မာတိကာသို့ ခုန်သွားရန်

တောင်လေးလုံးဆရာတော်

ဝီကီပီးဒီးယား မှ
ဘဒ္ဒန္တပညာကေတ
ဘာသာဗုဒ္ဓဘာသာ
ဂိုဏ်းထေရဝါဒ
ကျောင်းတိုက်တောင်လေးလုံးကျောင်းတိုက်
ရဟန်း အမည်အရှင်ပညာကေတ
ကလောင်အမည်ကိုပညာ (အမရပူရ)
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား(1933-01-05)ဇန်နဝါရီ ၅၊ ၁၉၃၃
အရှေ့ဆင်တိုင်ရပ်၊ တောင်ကြီးရပ်ကွက်၊ အမရပူရမြို့
ကွယ်လွန်မေ ၂၁၊ ၂၀၁၆(2016-05-21) (အသက် ၈၃)
တောင်လေးလုံးကျောင်းတိုက်၊ အမရပူရမြို့
မိဘသိန်းဖေ + အေးရွှေ
ရာထူး တာဝန်
ဂုဏ်ဒြပ်တောင်လေးလုံးကျောင်းတိုက် ပဓာနနာယက
ဘာသာရေးရာ
ဆရာ(များ)အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

တောင်လေးလုံးဆရာတော် ဘဒ္ဒန္တပညာကေတ (သီရိပဝရဓမ္မာစရိယ) (၅ ဇန်နဝါရီ ၁၉၃၃ – ၂၁ မေ ၂၀၁၆) သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဖြစ်သည်။ ဆရာတော်သည် သာသနာရေးနယ်ပယ်တွင် ထင်ရှားသည့်အပြင် “ကိုပညာ (အမရပူရ)” ကလောင်အမည်ဖြင့် စာပေများ ရေးသားသော အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။[၁]

ရဟန်းဘဝ

[ပြင်ဆင်ရန်]

ဆရာတော်ကို အဘ ဦးသိန်းဖေ၊ အမိ ဒေါ်အေးရွေတို့က အမရပူရမြို့ တောင်ကြီးရပ်ကွက် အရှေ့ဆင်တိုင်ရပ်တွင် မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက် (ခရစ်နှစ် ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) တွင် ဖွားမြင်ခဲ့သည်။ငယ်မည် မောင်မြသောင်း ဖြစ်သည်။ ခြောက်နှစ်သားအရွယ်တွင် တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းသို့ ရောက်ရှိ၍ စာပေပညာသင်ယူခဲ့သည်။ ကိုးနှစ်သားအရွယ်တွင် ရှင်သာမဏေ ပြုခဲ့သည်။ (၁၆) နှစ်သားအရွယ်တွင် အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ထံတွင် စာပေပရိယတ်များ သင်ကြား၍ ဓမ္မာစရိယ အောင်မြင်ခဲ့သည်။[၂]

စာပေဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

၁၉၅၅ ခုနှစ်ခန့်တွင်[၃] စုံထောက်ဝတ္ထုမဂ္ဂဇင်း၌ ဆောင်းပါးတစ်ပုဒ်၊ ဝတ္ထုတစ်ပုဒ် ရေးသား၍ စာပေလောကသို့ စတင်ဝင်ရောက်လာခဲ့သည်။ ထို့နောက် မြဝတီမဂ္ဂဇင်း အမှတ် (၉၉) တွင် တောင်သမန်၏နံနက်ခင်း ကဗျာပါရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သွေးသောက်မဂ္ဂဇင်း၌ ဆောင်းပါးများ ဆက်လက်ရေးသားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကိုပညာ (အမရပူရ) ကလောင်အမည် ခံယူ၍ ငွေတာရီမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဦးဝင်းတင်၏ မန္တလေးမြို့ ဟံသာဝတီသတင်းစာနှင့် အခြားမဂ္ဂဇင်းများတွင်ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၅၈-၆၇ ခုနှစ်များတွင် ဗိုလ်မှူးဘသောင်း (မောင်သုတ) ၊ မန္တလေးမြို့ အနောက် ခင်မကန်ကျောက်ဆောက်ကျောင်းဆရာတော် အရှင်ဝါယမ၊ မန္တလေးတက္ကသိုလ်က ဆရာ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း စသည်တို့နှင့်အတူ တိမ်မြုပ်ရှားပါးနေသော မြန်မာစာပေနှင့် သမိုင်းစာပေများကို ဖော်ထုတ် လေ့လာခဲ့သည်။ စာတမ်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။၁၉၉၇ ခုနှစ်တွင် တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေသာ ဝိဇ္ဇာဘာသာရပ်) ကို ရရှိခဲ့သည်။

