တွတ်ထိုးကစားနည်း

ဝီကီပီးဒီးယား မှ

တွတ်ထိုးကစားနည်းကို တစ်နည်း ဒီထိုးကစားနည်းဟုလည်း ခေါ်သေး၏။ တွတ်ထိုးကစားရန် (သို့) ဒီထိုးကစားရန် အနည်းဆုံး လူနှစ်ယောက်လိုသည်။ အလျား ပေတစ်ရာ၊ အနံ ၁၀ပေရှိ မြေသလင်း တစ်ခုလည်း ကစားကွင်းအဖြစ် လိုအပ်သည်။ အလျား ပေတစ်ရာ၏ ထက်ဝက်ဖြစ်သော နေရာတွင် စည်းကြောင်းတစ်ကြောင်း ထင်ရှားစွာ ကန့်လန့်ဖြတ် ရေးဆွဲပြီးသွားပါက ကစားရန် အသင့်ဖြစ်ပေသည်။ မည်သူအလျင် တက်မည်နည်း။ သို့အတွက် ဗွေရွေးချယ်ရမည်။ ဗွေဆိုသည်မှာ ဦးစွာပထမ ကစားခွင့် ရခြင်းကို ဆိုလိုသည်။ ဗွေရသူက စတင်ပြီး တက်ရသည်။ ''တွတ်....တွတ်....တွတ်" သို့မဟုတ် "ဒီ....ဒီ...ဒီ" ဟူသောအသံပေးလျက် စည်းတစ်ဘက်သို့ ရောက်သွားခြင်းကို "တက်" သည်ဟု ခေါ်သည်။ တက်လာသူက ပုတ်ခတ် ကန်ကျောက် သွားသည်၊ ထိသည်။ ထိုအခါ ပုတ်ခတ် ကန်ကျောက်ခံရသူ သေသည်။ သေသည်ဆိုခြင်းမှာ လက်ရှိကစားဆဲ ပွဲမပြီးမချင်း ပါဝင်ခွင့် မရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ပုတ်ခတ် ကန်ကျောက်ခံရသူက မိအောင်ဖမ်းပြီး စည်းသို့ မသွားနိုင်အောင်လုပ်သည်။ ပါးစပ်ကို ပိတ်သည်။


''တွတ်....တွတ်....တွတ်" သို့မဟုတ် "ဒီ....ဒီ...ဒီ" မြည်လျက် တက်လာသူသည် စည်းပေါ်တွင် ပုတ်ခတ်ခွင့် မရှိ။ သူ့ကိုလည်း စည်းပေါ်တွင် မဖမ်းရ။ သူ့ပိုင်နက်ထဲ လိုက်ပြီး မဖမ်းရ။ တက်လာသူ သေလျှင် ထွက်ထိုင်နေရသည်။ ထိုသူမသေဘဲ ထိုသူကိုဖမ်းသူတွေ သေလျှင်လည်း ဘေးသို့ ထွက်ထိုင်နေရသည်။ လူအကျန်များသူက နိုင်ပြီး လူအကျန်နည်းသူက ရှုံးသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဆင်ဖြူကျွန်း အောင်သိန်း - မြန်မာ့ရိုးရာ ကျေးလက်ကစားနည်းများ၊ ၂၀၁၄၊ ဇူလိုင်လ၊ စာ-၁၂ (ပထမအကြိမ်)