တောမတ် အက်ဒွပ် လောရင့်

ဝီကီပီးဒီးယား မှ
သောမတ်စ် အက်ဒွပ် လောရင့်စ်

လောရင့်အော့ အာရေဗျ (အာရေဗျနိုင်ငံ၏လောရင့်) ဟူ၍ ထင်ရှားသော ဗြိတိသျှစစ်သည်တော်နှင့် စာရေးဆရာကြီး တောမတ်အက်ဒွပ်လောရင့်(ခရစ် ၁၈၈၈ - ၁၉၃၅)သည် အင်္ဂလန်ပြည် ဝေလနယ်မြောက်ပိုင်း ပို့မာဒေါခြံ၌ ၁၈၈၈ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖွားမြင်လေသည်။ ၁၉၁ဝ ပြည့်နှစ်အထိ အောက်စဖို့တက္ကသိုလ် ယေရှုကောလိပ်တွင် နိုင်ငံသမိုင်းနှင့် ရှေးဟောင်းပစ္စည်း တူးဖော်လေ့လာရေးပညာကို ကောင်းစွာသင်ကြား တတ်မြောက်အောင်မြင်ခဲ့ပေသည်။ အထူးသဖြင့် အာရေဗျ၊ ပါလက်စတိုင်း စသောတိုင်းပြည်များ၏ နိုင်ငံသမိုင်းစာပေစသည်တို့ကိုလေ့လာခဲ့သည်။ အခြားသောဘာသာရပ်များတွင်လည်း ကျွမ်းကျင်သည်။ ထို့နောက် ကရူးဆိတ်စစ်ပွဲများဖြစ်စဉ်က ပေါ်ပေါက်ခဲ့သော ဗိသုကာစနစ်များနှင့် အာရေဗျဘာသာစကားတို့ကို တတ်သိလို၍ လှည့်လည်သွားလာစုံစမ်းခဲ့သည်။ ဗဟုသုတ ပြည့်စုံလာသောအခါ ဒီ ဂျီ ဟို့ဂတ် နှင့်အတူ ယူဖရေးတီးမြစ်ဝှမ်း ဂျာဗလူးအရပ်သို့ ရှေးဟောင်းသမိုင်းသိုက်များ ကိုတူးဖော်ရန် လိုက်ပါခဲ့လေသည်။ ပထမကမ္ဘာစစ် ဖြစ်စအချိန်ထိ ရှေးဟောင်းပစ္စည်များကို တူးဖော်လေ့လာနေဆဲဖြစ်သည်။


ကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါ စစ်ထဲသို့ဝင်ရန်လျှောက်ထားသော်လည်း လောရင့်သည် အရပ်ပုသူဖြစ်သောကြောင့် တိုက်ပွဲများသို့ လိုက်ရ သောတပ်တွင် ဝင်ခွင့်မရပေ။ စစ်ရုံး မြေပုံဆွဲဌာန တပ်ခွဲကလေး တစ်တပ်တွင်သာ အမှုထမ်းခဲ့ရသည်။ သို့သော် မိမိနှင့်ဆိုင်ရာ တာဝန်များကို ကောင်းစွာထမ်းဆောင်ခဲ့ရကား အီဂျစ်နိုင်ငံရှိ စစ်ထောက်လှမ်းရေးဌာနကို ဦးစီးရန် စေလွှတ်ခြင်းခံရသည်။ နောက်များမကြာမီပင် ဗိုလ်မှူးကြီး အဆင့်အတန်းဖြင့် တူရကီအား ပုန်ကန်လျက်ရှိသော အာရပ်များကို လှုံ့ဆော်ပေးပြီးလျှင် အာရပ်တို့ဘက်မှနေ၍ တိုက်စစ်ဆင်ရန် အာရေဗျနိုင်ငံသို့ စေလွှတ်ခြင်းခံရ၏။ လောရင့်သည် ထိုအာရပ်ပုန်ကန်မှုကြီးတွင် ပြောက်ကျားစနစ်ကို စတင်အသုံးပြုသူဖြစ်သည်။ ပြောက်ကျားစနစ် စစ်ဆင်မှုတွင် လောရင့်သည် အတန်ပင် နာမည်ထွက်ခဲ့လေသည်။ သူ၏ စစ်ပရိယာယ်နှင့် နိုင်ငံရေးရာ ဆက်ဆံကျွမ်းကျင်မှုကြောင့် တူရကီတို့အား အောင်နိုင်ရုံမျှမက ဆီးရီးယား နိုင်ငံ ဒမက်စကပ်မြို့တော်ကိုပင် သိမ်းပိုက်နိုင်ခဲ့လေသည်။ အာရေဗျနိုင်ငံသို့ လောရင့်ရောက်စဉ်က အာရပ်အင်အားစုများမှာ ဖရိုဖရဲဖြစ်ကာ စိတ်ဓာတ်ပျက်ပြား ကျဆင်းနေချိန်ဖြစ်သော်လည်း လောရင့်၏ မနားမနေကြိုး ပမ်းမှု၊ ဆက်ဆံရေးကျွမ်းကျင်မှုတို့ကြောင့် အာရပ်လူမျိုးတို့၏ အသည်းစွဲ ယုံကြည်ကိုးစားခြင်းခံရသူတစ်ဦးဖြစ်လာပြီးလျှင် အရာရာတွင် သူ၏ဩဇာညောင်းခဲ့သဖြင့် တူရကီတို့အား အောင်နိုင်ခဲ့ခြင်းဖြစ်၏။ လောရင့်သည် အာရေဗျနိုင်ငံ၌ မည်မျှစိတ်ဝင်စားခဲ့သနည်းဟူမူ ထိုအာရပ်ပုန်ကန်မှုကြီးတွင် အာရပ်လူမျိုးများထက် စိတ်အားထက်သန်ကာ လောရင့်သည် အစားပျက်၊ အသောက်ပျက်၊ အအိပ်ပျက်ခံ၍ ကုလားအုပ်စီးကာ နေ့ရောညဉ့်ပါ လှည့်လည်ကာ စည်းရုံးလှုံ့ဆော်မှုပြုသည်ဟုပင် အာရပ်လူမျိုးများက ဆိုကြလေသည်။ ထိုမျှသာမကသေး အင်္ဂလိပ်အဝတ်အစားကိုပင်စွန့်ကာ အာရပ်လူမျိုးတို့၏ အဝတ်အစားကိုဝတ်ဆင်၍ နေထိုင်ခဲ့သူဖြစ်လေသည်။ ထိုသို့ စွန့်စားအောင်မြင်မှုကြောင့် ဗြိတိသျှအစိုးရတို့က ဘွဲ့ထူးများဖြင့် ချီးမြှင့်ခဲ့သော်လည်း ဂုဏ်ပကာသနကို မလိုလားသော လောရင့်သည် လက်မခံဘဲ သာမန်ပုဂ္ဂိုလ်အနေနှင့် ဆက်လက်ဆောင်ရွက်လေသည်။ ဓာတ်ပုံကိုပင် အရိုက်မခံပေ။ ဗြိတိသျှအစိုးရကသာမဟုတ် အာရပ်လူမျိုးများ ကလည်း သူ့အား အာရပ်တို့၏ အာဇာနည်အဖြစ် အသိအမှတ်ပြုထားလေသည်။ အာရေဗျနိုင်ငံ၏ သရဖူမဆောင်းသော ဘုရင်ဟုပင် ချီးကျူးဆိုစမှတ် ပြုကြ၏။ ထိုကြောင့် သူ့အား အာရေဗျနိုင်ငံ၏ လောရင့်ဟုခေါ်တွင်ကြရာ ထိုအမည်ဖြင့် ကျော်ကြားလေသည်။