ထင်ရှားဖြစ်စဥ်များ

[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်းရှိ ဆရာတော် သီတင်းသုံးနေထိုင်ရာကျောင်းဖြစ်သည့် တောင်လေးလုံးကျောင်းတိုက်ကို အစွဲပြုကာ တောင်လေးလုံးဆရာတော် အဖြစ် လူသိများခဲ့သည်။ ၁၉၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ အသက် (၇ဝ) ပြည့် မွေးနေ့မှစ၍ အမရပူရ တောင်လေးလုံး ကျောင်း၌ ဆရာတော်သည် မွေးနေ့ပွဲ နှစ်စဉ် ကျင်းပခဲ့သည်။တောင်လေးလုံး မွေးနေ့ပွဲများသည် ဆရာမကြီး လူထုဒေါ်အမာ ၏ ခိုင်မာသော စာပေဩဝါဒများကို အစဉ်အဆက် ခံယူခဲ့သည့် မွေးနေ့အခမ်းအနားများအဖြစ် ထင်ရှားကျော်ကြားခဲ့သည်။နဝတ/နအဖ စစ်အစိုးရခေတ်တလျှောက် တင်းကြပ်ထားသည့်ကြားမှ လူထုဒေါ်အမာမွေးနေ့များ၊ စာပေအခမ်းအနားများ လက်ခံကျင်းပခွင့်ပေးသဖြင့် စာရေးဆရာများ ဒီမိုကရေစီမြတ်နိုးသူများ စုစုစည်းစည်း ဆုံတွေ့နိုင်ခဲ့ကြသည့်နေရာလည်း ဖြစ်ခဲ့သည်။

ဆရာတော်၏ ကျောင်းကို ထောက်လှမ်းရေးအဖွဲ့များက စောင့်ကြည့်ခဲ့သော်လည်း ဆရာတော်သည် ခိုင်မာသည့် ရပ်တည်ချက်ဖြင့် ကြံ့ကြံ့ခံခဲ့သဖြင့် စာပေလောကသားများ၏ လေးစားကြည်ညိုမှုကို ရရှိခဲ့သည်။ ဦးဝင်းတင်သည် ၂၀၁၀ ပြည့်နှစ်တွင် မန္တလေးမြို့သို့ ခရီးထွက်စဉ် ဆရာတော်ထံသို့ ဝင်ရောက်ဖူးမြော်ခဲ့သည်။

ဆရာတော်သည် ကျောင်းဝင်းအတွင်း အမှတ်တရသစ်ပင်များ စိုက်ပျိုးခြင်းနှင့် အမှတ်တရကျောက်တုံး၊ ကျောက်တိုင်များ စိုက်ထူခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဆရာဦးဝင်းတင်၊ ဆရာတင်မိုး၊ ဆရာမြသန်းတင့်၊ ဆရာမကြီး ခင်နှင်းယု၊ ဆရာငွေဥဒေါင်း၊ ဆရာကြီး မဟာဆွေ၊ ဆရာဒဂုံတာရာ စသည့် စာရေးဆရာနှင့် ကဗျာဆရာများအတွက် အမှတ်တရကျောက်တုံး၊ ကျောက်တိုင်များ စိုက်ထူခဲ့ပြီး အများအကျိုးကို ဦးစားပေးဆောင်ရွက်သူများနှင့် ပြည်သူလူထုဘက်မှ ရပ်တည်ခဲ့သည့် စာပေပညာရှင်များကို အလေးအမြတ်ပြု မှတ်တမ်းတင်ခဲ့သည်။[၄]

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၃၇၈ ကဆုန်လပြည့်နေ့ စနေနေ့မနက်ပိုင်း ကောဇာသက္ကရာဇ် ၂၀၁၆ မေလ ၂၁ ရက်မနက် ၁၀နာရီခန့်တွင် တောင်လေးလုံးကျောင်းတိုက်၌ပင် ပျံလွန်တော်မူသည်။ဈာပနအခမ်းအနား ကို ကျောင်းဝင်းအတွင်းရှိ သူဌေးဘုရား ရင်ပြင်တွင် မေ ၂၄ မနက် ၉ နာရီကကျင်းပခဲ့သည်။ ကျွင်းကျန်ရစ်သော ရုပ်ကလာပ်ကို နေ့လယ် ၁၂ နာရီတွင် ကျောင်းနှင့် ကပ်လျက်ရှိ လင်းဇင်းကုန်းသုဿန်၌ မီးပူဇော်သင်္ဂြိုဟ်သည်။[၅]

ဈာပနတွင် သံဃာ ၈၅ ပါးက သရဏဂုံတင်ကြပြီး အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များအပြင် စာပေအနုပညာနယ်ပယ်မှ ထင်ရှားသော ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။ ပျံလွန်ချိန်တွင် သက်တော် (၈၄)၊ ဝါတော် (၆၄) ရှိပြီဖြစ်သည်။[၆]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ link၊ Get (2016-05-21)။ ဆရာတော် ကိုပညာ (အမရပူရ) ဘဝနတ်ထံပျံလွန်တော်မူ (in en)။ 2026-08-20 တွင် ပြန်စစ်ပြီး။
  2. ↑ တောင်လေးလုံးဆရာတော် ပျံလွန်တော်မူပြီ (in my) (2016-05-21)။ 2026-08-20 တွင် ပြန်စစ်ပြီး။
  3. ↑ "ပျံလွန်တော်မူသည့် တောင်လေးလုံး ဆရာတော်အား လင်းဇင်းကုန်းသုဿ န်တွင် မီးသင်္ဂြိုဟ်"။ မေ ၂၅ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. ↑ ရဟန်းစာဆို ကိုပညာ(အမရပူရ) ဈာပနအခမ်းအနား (ဓာတ်ပုံ) (in my)။ 2026-08-20 တွင် ပြန်စစ်ပြီး။
  5. ↑ မခွာညို (2016-05-21)။ တောင်လေးလုံးဆရာတော် ပျံလွန်တော်မူ (in my)။ 2026-08-20 တွင် ပြန်စစ်ပြီး။
  6. ↑ တောင်လေးလုံးဆရာတော် ဈာပန ကျင်းပ (in my) (2016-05-24)။ 2026-08-20 တွင် ပြန်စစ်ပြီး။