို ထိတ်လန့်အောင်ပြုလော့” ဟု မိန့်တော်မူ၏။
အဘိဘူမထေရ်သည် ကိုယ်ထင်ရှားပြလျက် တရားဟော၏၊ ကိုယ်ရောင်ဖျောက်၍ တရားဟော၏။ ကိုယ်အောက်ပိုင်းဖော်၍ အထက်ပိုင်းဖျောက်၍ တရားဟော၏။ ကိုယ်အထက်ပိုင်းဖော်၍ အောက်ပိုင်းဖျောက်၍ တရားဟော၏။ ဗြဟ္မာတို့သည် ချီးမွမ်းအံ့ဩကုန်၏။ အဘိဘူမထေရ်သည် ဗြဟ္မာ့ပြည်၌တည်၍ စကြဝဠာတစ်သောင်း ကြားနိုင်အောင် ဟောကြားနိုင်ပါကြောင်း မြတ်စွာဘုရားအား လျှောက်ထားပြီးလျှင် ဗြဟ္မာ့ပြည်၌ တည်လျက် စကြဝဠာတစ်သောင်းကြားနိုင်အောင် ယခင်ထလေးလုံးဂါထာနှင့် တွဲဘက်ဂါထာကို ရွတ်ဆိုဟောကြားလေ၏။ [၁]
ထိုမထေရ်မြတ် စကြဝဠာတစ်သောင်းကြားနိုင်အောင် တရားဟောပုံ
[ပြင်ဆင်ရန်](က) အဘိဘူမထေရ်သည် နီလကသိုဏ်းဈာန်ဝင်စား၍ စကြဝဠာတစ်သောင်းကို အမိုက်မှောင်ဖြစ်အောင် ဖန်ဆင်းတော်မူ၏။
(ခ) “ဤအမိုက်အမှောင်ကား အဘယ်အမိုက်အမှောင်နည်း” ဟု သတ္တဝါကို ဆင်ခြင်သောအခါ ဩဒါတကသိုဏ်းဈာန်ကို ဝင်စား၍ အလင်းဖြစ်သင့်ရာအရပ်ကို အလင်းရောင်ဖြစ်အောင် ဖန်ဆင်းလေ၏။
(ဂ) “ဤအလင်းရောင်ကား အဘယ်အလင်းရောင်နည်း” ဟု လူနတ်ဗြဟ္မာတို့ ကြည့်ရှုပြောဆိုကြကုန်စဉ် မထေရ်မြတ်သည် မိမိကိုယ်ကို တန်ခိုးဖြင့် ပြတော်မူ၍ ထိုဂါထာကို ရွတ်ဆိုဟောကြားတော်မူ၏။ ပရိသတ်အလယ်၌ တရားဟောသကဲ့သို့ လူနတ်ဗြဟ္မာတို့၏အနီး၌ ထိုမထေရ်ကို ဖူးမျှော်ရလျက် တရားသံကို ကြားရလေသည်။ [၂]
မြတ်စွာဘုရားသည် လူ့ပြည်အရုဏဝတီမြို့သို့ ရောက်သောအခါ ရဟန်းတို့အား “ဗြဟ္မာ့ပြည်မှ အဘိဘူမထေရ်ဟောအပ်သော တရားသံကို ကြားကြကုန်သလော” ဟု မေးမြန်းတော်မူသောအခါ ရဟန်းတို့သည် “ကြားနာရပါကြောင်း” ဟု လျှောက်ထားကြကုန်၏။ ထိုဂါထာတို့ကိုလည်း ရွတ်ဆိုပြကြကုန်၏။ [၃]
ထလေးလုံးဂါထာအနက်
[ပြင်ဆင်ရန်]ဘောန္တေ၊ အို လူနတ်ဗြဟ္မာအပေါင်းတို့။ တုမှေ၊ သင်တို့သည်။ ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား၏ သာသနာတော်၌။ အာရမ္ဘထ၊ သူ့ထက်ဦးအောင် အားထုတ်ကြကုန်လော။ နိက္ကမထ၊ ပျင်းရိခြင်းကို နှိပ်နယ်၍ အားထုတ်ကြကုန်လော့။ ယုဉ္စထ၊ အောက်အောက်တရားထူးကို ရသဖြင့် တင်းတိမ်ရပ်နားခြင်းမပြုဘဲ တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် အားထုတ်ကြကုန်လော့။ ကုဉ္ဇရော၊ ဆင်ပြောင်ကြီးသည်။ နဠာဂါရံ၊ ကျူထရံကာအိမ်လေးကို။ ဓုနာတိဣဝ၊ တွန်းလှဲနင်းချေ ဖျက်ဆီးလေသကဲ့သို့။ မစ္စုနော၊ သေမင်း၏။ သေနံ၊ စစ်သည်ဗိုလ်ပါ ကိလေသာကို။ ဓုနာထ၊ မှုန့်မှုန့်ညက်ညက် ချေဖျက်ကြကုန်လော့။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣမသ္မိံ ဓမ္မဝိနယေ၊ ဤမြတ်စွာဘုရား၏ သာသနာတော်၌။ အပ္ပမတ္တော၊ မမေ့မလျော့သည်ဖြစ်၍။ ဝိဟဿတိ၊ နေလတံ့။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဇာတိသံသာရံ၊ တစ်သန္ဓေခေ ဆက်ကာနေ၍ ရှည်ကြာလှစွာ သံသရာကို။ ပဟာယ၊ အရဟတ္တမဂ်ဖြင့် ပိုင်းပိုင်းကြီးဖြတ်၍။ ဒုက္ခဿ၊ ဝဋ်ဒုက္ခ၏။ အန္တံ၊ အဆုံးသတ်ဖျက်ဆီးခြင်းကို။ ကရိဿတိ၊ ပြုရပေလတံ့။ [၄]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ (သဂါထာ/ဗြဟ္မ/သံ/ပါ/အရုဏဝတီသုတ်) (၁၅၇/၈/၉)
- ↑ (သဂါထာ/ဗြဟ္မ/သံ/ဋ္ဌ/၂၈၄)
- ↑ (သဂါထာ/ဗြဟ္မ/သံ/ပါ/၁၅၈/၉)
- ↑ မဟာသုတဒီပနီကျမ်း-ပထမတွဲ-ဘဒ္ဒန္တကုဏ္ဍလ