၁၉၁၉ ခုနှစ်တွင် ပါရစ်မြို့၌ ကျင်းပသော ငြိမ်းချမ်းရေးကွန်ဖရင့်သို့ လောရင့် တက်ရောက်ခဲ့ရ၏။ ထိုဆွေးနွေးပွဲတွင်လည်း လောရင့်သည် အာရပ်လူမျိုးတို့ဘက်မှ အရေးဆို၍ အခွင့်အရေးများကို တောင်းဆိုဖူးလေသည်။ ပါလက်စတိုင်၊ မက်ဆိုပိုတေးမီးယားနှင့် အေဒင်နယ်များကို ဗြိတိသျှ ကိုလိုနီဆိုင်ရာရုံးက အုပ်ချုပ်ရရာ လောရင့်အား ၁၉၂၁ ခုနှစ်တွင် အာရပ်ရေးရာအကြံပေးအရာရှိအဖြစ် ခန့်အပ်လိုက်လေသည်။ သို့ရာတွင် အာရပ် လူမျိုးတို့အပေါ် ဗြိတိသျှတို့၏ ဆက်ဆံပုံကို မကျေနပ်သဖြင့် ၁၉၂၂ ခုနှစ်တွင် ကိုလိုနီဆိုင်ရာရုံးတော်မှ နုတ်ထွက်လိုက်၍ ဘုရင့်လေတပ်မတော်တွင် ဝင်ရောက်အမှုထမ်းသည်။ ဝါဒဖြန့်မှု၊ ဗန်းပြမှုများ ပေါများသဖြင့် ပကာသနမကြိုက်သူ လောရင့်သည် လေတပ်မတော်တွင် ရော့စဟု အမည်ပြောင်းကာ အမှုထမ်းနေရာမှထွက်၍ တင့်ကားတပ်စုတွင် ရှောဟု အမည်ပြောင်းကာ ဝင်ရောက်ထမ်းရွက်ပြန်လေသည်။ တစ်ဖန် ၁၉၂၅ ခုနှစ်တွင် ထိုအမည်ဖြင့်ပင် လေတပ်မတော်သို့ မထင်မရှား ဝင်ရောက်အမှုထမ်းရာ အိန္ဒိယနိုင်ငံ အနောက်မြောက်နယ်စပ်သို့ပင် ရောက်ခဲ့၏။ ၁၉၃၅ ခုနှစ်တွင် လေတပ်မတော်မှ ထွက်ခဲ့၍ ထိုနှစ်အတွင်း မေလ၊ ၁၃ ရက်နေ့၌ အင်္ဂလန်ပြည် ဒိုဆက်ရှိုင်ယာတွင် မော်တော်ဆိုင်ကယ်နှင့် မတော်တဆတိုက်မိသောကြောင့် ဒဏ်ရာအကြီးအကျယ်ရလေသည်။ ၁၉၃၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ထိုဒဏ်ရာဖြင့်ကွယ်လွန်လေသည်။ သူသည် အာရေဗျနိုင်ငံတွင် စစ်အတွင်းအတွေ့အကြုံ ဗဟုသုတများကို အခြေခံလျက် အသိဉာဏ်၏ မဏ္ဍိုင်ခုနစ်ခု ဟူသော စာအုပ်ထူးကို ရေးသားထုတ်ဝေခဲ့သည်။ ထို့ပြင် သူသည် အော့ဒိဆီဂရိကဗျာကြီးကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ရာ အကောင်းဆုံးသော အင်္ဂလိပ်ဘာသာပြန်ချက်များတွင် အပါအဝင်ဖြစ်သည်ဟု ဆိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)